မြန်မာအစိုးရသစ်နဲ့ သတိထားဆက်ဆံဖို့ အိန္ဒိယကိုတိုက်တွန်း

Sunday, August 28, 2011

အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စင်တာ IIC မှာ ဒီနေ့ ညနေကကျင်းပခဲ့တဲ့ Democratization and Reconciliation: Burma at Crossroads ဆွေးနွေးပွဲ (ဓာတ်ပုံ - ဧရာဝတီ)

ဒီဆွေးနွေးပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေပေါ်မူတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီးပေါ်လာတဲ့ အစိုးရသစ်ကို ယုံကြည်မှုမလွန်ကဲဖို့၊ သတိထားဆက်ဆံဖို့ အိန္ဒိယရောက်မြန်မာအတိုက်အခံတွေက အိန္ဒိယအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
 

အင်အားကြီးဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယအနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေကို အမှန်အတိုင်း သိရှိနားလည်ဖို့လိုအပ်တယ်၊ မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးကူညီဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို ထိုင်း-မြန်မာနယ်စပ်က မြန်မာအတိုက်အခံအင်အားစုတွေ၊ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ အိန္ဒိယ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

-----

ဒေါ်ရှယ်လီဆိုင်း
နိုင်ငံခြားရေးရာ တာဝန်ခံ
ကချင်အမျိုးသမီးများအဖွဲ့ (ထိုင်းနိုင်ငံ)

ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ လတ်တလောဖြစ်နေတဲ့ ထိုးစစ်တွေကြောင့် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေ၊ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီထားမှု အခြေအနေ၊ မြန်မာအစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးလုပ်ဆောင်နေမှုတွေ၊ နယ်ခြားစောင့်တပ်လုပ်ဖို့ သဘောမတူတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ပွားနေမှုအခြေအနေတွေကို တင်ပြပြီး အိန္ဒိယလို အိမ်နီးချင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကို လေးစားသောအားဖြင့်၊ လူသားချင်းစာနာသောအားဖြင့် မြန်မာအစိုးရကို စစ်ရေးအရ ကူညီထောက်ပံ့မှုတွေ မပေးဖို့၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပြည်တွင်းစစ်တွေ အပြီးတိုင်ရပ်စဲအောင် မြန်မာအစိုးရကို ဖိအားပေးဖို့လိုအပ်တယ်လို့ ဆိုပါတယ်။
-----

ဦးညိုအုန်းမြင့်
နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

မြန်မာနိုင်ငံက လက်ရှိအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပေါ်လာတဲ့ စစ်အစိုးရ ကျောထောက်နောက်ခံ အစိုးရသာ ဖြစ်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ လတ်တလောအခြေအနေတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန်က တွေ့ဆုံတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ဖိတ်ခေါ်တာ၊ ကုလသမဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ကင်တားနားကို မြန်မာပြည်လာဖို့ ဖိတ်ခေါ်တာ စတဲ့လုပ်ရပ်တွေဟာ ဒီမိုကရေစီစနစ်ဖြစ်ထွန်းလာပြီလို့ ယတိပြတ်ပြောလို့ မရသေးပါဘူး။ အိန္ဒိယအစိုးရအနေနဲ့ အစိုးရသစ်ကို ယုံကြည်စိတ်ချပြီး မြန်မာ့အရေးနှုတ်ဆိတ်နေမှာမျိုး မလုပ်သင့်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေ၊ အထူးသဖြင့် တရုတ်အစိုးရက မြန်မာနိုင်ငံထဲမှာ စီးပွားရေး ရင်းနှီးမြုပ်နှံတာတွေ လုပ်နေသလို အိန္ဒိယကလည်း လုပ်လာနေကြတဲ့အခါမှာ စီးပွားရေးတခုထဲကိုပဲ မကြည့်ပဲ မြန်မာပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ စစ်အစိုးရကျောထောက်နောက်ခံ အစိုးရသစ်ရဲ့ ကစားကွက်အပေါ် ခြေလှမ်းမှားမနင်းမိဖို့ သတိမူသင့်ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ အိန္ဒိယရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။
------

ဒေါ်ခင်ဥမ္မာ
နိုင်ငံခြားရေးရာတာဝန်ခံ
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)

နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာ့ဒီမိုကရေစီရေးနဲ့ပတ်သက်ရင် ထိထိရောက်ရောက် သေသေချာချာစဉ်းစားပြီး လုပ်ဖို့လိုပါတယ်။ ရွေးကောက်ပွဲပြီး အစိုးရသစ်တက်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရဖြစ်လာပြီလို့ ထင်မြင်မှုတွေနဲ့အတူ မြန်မာနိုင်ငံဟာ ဈေးကွက်သစ်တခုဖြစ်လာနေပါတယ်။ ဥပမာအားဖြင့် တရုတ်နိုင်ငံဆိုရင် မြန်မာနိုင်ငံက သယံဇာတတွေ၊ သဘာဝ အရင်းအမြစ်တွေကို ပုံစံအမျိုးမျိုးနဲ့ရယူဖို့ ကြိုးစားနေတာတွေက အားလုံးအသိပါပဲ။

နိုင်ငံတကာက မြန်မာ့အရေးကို စောင့်ကြည့်နေပါတယ်၊ စောင့်ကြည့်နေပါတယ်သာ ပြောနေတာ အချိန်တွေ ကြာလာတာနဲ့အမျှ ပြည်သူတွေ ဖိနှိပ်ခံနေရတာတွေက တနေ့တခြား ပိုလို့သာ များလာပါတယ်။ ဒီအာဏာရှင်တွေနဲ့ ဆက်ဆံတဲ့အခါ ကလေးကစားသလို မလုပ်ဖို့ လိုပါတယ်။ သတိနဲ့ဆက်ဆံဖို့ လိုပါတယ်။ အခုဖြစ်နေတဲ့ ပြည်ပရောက်နိုင်ငံသားတွေကို ပြန်ခေါ်နေတဲ့ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေဟာ ပွင့်လင်းမြင်သာမှုမရှိသလို ဒီလိုအဖြစ်အပျက်တွေရဲ့နောက်မှာ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းခိုင်းနေတာတွေ၊ အာဆီယံမှာ ဥက္ကဌနေရာရဖို့ ကြိုးပမ်းတာ စတာတွေကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ ကိုယ့်အကျိုးစီးပွားတခုကိုပဲ ကြည့်တဲ့သူတွေဆိုတာ မမေ့သင့်ပါဘူး။ 

အိမ်နီးချင်းလည်းဖြစ်၊ ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီးနိုင်ငံတခုလည်းဖြစ်တဲ့ အိန္ဒိယအနေနဲ့သာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီရေးလုပ်နေတဲ့သူအားလုံး အားရကြမှာပါ။
-----

Prof. Baladas Ghoshal
ဧည့်ပါမောက္ခ
နိုင်ငံရေး သုတေသနဌာန၊ Jamia Milia Islamia University

မြန်မာနိုင်ငံအတွက် အမျိုးသားရင်ကြားစေ့ရေးက အရေးအကြီးဆုံးဖြစ်လို့ ဒါကို လုပ်ကိုလုပ်ရမယ်။ ဒီအတွက် အစိုးရဖက်ကရော အတိုက်အခံတွေဖက်ကရော နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ မဟုတ်ရင် အမျိုးသားရင်ကြားစေ့ရေးအတွက်က အင်မတန်ခက်ခဲလိမ့်မယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ကလည်း မဖြစ်မနေလိုအပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင်ဖြစ်ရေးတခုကိုပဲ ဦးစားပေးနေရင်တော့ အဆင်ပြေမယ်လို့ ကျနော်မထင်ဘူး။ ကျနော့်အမြင်မှာတော့ ဒါက အတိတ်မှာ ကျန်ခဲ့ပြီးသားဆိုတော့ ဒါကို ပြန်တောင်းဆိုနေဖို့ကို ခက်ခဲလိမ့်မယ်။ မြန်မာ့နိုင်ငံရေးမှာက ဒေါ်အောင်ဆန်းစုကြည်က အခရာဖြစ်တယ်။ သူမအနေနဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေမှာ မားမားမတ်မတ်ရပ်တည်ပြီး အစိုးရကို ဦးဆောင်သွားနိုင်ဖို့အတွက် ကြိုးပမ်းသွားဖို့လိုနေတယ်။ ဒီအတွက်ကတော့ အချိန်တွေ အများကြီးပေးရလိမ့်မယ်။

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုပြီး ဒါတွေလုပ်မယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးမယ်ဆိုတာမျိုး ကုလသမဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေက သိမ်းသွင်းစည်းရုံးပြောဆိုမှုကို ထိထိရောက်ရောက်လုပ်သင့်တယ်။
-----

ဒေါက်တာတင့်ဆွေ
ပြန်ကြားရေးဝန်ကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အနေအထားကို ကျနော်တို့အမြင် ရှုထောင့်ကနေ တင်ပြခွင့်ရသလို၊ အိန္ဒိယဖက်ကလည်း ဒီအပေါ်ကနေ သူတို့အစိုးရကို တစုံတရာ ပြောနိုင်လိမ့်မယ်လို့ ယူဆပါတယ်။

သူတို့ဖက်ကလည်း အကြံပေးချက်တွေကတော့ အမျိုးမျိုးရှိတယ်ခင်မျ။ အတွေ့အကြုံများတဲ့ သူတွေကတော့ အိန္ဒိယရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ ပေါ်လစီဟာ အိန္ဒိယက တန်ဖိုးထားအပ်တဲ့ ပဋိညာဉ်တွေက အရေးကြီးတယ်ဆိုတဲ့ အချက်နဲ့၊ နောက်တခါ မြန်မာအစိုးရပေါ့လေ ဘယ်လိုဖြစ်ဖြစ် နာမည်ဖြစ်ဖြစ် အ၀တ်အစားဖြစ်ဖြစ် ပြောင်းထားတယ်ဆိုပေမယ့် အိန္ဒိယမှာရှိတဲ့ သမတနဲ့ ၀န်ကြီးချုပ်နဲ့ပြောတာမဟုတ်ပဲနဲ့ တခြားသောအဆင့်တွေမှာလည်း တွဲပြီးတော့ စကားပြောကြဖို့ အကြံပေးတာ တော်တော်ကောင်းပါတယ်။ ဥပမာ အခုတက်လာတဲ့ လွှတ်တော်အမတ်တွေက ဘယ်လိုတက်လာတက်လာ အမတ်ဖြစ်နေတော့ အိန္ဒိယအမတ်တွေနဲ့ လာပြောဖို့ ဖိတ်သင့်တယ်ဆိုတဲ့ အကြံပေးတာမျိုးပေါ့။ နောက်တခုက မြန်မာပြည်မှာ ပညာရှင်တွေက နေရာတနေရာ ရလာတယ်ဆိုတဲ့အနေအထားမျိုးရှိတော့ အိန္ဒိယပညာရှင်တွေနဲ့လည်း စကားပြောပြီး အတွေ့အကြုံဖလှယ်နိုင်ကြရင်တော့ နိုင်ငံအကျိုးရှိမယ်လို့ အကြံပေးကြတယ်။ 
-----
ဆွေးနွေးပွဲလာတဲ့ အခြားသော မြန်မာ့အရေးစိတ်ဝင်စားသူတွေ၊ လူမှုရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း မြန်မာအတိုက်အခံတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပြင် အနောက်နိုင်ငံတွေကိုလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လှုံဆော်စည်းရုံးမှုတွေ တိုးမြင့်လုပ်သွားဖို့လိုတဲ့အကြောင်း၊ ကိုယ့်နိုင်ငံအရေးကို သူတပါးနိုင်ငံတွေက ၀င်ရောက်ဖြေရှင်းပေးတဲ့အခါမှာ ဖြစ်လာမယ့်အကျိုးအပြစ်တွေကိုလည်း သတိမူသင့်တဲ့အကြောင်း၊ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ပဲ တွေ့ဆုံဆွေးနွေးတာတွေမလုပ်ပဲ၊ တခြားသော ပါတီဝင်အမတ်တွေ၊ အတိုက်အခံတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လိုတဲ့အကြောင်း စတာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

-----

2 comments :

  1. Anonymous said... :

    အန္ဒိယ အစိုးရကို တိုက်တွန်းတယ်ဆိုလို့ ဘယ်သူများလဲမှတ်တယ် ...

  1. Anonymous said... :

    ဘယ်သူလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved