ဂျီးဒေါ်ပြောတဲ့ ဆင်းရဲမှု ပပျောက်နည်း

Sunday, August 7, 2011

.





တနေ့သနှိုက် ဂျီးဒေါ်တယောက် ထုံးစံအတိုင်း ဈေးမှပြန်လာစဉ်
“ဆံပင်အကျွတ်တွေ ၀ယ်ဒယ်၊ ဆံပင်အတုတွေ ၀ယ်ဒယ်” ဟူသော
လမ်းမပေါ်က ဆွဲဆွဲငင်ငင် အသံကြောင့် ဂျီးဒေါ် မျက်လုံးအစုံ ပြူးကျယ်သွားသည်။ ဆံပင်ဝယ်သူ၏ နံဘေးတွင် ခဏချင်းပင် လူအုပ်ကြီးတအုပ်က တိုးတိုးဝှေ့ဝှေ့ အလုအယက် ၀ိုင်းအုံသွားရင်း တယောက်တပေါက် မေးမြန်းသံတွေက ဆူဆူညံညံ

“ဟဲ့ … ဆံပင်အကျွတ်တွေက တပိသာကို ဘယ်လောက်တဲ့လဲ။ ဆံပင်ဖြူရော ၀ယ်သတဲ့လား”
“အကုန် ၀ယ်တယ်။ ဖြူ၊ နီ၊ ကြောင်ကျား၊ အမွေးမှန်သမျှ ၀ယ်တယ်ခင်ဗျ။ ဆံပင်
အကျွတ်တင်မက ခေါင်းက ဆံပင် ဖြတ်ရောင်းမလား ။ ရှိသမျှ ဆံပင် ကတုံးရိတ်ရောင်းမလား”
ဆံပင်ဝယ်သူက ကတ်ကျေးသံ တချပ်ချပ်ပြုရင်း ဖိတ်ခေါ်လိုက်၏။

အတော် ပိန်ချုံးချိနဲ့နေသူ ယောက်ျားတယောက်က သူ့ကတုံးပြောင်ပြောင်လေးကို လက်ကလေးနဲ့ အသာပွတ်ရင်း အားပျော့နွမ်းလျနေသော အသံဖြင့် မေးလိုက်သည်။
“နောက်ပေါက်လာမယ့် ဆံပင်ကိုကော ကြိုဝယ် မ၀ယ်ချင်ဘူးလား ခင်ညာ။ ဆန်လေး ၀ယ်ချင်လို့”

ဆံပင်ဝယ်သူက ဘုကြည့်ကြည့်ရင်း
“ဒါမျိုးတွေ ခံရပေါင်းများပြီ။ ပစ္စည်းပေး ငွေချေ လက်ငင်းစနစ်ပဲ”
လို့ ခပ်ပြတ်ပြတ်ပြောလိုက်ရင်း အလုအယက် ဆံပင်ရောင်းနေသူများဖြင့် အလုပ်များနေလေ၏။

အော် … လူစင်စစ်ကနေ သိုးတွေလို ကိုယ့်အမွေးကို ညှပ်ရောင်းနေရတဲ့သူတွေကို ကြည့်ရင်း ဂျီးဒေါ်စပ်စုလိုက်မိသည်။
“အဲဒီဆံပင်တွေကကော တရုတ်ကိုပဲ ပို့တာလားဟင်”

ဆံပင်ဝယ်သမားက ကတ်ကျေးသံတချပ်ချပ်နှင့် အလုပ်ရှုပ်နေရာ ဂျီးဒေါ်အမေးကို မဖြေနိုင်။
“အင်း … ငါလဲ ဆံပင်အကျွတ်တွေ ခါတိုင်းလို လွှင့်ပစ်ဘဲ စုထားမှ”
လို့ ဂျီးဒေါ်တွေးရင်း အိမ်ပြန်လာရာ လမ်းနံဘေးသစ်ပင်ကြီးတပင်ထက်တွင် တူတော်မောင် သာဂိကို ထူးဆန်းအံ့သြဖွယ်ရာတွေ့လိုက်ရလေ၏။

“ဟဲ့ သာဂိ …။ သာဂိ ဘယ်လိုဖြစ်လို့ သစ်ပင်ထိပ်ဖျားရောက်နေတာတုံး။ ကလေးမဟုတ် သူငယ် မဟုတ်။ နောက်ပြီး ရှင်လောင်းတွေလိုပဲ ဖခင်လောင်းတွေလည်း အမြင့်တွေ ဘာတွေ မတက်ကောင်းဘူးဟဲ့။ ဆင်း ဆင်း မြန်မြန် …”
“နေစမ်းပါ ဂျီးဒေါ်ရယ်။ ဒီမှာ ဗေဒင်ဆရာ ရှာနေတာ အာရုံတွေ ပျက်ကုန်ပြီဗျ ။”

“ဘာ - ဗေဒင်ဆရာကို သစ်ပင်ပေါ် တက်ရှာရတယ်လို့။ ရန်ကုန်သွားရင် စံဇာနည်ဘိုတို့ ဘာတို့ ။
နယ်တွေမှာဆို ဆရာကြီးမင်းသိင်္ခ သင်တန်းဆင်းတွေ အများကြီး ။ ဒါမှမဟုတ် ဘုရားစောင်းတန်းတွေ သွားမလား”
သစ်ပင်ထက်မှ စိတ်ပျက်လက်ပျက် ဆင်းလာရှာသော တူတော်မောင်သာဂိက ဂျီးဒေါ်ကို
“အသာ နေစမ်းပါ ဂျီးဒေါ်ရယ်။ ဒီမှာ တောက်တဲ့ ရှာနေတာဗျ။ တောက်တဲ့တွေ ပတ်စပို့ လုပ်စရာမလိုပဲ ကမ္ဘာပတ်ကုန်ကြပြီလားမသိ”

“ဘယ်လို သာဂိ။ ရှင်းအောင်ပြောပါဦး။ ဗေဒင်ဆရာတွေရော တောက်တဲ့တွေရော … ရောကုန်ပြီ”
“ဂလို ဂျီးဒေါ်။ မဒမ်သာဂိ ပတ္တမြားရွှေကြုပ် နှုတ်ငုံနေတာ သိတယ်ဟုတ်။”

“သိပါတော်။ နင်လိုက်မောင်းခတ်လို့။ တို့တွေတောင် ၀မ်းတွေသာလို့ ။အဲဒါနဲ့  ဘာဆိုင်လဲ”
“မဒမ်သာဂိက သူ့ကလေးလေးကို သားလေးလား၊ သမီးလေးလား ကြိုသိချင်နေတယ်။ ကျနော်လည်း အရမ်း အရမ်းကို ကြိုသိချင်တာဘဲ … ဟဲ ဟဲ”

“ဒါလေးများ ရန်ကုန်သွား။ အထူးကုဆေးခန်းကြီးတွေမှာ အာပလာဆောင်း ဆိုလား ဘာဆိုလား ရိုက်ရင် သိတယ်ဆို …”
“အဲဒါကြောင့် ဂျီးဒေါ်ကို ဂျာနယ်တွေဖတ်ပါလို့ ပြောတာ။ ခုတလော ဂျာနယ်တွေထဲမှာ အထူးကုဆေးခန်းကြီးတွေ စိတ်မချရတဲ့ သတင်းတွေ ပလူပျံနေတာ။ အဲဒီတော့ ကိုယ့်မိရိုးဖလာ တောက်တဲ့ဗေဒင် မေးမလို့။ မိုးလား၊ လေလားလို့ မေးမယ့်အစား `သားလား´ `သမီးလား´လို့ လိုက်မေးရုံပဲ။ ဘာပိုက်ဆံမှကို မကုန်ဘူး”

“အံ့ပါတော်၊ ကိုသာဂိတို့ အကြံကြီးပုံက …”
“ခက်တာက ခါတိုင်း မိုးဦးလေဦးမှာ ကြားနေကျ တောက်တဲ့အော်သံတွေ မကြားရတော့ဘူးဗျ။ အဲဒါကြောင့် တောက်တဲ့ရှာဖွေရေးအတွက် သစ်ပင်တွေတက်နေရတာ။”

“အေး ဟုတ်တယ်။ ငါလဲ မနေ့က ဈေးထဲကကြားလာတာ။ ရွာတွေမှာ လူတွေ အလုပ်မလုပ်ကြတော့ဘူးတဲ့။ တောက်တဲ့ဖမ်း နေကြသတဲ့။ တောက်တဲ့ဈေးကလည်း သုံးဆယ်သားလောက် တကောင်ဆို ရန်ကုန်အရောက်ပို့ရင် ကျပ် သိန်း ၅၀၀ တဲ့တော်။ အံ့ရော အံ့ရော”
“ဟင် တောက်တဲ့ဈေးက အဲလောက်တောင်ကောင်းသတဲ့လား။ ဘာတွေလုပ်ဖို့ ဘယ်သူတွေက ၀ယ်နေတာတုံး ဂျီးဒေါ်ရ”

“ဟဲဟဲ ဒီတခါ အရာရာသိတဲ့ ကိုဖိုးသိခံသွားရပြီ။ သူတို့ပြောနေတာတော့ ဆေးဖော်ဖို့ဆိုလား။
တရုပ်က ၀ယ်သလိုလို၊ ဗီယက်နမ်ကပဲ ၀ယ်သလိုလို။ သိပါဘူးတော်။ ၀ယ်တာတွေကတော့ အကုန်ဝယ်နေတာဘဲ။ ဆံပင်မွေးကအစ ငရှဥ့်၊ တောက်တဲ့။ အင်း … ဘာတဲ့ …ဟိုသီချင်းလေးထဲကလို
ရွှေကိုယူသည်၊ ငွေကိုယူသည် ပြီးတော့ လူကိုပါယူသည်ဆိုသလို ဖြစ်နေပြီ သာဂိရေ …”
“အခုကို လူတွေ ကို ၀ယ်နေပြီလေ။ သဘာဝဓါတ်ငွေ့တွေ သယံဇာတတွေ မြစ်ချောင်း အင်းအိုင်တွေတင် အချောင်နှိုက်ယုံမက သတို့သမီးလုပ်ဖို့ မိန်းကလေးတွေ၊ ခိုင်းစားဖို့ ကလေးသူငယ်တွေ၊ မလိမ့်တပတ်နဲ့ ၀ယ်နေကြပြန်ပြီ။ တော်ကြာ ကျနော်တို့မြန်မာလူမျိုးတွေနဲ့ မြန်မာပြည်ကြီးတောင် ပျောက်သွားမယ်ထင်တယ်။ အင်း လူတွေကလည်း စီးပွါးရေးတွေမကောင်းကြတော့ ရှိတာအကုန်ထုတ်ရောင်းရတဲ့ ဘ၀ ရောက်ကုန်ပါပြီ။ ဒါနဲ့များ သမ္မတကြီးက ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံကိန်းလေး ဘာလေးနဲ့ အသံကောင်းဟစ်နေသေးတယ်။ ခုတောင် တောက်တဲ့တွေ မျိုးတုံးကုန်ပြီ၊ တော်ကြာ လူတွေပါ မျိုးတုံး ကုန်တော့မယ်”

“ဟဲ့ အဲဒါလဲ သမ္မတကြီးရဲ့စီမံချက် အောင်မြင်တာပဲပေါ့။ ဆင်းရဲသားမြန်မာတွေ မျိုးတုံးကုန်ရင် ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက် ရာနှုန်းပြည့် အောင်မြင်တာပေါ့။ အဲဒါ သမ္မတကြီးရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေတာ။ ကျေးလက်တောရွာက လူတွေ ပင်ပန်းဆင်းရဲတဲ့ လယ်ယာလုပ်ငန်းတွေ မလုပ်ကြတော့ဘူး။ တောက်တဲ့တွေ လိုက်ဖမ်းနေကြပြီ။ ဆံပင်တွေ ဖြတ်ရောင်းနေကြပြီ။ နောက်ဆုံး ကိုယ့်မွေးရာပါတွေပါ အကုန်ထုတ်ရောင်းရင်း ဆင်းရဲနွမ်းပါးသူတွေ ပပျောက်သွားတော့မှာ။ ဂုဏ်ယူလိုက်စမ်းဘာ …သာဂိ”။

မိုးမခမှာ ဂျော်ဒီး ရေးသားတဲ့ သမ္မတကြီးရဲ့ စီမံကိန်း ကို ကူးယူ ဖော်ပြတာပါ။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved