နွားဋီကာအဖွင့်

Monday, August 1, 2011


ဦးအလံမလှဲ

ပဏာမစကား

ယခုတင်ပြမှာက ဟိုယခင်တင်ပြခဲ့တဲ့ “ခွေးဋီကာအဖွင့်” ရဲ့ အဆက်၊ “နွားဋီကာအဖွင့်” ပါခင်ဗျာ။
“နွားဋီကာအဖွင့်” ရဲ့ အနက်အဓိပ္ပယ်ကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့ရာ ဦးလေးကြီးနှင့် ကိုတူမောင်တို့က အတိုင်အဖောက်လုပ်ပြီး နှစ်ပါးသွားကြပါတယ်။

(၁)

“ကိုတူမောင်..ရေ့..။ သခင်ထားရာမှာ နေမြဲတိုင်းနေတယ်။ လယ်ကွင်းထဲ လွှတ်ထားရင် လယ်ကွင်းထဲမှာနေတယ်။ စားကျက်ထဲ လွှတ်ထားရင် စားကျက်ထဲမှာနေတယ်။ တင်းကုတ်ထဲမှာ ကြိုးချည်ထားရင်လည်းနေတာပဲ။ တင်းကုတ်ပြင်ဘက် တိုင်ငုတ်မှာကြိုးချည်ထားရင်လည်း နေတာပဲ။ ဖြုတ်ကိုက်ကိုက်, ယင်ကိုက်ကိုက်, ချင်ကိုက်ကိုက်, ကိုက်ချင်တာကိုက်။ လွတ်ရာကျွတ်ရာကို ရုန်းထွက်မသွားဘူး။ ထားချင်ရာ,ထား..။ ထားရာမှာပဲနေတယ်။ အဲဒါ..ဘာလဲကွယ်..။”

“ထားရာမှာနေတာ၊`နွား´ ပါ ခင်ဗျာ။”

“ပြောရဦးမယ်..ကိုတူမောင်..။ လူငယ်လူရွယ်မြောက်မြားစွာတို့ဟာ သူ့တို့အကြောင်းနဲ့သူတို့, အဖွဲ့တစ်ခုထဲကို ၀န်ထမ်းအဖြစ်ရောက်သွားကြတယ်။ အချိန်ကာလ ဘယ်မျှထိတာဝန်ထမ်းဆောင်ပါ့မယ်လို့ ကတိက၀တ်ပြုခဲ့ရတယ်။ ကတိက၀တ်အတိုင်း တာဝန်ထမ်းဆောင်ရမယ့်ကာလကို ကျော်သွားပြီ။ထွက်ချင်ပြီ..။ အရမ်းကိုထွက်ချင်ပြီ..။ ဒါပေမယ့်သူတို့ခမျာ, ထွက်ခွင့်မရကြရှာဘူး။”

ဦးလေးကြီးက, ဂရုဏာသံဖြင့်ပြောပေမယ့် ကိုတူမောင်ကတော့ ရင်ထဲရှိတာကို `ဒိုး,ဒေါက်´ ဖွင့်ချလိုက်ပါတယ်။

“ဟာ..ဦးလေးကြီးရာ..။ ဒါဟာ ဒီအဖွဲ့က ကတိက၀တ်ကို ချိုးဖျက်တာ။ ဥပဒေကိုချိုးဖျက်တာ။”

“ဟုတ်ပါ့..ကိုတူမောင်..။ ထွက်ခွင့်မရတာထက် ပိုဆိုးတာရှိသေးတယ်။ ကိုယ့်ညီအစ်ကို တိုင်းရင်းသားချင်း သတ်ပွဲတွေဆင်နွှဲဖို့ စစ်မြေပြင်လူသတ်ကွင်းမှာ တောင်သွားနေကြရတယ်။ အမိန့်အရတဲ့..။”

ကိုတူမောင်,က လူငယ်ပြီပြီ `တွယ်´ပြီ။
“ဥပဒေမဲ့, လွန်ကျူးလွန်းလို့ ကိုယ့်လူတွေကိုပြောချင်တယ်။ ထွက်ကြဗျာ။ ထွက်ကြ။ ဇွတ်ထွက်ကြ။”

“ကိုတူမောင်.. ပြောတာလွယ်တယ်။ ဒါပေမယ့်သူတို့ခမျာ.. မလွယ်ဘူး။”
“ဗျာ..”
“ထွက်ပြေးရင် ပြန်ဖမ်းလိမ့်မယ်။ ထောင်ချလိမ့်မယ်။ ပင်စင်လစာပြုတ်သွားလိမ့်မယ်။ မစု,မနေ စုခဲ့ရတဲ့စုငွေလေးလည်း ဆုံးသွားလိမ့်မယ်။ ဒါကြောင့် ပေါက်ပြဲနေတဲ့ တောဘွတ်ဖိနပ်ကိုစီး..။ ကြက်သွန်ထဲ့တဲ့ဂုံနီအိပ်လို ကျိုးတို့ကျဲတဲ့ပေါက်ပြဲနေတဲ့ အင်္ကျီကိုဝတ်..။ မလုံမခြုံတန်းလျားမှာ မနေချင်တော့ပေမယ့်လည်း ဆက်နေ..။ ဟိုး..အဝေးကရှေ့တန်းမှာ သွားနေဆိုရင်လည်း သွားနေရ..။ မပျော်မရွှင် တမှိုင်မှိုင်တတွေတွေနဲ့ ထားရာမှာပဲကြိတ်မှိတ်ပြီး နေမြဲတိုင်းနေနေတယ်။ အဲဒါ..ဘာလဲကွယ်။”

“စစ်အာဏာရှင်မှိုင်းတိုက်ခံ တကိုယ်လုံးစိမ်းရောင်ဝတ်`သား´ တသားရယ်ပါခင်ဗျာ။”

(၂)

“ပြောရဦးမယ်..ကိုတူမောင်။ နဖါးကြိုးဆွဲတာကို နာခံတယ်။ ဘယ်ဘက်ကိုဆွဲရင် ဘယ်ဘက်ကိုလှည့်တယ်။ ညာဘက်ကိုဆွဲရင် ညာဘက်ကိုလှည့်တယ်။ လှည်းလမ်းကြောင်းအတိုင်း မောင်းရင်လည်း လှည်းလမ်းကြောင်းအတိုင်း သွားတယ်။ ကန်သင်းရိုးကိုဖြတ်ကျော်ပြီး မောင်းရင်လည်း ကန်သင်းရိုးကိုဖြတ်ကျော်ပြီး သွားတယ်။
စေချင်ရာစေ၊ စေရာကိုသွားတယ်။ အဲဒါ..ဘာလဲကွယ်။”

“စေရာကိုသွားတာ၊`နွား´ ပါခင်ဗျာ။”

“ဟုတ်ပါ့..ကိုတူမောင်..။ ကဲ..ဆက်ပြီးမေးဦးမယ်။
ဆန္ဒပြရဟန်းရှင်လူများကို ဖြိုခွင်းမယ့်လမ်းမများပေါ်က လူသတ်ကွင်း..။
တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တော်လှန်ရေးသမားများကို ဖြိုခွင်းမယ့်၊ တောထဲတောင်ကြားက လူသတ်ကွင်း..။
ဝေးလံခေါင်ဖျားတဲ့ဒေသက လူမျိုးစုငယ်မိန်းမသူတွေကို မတော်မတရားစော်ကားတဲ့ ဇာတ်ခင်းကွင်း..။
လူမျိုးစုငယ်တောသူတောင်သားတွေရဲ့ နေအိမ်တွေကို ပြာချပစ်တဲ့မီးရှို့ကွင်း..။
အဲဒီသုဿန်တစပြင်လို ဒေသတွေဆီ, စေချင်ရာစေ စေရာကိုသွားတယ်။ အဲဒါ..ဘာလဲကွယ်။”

“စစ်အာဏာရှင်မှိုင်းတိုက်ခံ တကိုယ်လုံးစိမ်းရောင်ဝတ်`သား´တသားရယ်ပါခင်ဗျာ။”

(၃)

“ဟော..ကိုတူမောင်။ သတ္တ၀ါတစ်မျိုးအကြောင်းကိုပြောမယ်။ သခင်က ထယ်ထိုးခိုင်းရင် ထယ်ထိုးတယ်။ ထွန်မွှေခိုင်းရင် ထွန်မွှေတယ်။ စပါးနယ်ခိုင်းရင် စပါးနယ်တယ်။ စပါးတွေတင်ထားတဲ့လှည်းကို ဆွဲခိုင်းရင် စံချိန်အတိုင်း နှစ်ဆယ့်ငါးတင်းတင်ရင်လည်းဆွဲတယ်။ စံချိန်ကျော်ပြီး တင်းသုံးဆယ်တင်ရင်လည်းဆွဲတယ်။ လှည်းပေါ်မှာသစ်တုံးကြီးတင်ပြီး ဆွဲခိုင်းရင်လည်းဆွဲတယ်။ ခိုင်းချင်ရာခိုင်း ခိုင်းတာကိုလုပ်တယ်။ အဲဒါ..ဘာလဲကွယ်။”

“ခိုင်းတာကိုလုပ်တာ၊`နွား´ပါခင်ဗျာ။”

“မေးရဦးမယ်..ကိုတူမောင်။
တွေ့ရာသင်းဂျိုင်း.. ဒုတ်မဆိုင်း,ဓါးမဆိုင်း၊ ဘက်နက်မဆိုင်း,ကျည်မဆိုင်း၊ သတ်ခိုင်းတာကိုသတ်တယ်။
ပေါ်တာဆွဲခိုင်းရင် လမ်းပေါ်ကတွေ့ရာလူကို ပေါ်တာဆွဲတယ်။ ကျားမ,မရွေးပေါ်တာဆွဲတယ်။
ထောင်ထဲနဲ့ ရဲဘက်စခန်းတွေက ထောင်သားတွေကိုပေါ်တာဆွဲတယ်။ မတန်တဆ, လေးပင်တာတွေကိုထမ်းခိုင်းတယ်။ အဲဒီ,ပေါ်တာလူသားစင်စစ်ကို မိုင်းရှင်းကိရိယာအဖြစ် အသုံးချတယ်။ စစ်သားစုဆောင်းခိုင်းရင် တွေ့မိတွေ့ရာ, ဆွဲမိဆွဲရာကလေးငယ်တွေကို မျှားကာ,မြှူကာ၊ မြှောက်တစ်ခါ,ခြောက်တစ်လှည့်၊ နည်းမျိုးစုံသုံးပြီး ကလေးစစ်သားစုဆောင်းတယ်။ အားအားယားယားမို့ မြက်ခုတ်ခိုင်းရင်မြက်ခုတ်တယ်။ ထုံးသုတ်ခိုင်းရင်ထုံးသုတ်တယ်။
ခိုင်းချင်ရာခိုင်း၊ ခိုင်းတာကိုလုပ်တယ် အဲဒါ..ဘာလဲကွယ်။”

“စစ်အာဏာရှင် မှိုင်းတိုက်ခံ တစ်ကိုယ်လုံးစိမ်းရောင်ဝတ် `သား´ တသားရယ်ပါခင်ဗျာ။”


(၄)

“လာပြန်ပြီ..ကိုတူမောင်..။ သခင်ကကောက်ရိုးကို အခြောက်တိုက်ကျွေးရင်လည်းစားတယ်။ ကောက်ရိုးကိုရေနှစ်၊ ဖွဲနုဖြူး,နှမ်းဖတ်ပဲဖတ်ဖြူးပြီး ကျွေးရင်လည်းစားတယ်။ မြက်စိမ်းနဲ့ဒိုက်ပင်ကျွေးရင်လည်း စားတယ်။ လူးပင်, ဆပ်ပင်, ပဲပင်, ပြောင်းပင်ကျွေးရင်လည်း စားတယ်။ ကျွေးချင်ရာကျွေး၊ ကျွေးတာကိုစားတယ်။ အဲဒါ..ဘာလဲကွယ်။”

“ကျွေးတာကိုစားတာ၊ နွားပါခင်ဗျာ။”

“ဒါ,နောက်ဆုံးပိတ်ပါ..ကိုတူမောင်။ ညံ့ပေ့ဆန်ကြမ်းကို ကျွေးတာစားတယ်။ ရေလုံပြုတ်ဖြစ်သလိုဟင်းကို ကျွေးတားစားတယ်။ ရှစ်ဆယ့်ရှစ်အရေးတော်ပုံကာလမျိုးမှာလို အပင်းသွင်းတဲ့သဘောနဲ့ ကောင်းပေ့ဆန်ချောကို ကျွေးတာစားတယ်။ ကောင်းပေ့အသားဟင်းကို ကျွေးတာစားတယ်။ အရက်ကိုတိုက်တာသောက်တယ်။ အဲဒါ..ဘာလဲကွယ်။”

“အာဏာရှင်မှိုင်းတိုက်ခံ, တစ်ကိုယ်လုံးစိမ်းရောင်ဝတ်`သား´တသားပါခင်ဗျာ။”

အပိတ်စကား

ဦးလေးကြီးက `နွားဋီကာအဖွင့်´ကို ပိတ်ပါတော့မယ်။

“ဘာများကွာသလဲကွယ်..။”

ကိုတူမောင်က သံနေသံထားနဘေထပ်ပြီး အဖြေ`ကပ်´လိုက်ပါတယ်။

“ဘာမျှမကွာ..၊ ဘာဆိုဘာမျှမကွာ..။ ဦးလေးကြီး..ခင်ဗျာ။”

ဒီမှာတင် ဦးလေးကြီးက အပိတ်စကားပြောရင်း.. `တောက်ခေါက်သံ´နဲ့ အဆုံးသတ်လိုက်ပါတယ်ခင်ဗျား။

“ အရှေ့မြောက်က အဖြူ။ အနောက်, အနောက်မြောက်က အမည်း။ အဲဒီ.. ကိုလိုနီလက်သစ်ရန်သူတွေ အတွက်တော့ အသက်ကိုမစတေးရ..။ အာဏာရူး, ဥစ္စာရူး, စစ်ဗိုလ်ချုပ်တွေသက်သက်အတွက် အသက်ကိုစတေးခံပြီး `ကျွန်ခံ´နေရပါပေါ့လား..။ နာလိုက်တာကွာ,`တောက်´။”


2 comments :

  1. Anonymous said... :

    နွားဋီကာဖတ်ပြီးတော့၊
    နွားလိုအော်ခြင်လာမိတယ်။
    ဟုတ်ပါတယ်ကျုပ်အောင်တိုးဆိုတဲ့ကောင်ဟာ
    နွားကြီးပါ။အာဏာရှင်နဖားကြိုးထိုးတဲ့အတိုင်း
    ခင်ဗျားတို့တတိုင်းတပြည်လုံးပြည်သူတွေအား
    လုံးကို၊နွားတွေဖြစ်အောင်
    ၂၀၀၈အမျိုး နွား ညီလာခံ
    ကြီးကိုသူတို့ကျွေးတဲ့
    ကောက်ရိုးခြောက်ကိုစားပြီးတော့
    ရေးဆွဲခဲ့ပါတယ်။အခုတော့ကျုပ်ကိုယ်တိုင်
    နွားလုံးလုံးဖြစ်နေရပါပြီ။ကျုပ်နွားလို
    အော်ပါရစေနော်၊
    ဘော၊ဘော၊ဘော၊

  1. နွားဖြစ်တာတောင် လာဆဲနေသေးတယ်... "တောက်"... နွားရူး...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved