ဒေါ်စု မညံ့ပါ

Tuesday, August 30, 2011

.






ရွှေပြည်စိုး

ဒီတလော ဒေါ်အောင်ဆန်းစုကြည် နဲ့ ကြံ့ဖွတ်အစိုးရ တို့ “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်နေကြတာ အားလုံးအသိပါ။
ဒီလို “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်လာဖို့အကြောင်းက လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ တိုင်းရင်းသားလူမျိုးစုအရေး … စတဲ့ အကျပ်အတည်းတွေ တွေ့နေရာကနေ လျော့ပါးလွတ်မြောက်အောင် “ဟန်ဆောင်စကားဝိုင်း” ဖွဲ့တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်လောက်ပါတယ်။
ဒီအာဏာရှင်တွေဟာ နိုင်ငံမှာ အကျပ်အတည်းတွေ့တိုင်း ဒီလိုလုပ်လေ့ရှိတယ်ဆိုတာလည်း အားလုံးသိပြီး လောက်ပါပြီ။ ပြီးရင် အရင်အတိုင်း လူ့အခွင့်အရေးကို ဆက်လက်ချိုးဖောက်တာပါပဲ။ အထင်ရှားဆုံးကတော့ ၂၀၀၃ ခုနှစ်၊ မေလ - ၃၀ ရက် ည ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး တို့အဖွဲ့ကို လုပ်ကြံတာဖြစ်တယ်။ ဒေါ်စု၊ ဦးတင်ဦး တို့ အသက်မသေခဲ့ပေမယ့် အကျယ်ချုပ်ချထားခြင်း ခံလိုက်ရပါတယ်။
အကျယ်ချုပ်လွတ်ရက်စေ့ခါနီးမှ အမေရိကန်နိုင်ငံသား ယက်ထော နဲ့ အပေးအယူလုပ်ပြီး၊ ဒေါ်စု ကို အကျယ်ချုပ် သက်တမ်းထပ်တိုးခဲ့ပါတယ်။ ဒေါ်စု ခမျာ မိအေး(၃)ခါနာ ဖြစ်ခဲ့ရပါတယ်။ လုပ်ကြံတာကိုလည်း ခံရသေး၊ အကျယ်ချုပ်လည်းခံလိုက်ရတဲ့အပြင် အမှုဖန်တီးပြီး သက်တမ်းတိုးခြင်းကိုလည်းခံခဲ့ရပါတယ်။
နအဖ စစ်အာဏာရှင်တွေဟာ ဒီလိုကောက်ကျစ်ယုတ်မာတယ် ဆိုတာလည်း လူတိုင်းအသိပါ။ ဒါကိုလည်း ခံရသူ ဒေါ်စု က သူများထက် ပိုသိနိုင်ပါတယ်။
ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့ ၂၅-၇-၂၀၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး “နှစ်ဘက်ပူးပေါင်းဆောင်ရွက်မယ်” လို့ဆိုပြီး ကမ္ဘာကို လှည့်စားဦးမယ်ဆိုတာလည်း သိပြီးသားပါ။
နောက်တစ်ဖန် သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်ကို ဖိတ်မန္တက ပြုပြီး
၁၉-၈-၂၀၁၁ မှာ တွေ့ဆုံဆွေးနွေးပြန်တယ်။ ဒါလည်း နိုင်ငံတကာကို “နိုင်ငံတော်အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ဆွေးနွေးတယ်” ဖြစ်အောင် ဟန်ပြလုပ်ပြတာပဲ ဖြစ်ပါတယ်။ အနှစ်သာရ ရှိတဲ့ဆွေးနွေးပွဲ မဟုတ်ပါဘူး။
ဒီလို ကြံ့ဖွတ်အစိုးရ အရာရှိ ၂ ဦးက ဒေါ်အောင်ဆန်းစုကြည် ကို ချဉ်းကပ်တာဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် စိတ်ကောင်းစေတနာရှိလို့ မဟုတ်ပါ။ အထက်ဖေါ်ပြပါ အကျပ်အတည်းတွေ လျော့ပါးလွတ်မြောက်အောင်နဲ့ ၂၀၁၄ ခုနှစ် မှာ အာဆီယံ ဥက္ကဋ္ဌ လုပ်ချင်လို့ ဒီလို ဟန်ပြဆွေးနွေးပွဲ လုပ်တယ် ဆိုတာကိုလည်း အားလုံး သိပြီးသားပါ။ အဓိက ကတော့ သူတို့ အာဏာတည်မြဲရေးအတွက် အကွက်ဆင်တယ် ဆိုတာလည်း သိကြပါတယ်။
ခုလတ်တလော ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ တက်ကြွသူတွေထဲက တချို့က “ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ဖွတ်အစိုးရဘက် ပါသွားပြီလား” ဆိုတဲ့ အတွေးတွေ ဝင်နေတာကို သိရပါတယ်။ ဒီလို စိုးရိမ်လို့ တွေးတာလည်း မှားတယ်လို့ အပြစ်မပြောသင့်ပါ။ ဒါပေမယ့် ဒေါ်စုက ဒီလောက်မညံ့ပါဘူး။ စိတ်ချပါ။ ဒေါ်စုဟာ ဘယ်တော့မှ ဒီမိုကရေစီဘက်တော်သားတွေနဲ့ ပြည်သူလူထုတရပ်လုံးကို ဒီမိုကရေစီ မရမချင်း ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့ ရဲရဲကြီး အာမခံရဲပါတယ်။ ဘာကြောင့်လဲဆိုတော့-
၁။ ဒေါ်စု ကိုယ်တိုင် တိုင်းသူပြည်သားတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခမျိုးစုံရောက်နေ၊ ခံစားနေရတာ သိရှိတွေ့မြင် နေသလို ဘာ့ကြောင့်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာလည်း သိပြီးသားပါ။
၂။ ဒေါ်စု ကိုယ်တိုင်လည်း စစ်အာဏာရှင်တွေကြောင့် အသက်ဘေးက သီသီလေး လွတ်မြောက်လာခဲ့ရတာ (၂)ကြိမ် ထက် မနည်း ကြုံတွေ့ ခဲ့ရတယ်။
၃။ တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်နေရက်နဲ့ ဒေါ်စု ကိုယ်တိုင် ထိန်းသိမ်းခံရတာလည်း သူ့အသက် ထက်ဝက်နီးနီး ရှိနေခဲ့ပြီ ဆိုတာ သူအသိပါ။
၎။ ကြံ့ဖွတ်အာဏာရှင် အပါအဝင် နဝတ၊ နအဖ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး၊ ချမ်းသာကြွယ်ဝရေး အတွက် မြန်မာနဲ့ ကမ္ဘာ ကို အကြိမ်ပေါင်းမြောက်မြားစွာ လိမ်ညာလှည့်စား ဖြားယောင်း လက်တလုံးခြား လုပ်ခဲ့တာ၊ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေလည်း ဒေါ်စု သိပြီးသားပါ။
ဒါတွေကိုသိပြီး ကိုယ်တိုင်ခံခဲ့ရပြီးဖြစ်လို့ နောက်ထပ် ဒီလိုမျိုး ထပ်မခံရအောင် ကြိုတင်ပြင်ဆင် စဉ်းစားထား ပြီးပြီလို့ ယုံကြည်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟာ
(၁) မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၂၃ နှစ် ရှိခဲ့ပါပြီ။
(၂) အဲဒီအတွက် ဒေါ်စု ကိုယ်တိုင်လည်း အပင်ပန်း၊ အနစ်နာ၊ အဆင်းရဲခံပြီး လုပ်လာတာ ၂၃ နှစ် ရှိပါပြီ။
(၃) ပြည်သူလူထုအတွက် မိသားစုကိုစွန့်ခဲ့၊ စည်းစိမ်ဥစ္စာကိုစွန့်ခဲ့၊ နောက်ဆုံး အသက်ကိုပါ စွန့်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ၂၃ နှစ် ရှိခဲ့ပြီးမှ ဒီလိုလူယုတ်မာတွေ ကြိုးဆွဲရာ “က” မယ်လို့ မယုံကြည်ပါ။
ဒေါ်စု ရဲ့ ခိုင်မာသော ခံယူချက်၊ မှန်ကန်သော ဆုံးဖြတ်ချက်၊ ရင့်ကျက်သော အတွေးအခေါ် အမြော်အမြင် ခိုင်ခိုင်မာမာနဲ့ လုပ်ဆောင်ချက်တွေကို သိရှိတွေ့မြင်နေတာကြောင့် ဒေါ်စု ဟာ တချို့ထင်သလို အာဏာရှင်တွေဘက် ယိမ်းယိုင်မသွားဘူးဆိုတာ လုံးဝ သံသယကင်းပါတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် သူ့ဘဝကို ၂၃ နှစ် တိုင်တိုင် မြှုပ်ခဲ့ပြီး ကြံ့ကြံ့ခိုင်ခိုင် တိုက်ပွဲဝင်ခဲ့ပြီးမှ ဒီလူယုတ်မာ အာဏာရှင်တွေကို ဒူးထောက်မှာ မဟုတ်သလို ဘယ်တော့မှလည်း ပြည်သူတွေကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဝေးကွာအောင်လုပ်မှာ မဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်။




.

7 comments :

  1. မောင်ကောင်း said... :

    ဆရာရွှေပြည်စိုးရေ -- ဒေါ်စုကတော့မညံ့တာဟုတ်ပါပြီ မောင်ကောင်းတို့ရဲ့ ဆွေတော်မျိုးတော်ပြည်သူုကြီးက တုတ်တုတ်မျှမလှုတ် တုံဏှိဘာဝေ၊ တချို့ဆို ကိုယ်နှင့်မဆိုင်သလို၊ အချို့ကျပြန်တော့ " အမလေး .. သူတို့နဲ့များသွားမပတ်သက်လေနဲ့ ဆွေစဉ်မျိုးဆက် ဒုက္ခလှလှပေးမှာ " တဲ့၊ တချို့ကျပြန်တော့ " သူတို့က သေနတ်ရှိတယ်လေ ကိုယ့်ထမင်းကိုယ်အေးအေးစားနေရတော်ပါပြီ " တဲ့ အဲ့လိုနဲ့ကတော့ ဒေါ်စုမှမဟုတ်ဘူး ဗိုလ်ချုပ်ပြန်ရှင်လာပြီး ဦးဆောင်တောင် နောက်ပွင့်မယ့် မြတ်စွာဘုရားသာပွင့်သွားမယ် မလွတ်မြောက်နိုင်သေးဘူး ဟရို့၊ တက်ညီလက်ညီ လက်တွဲလို့ တော်လှန်တွန်းလှန်မှသာလွတ်မြောက်ပါလိမ့်မယ်၊ အားသာချက်က လူထုအတွက်ဦးဆောင်နိုင်မယ့် ဒေါ်စုရှိတယ်၊ လက်ရှိအစိုးရ လုပ်ချင်သလို မလုပ်နိုင်အောင် မီဒီယာတွေရှိတယ်၊ သံဃာ့အရေးအခင်းကာလနဲ့တောင် မတူတော့ပါဘူး ပြည်သူတွေ ခဏလေးဒုက္ခတွေ မေ့ထားပြီး ညီညွတ်လိုက်ကြစမ်းပါလို့ မောင်ကောင်း တိုက်တွန်းချင်ပါတယ်ဗျာ။

  1. Anonymous said... :

    ဒေါ်စု မညံဘူးလို့သာပြောတာ. စစ်အာဏာရှင်အဖွဲ့ အမျိုးမျိုးလိမ်ပြတာကို သူခံနေရတာ နစ်ပေါင်းနစ်ဆယ်ကျော် ပြီး. စဉ်းစားသာကြည့်ပေးတော

  1. Anonymous said... :

    ကိုမောင်ကောင်း ပြောသလိုမျိုး
    ဒ်ါစုကလည်း ရိပ်မိပုံ ရပါတယ်။
    ဒါကြောင့် သူပြောသမျှ စကားတိုင်းမှာ
    ပြည်သူတွေမှာလဲ တာဝန်ရှိတယ်နော် ဆိုတဲ့စကားကို
    (အရင်ကထက် ပိုပြီး)ပြောနေတာလို့ ထင်ပါတယ်။ ပြည်သူတွေကလည်း ဒါကိုသိကြမှာပါ။ အထူးသဖြင့်
    လူငယ်လူရွယ်တွေ အရင်ထက်ပိုပြီး
    တက်ကြွ ညီညွတ်လာကြတယ်လို့
    မြင်ပါတယ်။ သူတို့တွေ တွေဝေ ယိမ်းယိုင်စေမဲ့ စကားမျိုး အငြင်းအခုံမျိုး ကိုသာဂရုပြုကြဘို့ လိုမယ် ထင်ပါတယ်။
    အခုအချိန်ဟာ ညီညွတ်ရေး အလိုအပ်ဆုံးအချိန်
    ဆိုတာတော့ သေချာပါတယ်။

  1. Anonymous said... :

    အလယ်ကောင်က အနော်နီးမတ်စ် သောက်ရူး

  1. မညံ့တဲ့သူတွေ ကော အလိမ် မခံရ တတ်ဘူးလား ကွယ်။
    လူအချင်းချင်း လှည့်ပါတ်ခြင်း ကင်းရှင်းကြပါစေ လို့ တို့တစ်တွေ တစ်ဖွဖွ နှုတ်တက် ရွရွ ရွတ်ရင်း က တို့တစ်တွေ အချင်းချင်း လှည့်နေ ပါတ်နေကြတယ် ဆိုတာ ဒို့ တွေ အားလုံး ရင်ထဲက သိနေကြပါတယ်လေ။

  1. Anonymous said... :

    ...... ( ဒေါ်စု မညံဘူးလို့သာပြောတာ. စစ်အာဏာရှင်အဖွဲ့ အမျိုးမျိုးလိမ်ပြတာကို သူခံနေရတာ နစ်ပေါင်းနစ်ဆယ်ကျော် ပြီး. စဉ်းစားသာကြည့်ပေးတော) ......
    တော်တော်ပိန်းတဲ့ကောင်ပါလား ..... မင်းတို့လိုမျိုး ဘေးထိုင်ဘုပြော ကိုယ်လည်းဘာမှမလုပ် လုပ်တဲ့သူကို ထိုင်အပြစ်ပြော ... သူများလုပ်ပေးတာကို ထိုင်မျှော် ဘာမှအနစ်နာမခံ အဆင်သင့် ပေါ်ကြော့ခံစားချင်သူတွေ ... လက်ညှိုးထောင် ခေါင်းညိတ် အမှားအမှန် တရားတာ မတရားတာ သိရက်နဲ့ မပြော အမုန်းမခံ အနာမခံ ကိုယ်ဖြစ်တာမှ မဟုတ်ဘဲဆိုပြီး နေသာသလိုနေတဲ့ အချောင်သမားတွေ များနေလို့ နှစ်ပေါင်းနှစ်ဆယ်ကျော်တာ ဆန်းသလားငတုံးရ ......

  1. Anonymous said... :

    ဆရာရွှေပြည်စိုးရေ....
    ဒေါ်စုရဲ့ ဒီမိုကရေစီအရေးနဲ့ ပြည်သူလူထုအပေါ်သစ္စာရှိ မှု၊ အနစ်နာခံကြိုးပမ်းမှုတွေချည်းပဲ တင်ပြထားတယ်။ အရည်အချင်းဆန်းစစ်ချက် မတွေ့ရဘူး။ ခေါင်းစဉ်နဲ့ အကြာင်းအရာ လွဲများနေသလားလို့.....
    မောင်နောက်တိုး(မန္တလေး)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved