ဦးသိန်းစိန်နှင့် လူစိမ်းတသိုက်

Sunday, August 28, 2011


ကျားပေါက်၊ သြဂုတ် ၂၈၊ ၂၀၁၁

ပြည်သူ့ဆီက မဲခိုးလို့ပဲ ပြောပြော၊ ညအိပ်မဲတွေနဲ့ အနိုင်ပိုင်းတယ်ပဲပြောပြော၊ ပြည်ခိုင်ဖြိုး အမည်ခံ အစိုးရသစ်ကတော့ နအဖ-နဝတ လက်ထက် အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတုန်း ပြည်ထောင်စုဝန်ကြီးတချို့နဲ့ သမ္မတအကြား နားလည်မှု လွဲတာတွေ တွေ့လိုက်ရပါတယ်။

နိုင်ငံတော်ရဲ့စီးပွားရေးတွေကို ပြုပြင်မှ လိုငွေပြမှုကို တစိတ်တဒေသ ထိန်းနိုင်မယ်လို့ သမ္မတက ယူဆပါတယ်။ အရင်အစိုးရလက်ထက်မှာ လုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ ပကာသနမြို့တော် ရွှေ့ပြောင်းရေး၊ မြို့တော်တည်ဆောက်ရေးကိုသာ ဆယ်စုနှစ်နှစ်ခုအတွင်း ပြည်သူတွေရဲ့ စားဝတ်နေရေးကို ကျောခိုင်းပြီး ကိုယ့်ခံစားချက်နဲ့ ကိုယ်လုပ်ခဲ့တာ နောက်ဆုံး ၂၀၁၀ ရွေးကောက်ပွဲအပြီး အခွံသာသာ ကျန်ခဲ့တဲ့ တိုင်းပြည်ကို မလည်မဝယ် ဝန်ကြီးချုပ်လက်ထဲ ထည့်ခဲ့တာပါပဲ။

ဝန်ကြီးချုပ်တဖြစ်လဲ သမ္မတသစ် ဦးသိန်းစိန်က နာဂစ်မုန်တိုင်းမှာ နဖူးတွေ့ဒူးတွေ့ နိုင်ငံတော်ရဲ့ တာဝန်ယူမှုဆိုတာကို ကြုံခဲ့ဖူးပြီး ဖြစ်ပါတယ်။ အထက်ကို အမှန်အတိုင်း မတင်ပြရဆိုတဲ့ ၁၉၆၂ စာပေါ်မှာ မရေးထားတဲ့ မြန်မာ့တပ်မတော် အရာရှိ လက်စွဲကို မကျော်ရဲသူပါ။
ဒါပေမယ့် ပြည်သူတွေဒုက္ခရောက်ရတာ ငါလည်းတာဝန်မကင်းဘူးဆိုတာ ခံစားနေရတယ်လို့ သမ္မတရဲ့ လုပ်ဖော်ကိုင်ဖက်များက ပြောဆိုကြောင်း သိရတယ်။
သမ္မတ ဘယ်လိုပဲ စဉ်းစားစဉ်းစား ဝံပုလွေတွေကြားက သိုးငယ်တကောင်လို လှုပ်တာနဲ့ ဇာတ်ပြုတ်နိုင်တယ်ဆိုတာ သူနားလည်ပါတယ်။

သမ္မတ အနေနဲ့ ဒီပြဿနာတွေကို ဝံပုလွေတသိုက်နဲ့ တွဲပြီး ရှင်းရင် ပြည်သူ ၅ သန်းကနေ ၁၀ သန်းအထိ တဘက်နိုင်ငံတွေမှာ ပြည့်တန်ဆာကနေ ဆောက်လုပ်ရေးလုပ်သားတွေအဖြစ် နေချင်းရောက်မဲ့ မြို့နေ ဘွဲ့ရ အလုပ်လက်မဲ့၊ လယ်စိုက်စရာမရှိတော့တဲ့ ကျေးလက်ပြည်သူတွေရဲ့ အခြေအနေကို မရဲတရဲဘဲ စကိုင်တယ်လို့ မြင်မိပါတယ်။

သမ္မတက တပ်ချုပ်ကို ပြန်တင်ပြဖို့ကလည်းမဖြစ်၊ တပ်ချုပ်ကလည်း အတွေ့မခံ၊ ပြည်ခိုင်ဖြိုး၊ နအဖ တူတူပုန်းတန်းကစားချိန် ရက်တရာကျော်ပြီလေ။

ဒီကြားထဲ အမိန့်မနာခံတဲ့ မီဒီယာဝန်ကြီးက တမှောင့်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်တုန်းက မျက်နှာသောပေးမိတဲ့ ဂျာနယ်တွေကို ပိတ်ရုံမက ပါးပါရိုက်ချင်တယ်လို့ ခြိမ်းခြောက်တဲ့ကြားက သမ္မတကလည်း အရဲစွန့်ရတာပါပဲ။

သမ္မတကလည်း သူမသေခင် တတ်နိုင်သမျှ လုပ်ပေးဖို့တော့ ဆန္ဒရှိပုံ ရပါတယ်။ တဖက်မှာက လုံခြုံရေးကို အကြောင်းပြ၊ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ရန် ပြည်သူတွေအတွက် အနှောက်အယှက်၊ နိုင်ငံတော်တည်ငြိမ်မှုကို ဖျက်ဆီးမယ့်သူ မလွှတ်ပါစေနဲ့လို့ နိုင်ငံတော်အတွက် ကြည့်သလိုလိုနဲ့ ကိုယ့်နေရာအတွက် စိတ်ပူသူ ရှစ်လုံး (တင်အောင်မြင့်ဦး) နဲ့နောက်လိုက် ၃ ဦး။ ရှစ်လုံးကလည်း တရုတ်ရေအားလျှပ်စစ်၊ အေးရှားဝေါလ် အကူအညီနဲ့ တိုင်းပြည်ကို ငြိမ်ပိနေအောင် အုပ်ချုပ်ချင်သူ ၂ ဖွဲ့အကြား အားပြိုင်မှုကလေးများလားလို့ ယူဆလို့ ရပါတယ်။

ဦးဖိုးစိန်၊ ရွှေမန်းတင်မောင်တို့ပြီးရင် အငိုနဲ့ဖြေဖျော်သူကတော့ မီဒီယာဝန်ကြီး ကျော်ဆန်းပါပဲ။ ဧရာဝတီကိုချစ်တတ်တဲ့၊ ဧရာဝတီက ရမယ့် ငွေတွေဆုံးသွားမလားဆိုတဲ့ ခံစားချက်နဲ့ ငိုမိရော။ သူ့ဆရာ ရှစ်လုံး ပွထားတာတွေ လူသိကုန်မှာ၊ ပေါင်ဖော်ကြီးက “ဝ လည်း စူလိုချင်တဲ့ ယွန်ထုတ်ကြီး ပေးပြီးပြီ၊ ဝ လိုချင်တာ စူမလုပ်ပေးနိုင်ရင် စူသေသွားမယ်” မပြောပေမယ့် မျက်လုံးချင်း စကားပြောရင်းက အဓိပ္ပာယ်ဖော်နိုင်တဲ့ ဒုသမ္မတ ရှစ်လုံးက မီဒီယာကို အကြံပေးထားပြီးသားပါတဲ့။

ကာကွယ်ရေးနဲ့ လုပ်ခြုံရေးကောင်စီ (ကာလုံ) မှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို ဥပဒေကြောင်းအရ အရေးယူ၊ တားဆီး၊ ထိန်းချုပ်ကြမလဲဆိုတာကို ၄ ဦးဂိုဏ်း အစည်းအဝေး မှတ်တမ်းတွေထဲ၊ ဆုံးဖြတ်ချက်တွေထဲ ရောက်ဖို့ အားရက်မယူ လုပ်အားပေးကြတယ်လို့ ဆိုပါတယ်။

အိမ်မပြန်ဘဲ နေပြည်တော် တရုတ်ဆိုင်က ခေါက်ဆွဲကြော်လောက်နဲ့ လုံလောက်ပါပြီဆိုပြီး တိုင်းပြည်အတွက် ထမင်းမေ့၊ ဟင်းမေ့ အိမ်မေ့ ဆောင်ရွက်သူက ကိုကျော်ဆန်း၊ ကိုခင်အောင်မြင့်တို့ စုံတွဲလို့ ဆိုပါတယ်။

ကိုကျော်ဆန်း ဒုတိယအကြိမ် ငိုရပါသေးတယ်။ ဒေါ်စု နေပြည်တော်ရောက်၊ ဟိုတယ်မှာရောက်ပြီး ၁၅ မိနစ်အကြာ သမ္မတဦးသိန်းစိန်က နှုတ်ခွန်းဆက်တာကို ဓာတ်ပုံမထည့်ရဆိုပြီး သူ့ရဲ့ သွေးသောက် သတင်းစာ အယ်ဒီတာချုပ်တွေကို အမိန့်ပေးပြီးသား။

သမ္မတကလည်း ကိုကျော်ဆန်းတယောက် အမိန့်ကို လွန်ဆန်တာ များလာတော့ ဘယ်သူ့ကိုမှ အသိမပေးဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခါးပိတ် အစည်းအဝေး တွေ့ဆုံဆွေးနွေးလိုက်ပါလေရော။ နေပြည်တော်သမ္မတရုံးက ပေးတဲ့သတင်းတိုလေးကို မထည့်ရင် ကိုကျော်ဆန်း အသက်နဲ့ကိုယ် အိုးစားကွဲမှာကြောက်လို့သာ ထည့်ရတာ။ ည ၈ နာရီသတင်းမှာတွေ့လို့ ကိုကျော်ဆန်းတယောက် အဆိုကျော် မင်းအောင်သီချင်း နားမထောင်ရဘဲ ကြိတ်ငိုနေရပါသတဲ့။

ဒေါ်အောင်ဆန်းစုကြည် ကော်ဖီခန်းထဲ ဝင်မလာခင် ဝင်မိနေတဲ့ ကိုကျော်ဆန်း ခံစားချက်ပြင်းလွန်းလို့ ဒေါ်စုနဲ့ မျက်နှာချင်းမဆိုင်ဘဲ ကော်ဖီခန်းမက အထွက် ခုံတလုံးကို မမြင်ဘဲ ဝင်တိုက်မိတယ်။ မီဒီယာဝန်ကြီး သူခိုးလူမိ ထွက်အပြေး ခလုတ်တိုက်မိတဲ့ ဟာသမင်းသားတယောက်လို ဖြစ်နေတာကို တခြားဝန်ကြီးတွေက ပြုံးကြပါသတဲ့။

ပြုပြင်ရေးဝန်ကြီးတချို့က ဒေါ်စုနဲ့ စကားပြော၊ အလည်အပတ်သမားတွေက တခြားစားပွဲတွေ ရွှေ့၊ ဧရာဝတီကို ခြေဆေးမယ့် ဝန်ကြီးတွေက ကော်ဖီခန်းက ပြန်ထွက်နဲ့ သမိုင်းဝင်နေ့တနေ့ကို နေပြည်တော် ကွန်ဗင်းရှင်းစင်တာမှာ တက်ရောက်ခဲ့ကြတဲ့ လူတန်းစား အလွှာအသီးသီးက ကိုယ်စားလှယ်များ အခု ကျေနော်ရေးတာ နည်းများနည်းနေသလားလို့ မေးချင်ပါတယ်။

ကိုကျော်ဆန်းရင်ထဲ နာကျင်မှုက မသေးပါ။ တပ်ချုပ်ကြီးဆီက စာပို့သမားအဖြစ် နေပြည်တော် မြို့တော်ဝန်ဆီ အကြောင်းကြားတော့တာပါပဲ။ ကိုကျော်ဆန်းက ဝါဒဖြန့်ချိရေး လုပ်နေကြအတိုင်း နားထောင်နေတာ၊ ဘယ်သူဘယ်ဝါဆိုတာ ဂရုမစိုက်နိုင်ပါ။

ပြည်သူရဲ့ ခံစားချက်ထက် မိမိခံစားချက် ရှေ့တန်းထား၊ ဧရာဝတီကို ခြေဆေး ပေါက်ဖော်နဲ့ ပေါင်းလာတာ နှစ် ၂၀ ကျော်အကြာ တိုင်းပြည်လည်း ကျွန်စုတ်တဲ့ သရက်စေ့လောက်တောင် မကျန်၊ ငါ ဘာဖြစ်ချင်နေတာလဲဆိုတာ ကိုကျော်ဆန်းရေ … မှန်ရှေ့မှာ တည့်တည့်ရပ် မေးကြည့်ပါဦးလို့ …။

3 comments :

  1. မောင်ကောင်း said... :

    စေ့စေ့တွေးကြည့်ရင်တော့ ကိုကျော်ဆန်းခမျာ သနားစရာပါပဲ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာသဘောအနေနဲ့ အမေစုနဲ့NLDပါတီဝင်များအမှုးပြုလို့ ကိုကျော်ဆန်းကို ဇာတိချက်ကြွေမွေးရပ်မြေ "ပုလဲရွာ" မှာကျောင်းထိုင်ဖို့ ရဟန်းဘောင်ထဲ သွတ်သွင်းပေးလိုက်ကြရင်တော့ဖြင့် ... :) -- မောင်ကောင်းအကြံရတာလေးတင်ပြတာပါ။

  1. ကေကေအို said... :

    မလုပ်ပါနဲ့ ဆရာမောင်ကောင်းရယ်
    သာသနာတော် ညစ်နွမ်းသွားပါ့မယ်။ သင်္ကန်းဝတ်ကြီးနဲ့ ငိုနေပြန်ရင်လဲ မကောင်းပါဘူး ဆရာမောင်ကောင်းရယ်။

  1. Anonymous said... :

    မြစ်စုံရေကာတာကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ အချိန်ကစလို့..ရုပ်ပျက်ဆင်းပျက်ဖြစ်ေ
    လာက်အောင်လိုက်လျောနေတာတွေ့နေရပါတယ်.တရုတ်ပြည်က ၇၀ရာနှုန်း.နိုင်ငံတော်က၁၀ရာနှုန်း.
    ..ပွဲစားက ၂၀ ရာနှုန်းတောင်ရမှာဆိုတော့ ဒီပွဲ ပျက်မှာသေမလောက်ကြောက်နေကြတယ်..
    .လွတ်တော်မှာလည်း..ဘယ်သဒေါင်းဇားကမှ
    ဒီစီမံကီန်းကို ကန့်ကွက်ပါတယ်ဆိုတာ..ရဲရဲမပြော
    ရဲကြပါလားဗျာ..ဧရာဝတီစီးနေကရွေ့...နှစ်စဉ်ဒေါ်လာသန်း
    ၁၀၀၀ကျော်...စားပေတော့ သန်းရွေရေ......

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved