ပန်းချီမောင်မောင်သိုက် ဈာပန

Monday, August 8, 2011













ဇွန်လ ၅ ရက်နေ့က ကွယ်လွန်သွားတဲ့ ပန်းချီမောင်မောင်သိုက်ရဲ့ ဈာပန အခန်းအနားကို မနေ့ ညနေ ၇ နာရီက ရေဝေးမှာ ကျင်းပခဲ့ ပါတယ်။ ပန်းချီမောင်မောင်သိုက် ရေးဆွဲခဲ့တဲ့ ပုံတူပန်းချီကားတွေ၊ လက်ရာတွေနဲ့ပေါင်းစပ်ပြီး လက်ကမ်းစာစောင် ပြုလုပ် ဝေငှပါတယ်။ ပန်းချီမောင်မောင်သိုက်ဟာ ၁၉၇၁ ခုနှစ်ကစလို့ စာနယ်ဇင်း ပန်းချီကို စိုက်လိုက်မတ်တပ် ရေးဆွဲခဲ့သူဖြစ်သလို အခုနောက်ပိုင်း ထုတ်ဝေတဲ့ ဂျာနယ်တွေမှာလည်း ပင်တိုင် အတွင်းပန်းချီတွေကို ဂျာနယ်တစောင်လုံး ရေးဆွဲခဲ့တာတွေ ရှိပါတယ်။ အဲဒီထဲမှာ မနောမယ ဂျာနယ်ကတော့ သူ့လက်ရာတွေ ဝေဝေစည်စည်နဲ့ ထင်ရှားပါတယ်။ လူချစ်လူခင်များလှတဲ့ ပန်းချီမောင်မောင်သိုက်ရဲ့ ဈာပန အခန်းအနားက စည်ကားလှတယ်လို့ သိရပါတယ်။ မနေ့က သူ့ဈာပန ပို့ဆောင်တဲ့သူ တယောက်ကတော့ “သူ့ ဈာပန အခန်းအနားမှာ မနောမယဂျာနယ် အဖွဲ့သားတွေဆီက ရတဲ့ အမွှေးတိုင်နံ့ရယ်၊ သူ့ကို ချစ်ကြတဲ့ ပန်းချီဆရာတွေဆီက ရတဲ့ အရက်နံ့ရယ် ရောထွေးနေတယ်” လို့ ဆိုပါတယ်။ မြန်မာပြည်က အနုပညာသမားတွေ၊ အထူးသဖြင့် ကဗျာဆရာနဲ့ ပန်းချီဆရာတွေဟာ အရက်နဲ့ ကင်းတဲ့သူ တော်တော်ရှားပါတယ်။ ပန်းချီမောင်မောင်သိုက်ကို မြင်ဆရာအဖြစ် အလွန်လေးစားတဲ့ ချင်းမိုင် အခြေစိုက် ပန်းချီမျိုးမြင့် ကတော့ “မြန်မာပြည်က ပန်းချီဆရာတွေ အရက်ကြောင့် သက်တမ်းစေ့မနေကြရတာ အရမ်းနှမျောဖို့ ကောင်းတယ်” လို့ ဆိုပါတယ်။ ကိုကျော်သူ့ ဖေ့စ်ဘု စာမျက်နှာမှာတော့ ပန်းချီမောင်မောင်သိုက် အကြောင်းကို “ကြွေလွင့်သွားသော ခွပ်ဒေါင်းတို့၏ အရှင်သခင်” လို့ ဆိုထားပါတယ်။ လူသိများတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထိမ်းအမှတ် အလံဖြစ်တဲ့ ကြယ်တပွင့်နဲ့ ခွပ်ဒေါင်း ပုံဟာ ပန်းချီ မောင်မောင်သိုက် ရဲ့ လက်ရာဒီဇိုင်းဆိုတာတော့ လူသိနည်းလှတယ်လို့ ကိုကျော်သူက ရေးထားတာပါ။

ဓာတ်ပုံ - ဧရာဝတီ။ ဓာတ်ပုံ - ကိုကျော်သူ့ facebook စာမျက်နှာ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved