ပညာရှင်များပြောတဲ့ မြစ်ဧရာပေါ်က စီမံကိန်း

Sunday, August 14, 2011

--





မြစ်ဆုံစီမံကိန်း တနေရာ (ဓာတ်ပုံ-ဧရာဝတီ)

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ဧရာဝတီမြစ် ဆက်လက်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်မည်ဟု ပညာရှင်များ အတည်ပြု

Written by Associated News

မြန်မာနိုင်ငံ၏ အသက်သွေးကြောမကြီး တစ်ခုဖြစ်သည့် ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်ရာ ကချင်ပြည်နယ်၊ မေခနှင့် မလိမြစ် ပေါင်းဆုံရာ မြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကြီး တစ်ခုကို မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း အကောင်အထည်ဖော်လျက် ရှိရာ အဆိုပါ စီမံကိန်းကြောင့် ဧရာဝတီမြစ် ဆက်လက် တည်တံ့ ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်မည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာ ရှင်များက ပြောကြားသည်။

သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ အသက် ၈ဝကျော်အရွယ် ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက " ဒီ မြစ်ဆုံစီမံကိန်းကို လုံးဝ မကြိုက်ပါဘူး။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု အများကြီး ရှိပါတယ်။ မြစ်ဆုံစီမံကိန်းအတွက် အဲဒီနားက ကျေးရွာတွေကို ပြောင်းရွှေ့တာလည်း စနစ်တကျ မရှိဘူး" ဟု The Voice Weekly သို့ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ၎င်းအမြင်ကို ပြောဆိုသည်။

ယခု လောလောဆယ်အထိ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/ အောင်ဂျာယန်၊ ဒေါင်ပန် စသည့် ရွာငါးရွာမှ အိမ်ထောင်စု ၄၁၀၊ လူဦးရေ ၂၁၄၆ ဦးသာ ပြောင်းရွှေ့ခဲ့ကြောင်း၊ မြင့်မား ကောင်းမွန်သော အဆောက်အအုံများနှင့် စံပြကျေးရွာ၏ အင်္ဂါရပ်နှင့်အဘက်ဘက်မှ ပြည့်စုံအောင် တည်ဆောက်ရွှေ့ပြောင်း ပေးထားကြောင်း ကျော်မင်းလူ (ရွှေပြည်သာ) က ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် သတင်းစာတွင် ရေးသားထားသည်။

"ဧရာဝတီမြစ်ဆုံ စီမံကိန်းက အရင်တုန်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးရေးရာကိစ္စ အဖြစ်ပဲ ပြောကြ ဆွေးနွေးကြတယ်။ အခုက နိုင်ငံရေး Issue ဖြစ်လာတယ်။ တရုတ်က လုပ်တဲ့ EIA (Environmental Impact Assessment) ထဲမှာလည်း မဆောက်သင့်ဘူးလို့ ရေးထားတာကို ဆရာတို့ ဖတ်ရတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အချက်သုံးချက် ရှိတယ်။ ပထအချက်က ဒီဆည်ဆောက်တဲ့အတွက် ဘယ်လို အကျိုးစီးပွား ရမလဲဆိုတာ တိတိကျကျ သိပြီးသွားပြီလား။ ဆိုလိုချင်တာက စီးပွားရေးအတွက် အမှန်တကယ် အကျိုးရမှာလား။ လျှပ်စစ်ကော တကယ်ခန့်မှန်းသလောက် ရမှာတဲ့လား။ မှန်းထားသလောက် ဖြစ်မလာရင် ဘယ်လိုလုပ်မလဲ။ ဒုတိယအချက်ကတော့ ပတ်ဝန်းကျင်ရေးရာပဲ။ ဆည်ဆောက်မယ့် နေရာက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါတဲ့နေရာ ဖြစ်နေတယ်။ ဆုံးရှုံးမှုက မြန်မာနိုင်ငံ အနေနဲ့တင် မဟုတ်ဘူး။ Globally Endanger ဖြစ်နေတယ်။ မြန်မာအတွက်တင် မကဘူး ကမ္ဘာအတွက်ပါ အရေးပါနေတယ်။ ဒါကိုရော ဆန်းစစ်ပြီးပြီလား။ တတိယအချက်ကတော့ မှီတင်းနေထိုင်တဲ့ လူမျိုးတွေ အတွက် လူမှုရေး၊ စီးပွားရေး ပြောင်းလဲမှုပေါ့။ ဒီမြစ်ဆုံ စီမံကိန်းကနေပြီး တစ်နှစ်ကို ဒေါ်လာသန်း ၅၀ဝ ဝင်မယ် ပြောတယ်။ အဲလိုဆိုရင် ဝင်တာနဲ့ ထွက်တာကို တွက်ပြီးပြီလား။ အဝင်နဲ့အထွက် မမျှရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချက် သုံးချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လက်ရှိ တရုတ် EIA Report အရကတော့ ဒီနေရာမှာ ဆည် မဆောက်သင့်ဘူးလို့ သုံးသပ်ထားတယ်။ အထက်ဘက်မှာ နေရာပြောင်းဆောက်ဖို့ လိုတယ်လို့ ရေးထားတယ်။ အဲဒီအချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုတယ်" ဟု စီးပွားရေးနှင့် ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (ECODEV) အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ဩဂုတ်လ ၁ဝရက်နေ့ ညနေ ၃နာရီတွင် ပြောသည်။

"ဆည်ဆောက်တိုင်းလည်း ထင်သလောက် အကျိုးအမြတ် မရဘူး။ ပထမဆုံးဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ဆည်ကြီးလည်း ထင်သလောက် အကျိုးအမြတ် မရခဲ့ဘူး။ အဲဒါကြောင့် စီးပွားရေး အကျိုးအမြတ်ကို တွက်ဆရမယ်။ ကိန်းဂဏန်းတွေကို သက်ဆိုင်တဲ့သူတွေ သိသင့်တယ်။ လုပ်ချင်တဲ့သူတွေကတော့ ကောင်းတဲ့အချက်တွေပဲ ကွက်ပြီး ပြောမှာပဲ။ ကိုယ်မှန်၊ သူမှား ဖြစ်နေမှာပဲ" ဟု ၎င်းက ဆိုသည်။

မြစ်ဆုံတမံတွင် သိုလှောင်ထားသော ရေများအားလုံးမှာ လျှပ်စစ်ဓာတ်အားပေးစက်များ မောင်းနှင်လည်ပတ်ချိန်တွင် စက်ရုံရေထုတ်မြောင်း မှတစ်ဆင့် ဧရာဝတီမြစ်ထဲသို့ ပြန်စီးဝင်မည်ဖြစ်သဖြင့် မြစ်ဆုံတမံကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကောသွားစရာ အကြောင်းမရှိကြောင်း 'ကျွန်တော်တို့လည်း ဧရာဝတီကိုချစ်ပါတယ်' သတင်းစာ ဆောင်းပါးတွင် ရေးသားထားသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီ မြစ်ကြီးအတွင်း ရေစီးဆင်းမှု နှေးကွေးလျော့နည်း သွားမည့်အတွက် ငါးစားကျက်များ ပျက်သွားနိုင်ကြောင်း၊ ဧရာဝတီ မြစ်ကြီးအတွင်း နေထိုင်ကျက်စားသော ဧရာဝတီ လင်းပိုင်များ၊ ရေချိုငါး မျိုးစိတ်များ၏ အလေ့အထ အမူအကျင့်များမှာလည်း တစ်နည်းမဟုတ် တစ်နည်း အကျိုးသက်မှု ရှိကြောင်း ဒီရေတောဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ အသေးစား ငါးလုပ်ငန်း ပညာပေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး တိုးချဲ့ပညာပေးရေး ဆောင်ရွက်နေသူ ဦးဝင်းစိန်နိုင်က The Voice Weekly သို့ ပြောကြားသည်။

ဧရာဝတီ မြစ်ကြီးအတွင်း လင်းပိုင် ထိန်းသိမ်းရေးကို ရှစ်နှစ်ကျော်ကြာ လုပ်ကိုင်လျက် ရှိသူတစ်ဦးက ' " မဲခေါင်မြစ်ထဲမှာဆို လင်းပိုင်တွေက ဒယ်အိုးလို နက်နေတဲ့ နေရာကြီး တစ်ခုရှိတယ်။ လင်းပိုင်တွေက အဲဒီမှာပဲ နေကြတယ်။ ဧရာဝတီ မြစ်တစ်လျှောက်မှာဆိုရင် ဧရာဝတီ လင်းပိုင်တွေက မင်းကွန်း၊ ဗန်းမော်၊ ကျောက်မြောင်းကြီး ရွာနားတွေမှာ အများအပြား တွေ့ရတယ်။ ဒီ မြစ်ဆုံးစီမံကိန်းကြီးကြောင့် ဧရာဝတီမြစ်ကြီး ရေနည်းသွားရင် ဧရာဝတီလင်းပိုင်တွေက မဲခေါင်က လင်းပိုင်တွေလိုပဲ ရေများများရှိတဲ့ နေရာမှာပဲ သွားနေနိုင်တယ်။ ဒါမှမဟုတ် တခြားနေရာတွေကို ရွှေ့ပြောင်းနိုင်တယ်" ဟု ပြောကြားသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ကာ တရုတ်များလုပ်သော Report ၏ အဖြေကိုလည်း မည်သူမျှ မသိကြောင်း၊ နိုင်ငံတကာ မီဒီယာများတွင် ကြားသိမှုအရ စက္ကန့် ၂ဝ အတွင်း မြစ်ကြီးနားမြို့ မြှပ်နိုင်သည် ဟုဆိုကြောင်း၊ ဧရာဝတီမြစ်ကြီးမှာ မြန်မာ့ယဉ်ကျေးမှု နှင့်အတူ မွေးဖွားလာသော အမျိုးသားရေး လက္ခဏာတစ်ခု ဖြစ်ကြောင်း၊ အဆိုပါ မြစ်ဆုံစီမံကိန်းကြောင့် ယင်းအနီး နေထိုင်သူများမှာ အကြောက်တရားနှင့် နေထိုင်နေရကြောင်း၊ ဧရာဝတီမြစ်ကြီး ရေစီးနှုန်း နည်းသွားပါက ဆားငန်ရေများ လွှမ်းလာနိုင်ကြောင်း၊ ငလျင်ကြောနှင့်လည်း လွန်စွာ နီးကပ်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာနေသူ တစ်ဦးက ပြောဆိုသည်။

ဧရာဝတီ မြစ်ရေမှာလည်း ယခင်ပုံမှန်ထက် ၁ ဒသမ ၅ ပေခန့် ပိုမို မြင့်တက်နိုင်ကြောင်း၊ မြစ်ကြီးကို အမှီသဟဲ ပြုနေကြသူများကိုလည်း လုံးဝ ထိခိုက်မှု မရှိကြောင်း၊ မြစ်ဆုံစီမံကိန်း၏ တမံအမျိုးအစားမှာ ကွန်ကရစ်မျက်နှာပြင် ကျောက်ဖြည့်တမံ အမျိုးအစား ဖြစ်ပြီး ယင်းမှာ ငလျင်ဒဏ်ကို ပိုမို ခံနိုင်ကြောင်း၊ မြစ်ဆုံတမံအတွင်း နုန်းပို့ချမှု မြင့်မားပြီး ရေသိုလှောင်မှု နည်းချိန်တွင် ယင်းနုန်းကို ပြန်ထုတ်နိုင်ရန် တမံဒီဇိုင်းမှာ သဲနုန်းထုတ်ပေါက်များ ပါကြောင်း၊နောင်တွင် ဒီရေတောများမှာ ယခုထက်ပိုပြီး တိုးပွား ရှင်သန်လာရန်သာ ရှိကြောင်း၊ ယင်းစီမံကိန်းကို နိုင်ငံတော်အတွက် လုံးဝ အကျိုးအမြတ် မရှိဘဲ တရုတ်နိုင်ငံ အကျိုးစီးပွားအတွက်သာ ဖြစ်သယောင်ယောင် ပြောဆိုစွပ်စွဲမှုများမှာ လုံးဝ မှားယွင်းကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း၂၆၀ဝ ကျော်ကိုလည်း ဖော်ထုတ်ရရှိနေပြီ ဖြစ်ကြောင်း ကျော်မင်းလူ (ရွှေပြည်သာ) က ဩဂုတ်လ ၁ဝ ရက်နေ့ထုတ် သတင်းစာတွင် ရေးသားထားသည်။

" တခြားနိုင်ငံ ကောင်းစားဖို့ အရေး ကိုယ့်နိုင်ငံ ပျက်စီးအောင်တော့ မလုပ်သင့်ဘူးပေါ့ဗျာ။ ဒီလောက် ပြည်တွင်းပြည်ပက အော်နေပြီဆိုရင် ပြသနာတစ်ခုခု ရှိလို့ပေါ့။ မရှိဘဲနဲ့တော့ ဘယ်သူမှ လေကုန်ခံ မပြောဘူး။ ကိုယ့်မြန်မာလူမျိုးကို ချစ်လို့၊ မြစ်ကြီးကို ချစ်လို့ ပြောနေကြတာပဲ။ အခုနောက်ပိုင်း ပြည်တွင်း နိုင်ငံရေးသမားတွေပါ ဒါကို အလေးထား ပြောလာကြတယ်။ ပြောချင်တာက ဒီလောက်ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာကြီးကို ရပ်တန့်ပစ်ဖို့ လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးသင့်နေပါပြီ။ အရင် အစိုးရ လုပ်ခဲ့တာ မှန်ပေမယ့် ဒါကို ဘယ်လို လုပ်ရမလဲ ဆိုတာဆွေးနွေးသင့်ဖို့ အချိန် ရောက်နေပါပြီ " ဟု မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသူ အသက် ၆ဝ ကျော်အရွယ် ပတ်ဝန်းကျင်ပညာရှင်တစ်ဦးကဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ကာ ဖြစ်ပေါ်လာနိုင်သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြန်လည် နေရာချထားရေး ဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် အထူး အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းမြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ဆိုးကျိုး သက်ရောက်မှု လွန်စွာ နည်းပါးကြောင်းကို အသေးစိတ် အချက်အလက်များနှင့်တကွ ဩဂုတ်လ ၉ ရက်နေ့တွင် 'ထာဝရအမွေအနှစ် မွန်မြတ်သည့် စေတနာ' ခေါင်းစဉ်ဖြင့် လျှပ်စစ်ဝန်ထမ်း တစ်ဦးက လည်းကောင်း၊ ဩဂုတ်လ ၁ဝ ရက်နေ့တွင် ' ကျွန်တော်တို့လည်း ဧရာဝတီကို ချစ်ပါတယ်' ခေါင်းစဉ်ဖြင့် ကျော်မင်းလူ (ရွှေပြည်သာ) ကလည်းကောင်း နိုင်ငံပိုင် သတင်းစာများတွင် ရေးသားခဲ့သည်။

The Voice သတင်းဂျာနယ် အင်တာနက် စာမျက်နှာ thevoicemyanmar.com မှ ဆောင်းပါးကို ကူးယူ ဖော်ပြသည်။




-

2 comments :

  1. Anonymous said... :

    ဖတ်ကြည့်သင့်ပါတယ်။
    http://shwepyithit.blogspot.com/2011/08/blog-post_10.html

  1. seindiamond said... :

    ကျွန်တော်တို့လည်းဧရာဝတီကိုချစ်ပါတယ်။
    ဟုတ်လား၊နင်ချစ်တာငါသိပါတယ်ဗမာစစ်သားရယ်။
    ဒီစကားတနိုင်ငံလုံးသိပါတယ်။
    အဲ့ဒီချစ်တယ်ဆိုတဲ့စကားဒီတင်ရပ်ပါဗမာစစ်သားရယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved