အိန္ဒိယ ငလျင် ၁၃ ဦးသေ ၃၀ ထက်မနည်း ဒဏ်ရာရ

Monday, September 19, 2011


ဆစ်ကင်မ်းငလျင်က အပျက်အစီးတွေကို ရှင်းလင်းနေတဲ့ ကယ်ဆယ်ရေးလုပ်သားတွေ (ဓာတ်ပုံ - AP)

အိန္ဒိယ-နီပေါနယ်စပ်၊ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဆစ်ကင်မ်းပြည်နယ် (Sikkim)မှာ ဒီကနေ့ ညနေ ၆ နာရီ ၁၀ မိနစ်လောက်က ပြင်းအား ၆.၈ ရစ်ချတာစကေးအဆင့်ရှိ ငလျင်ကြောင့် အဆောက်အဦးတွေပြိုပြီး ၁၃ ဦးသေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေကတော့ ၃၀ ထက်မနည်းရှိနေပြီး ငလျင်ကယ်ဆယ်ရေးအတွက် လေတပ်က အကူအညီတွေ ပေးနေတယ်လို့ သိရပါတယ်။

ငလျင်ကြောင့် ဆစ်ကင်မ်းရဲ့မြို့တော် ဂန်းတော့ခ် (Gangtok) မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး ရုပ်မြင်သံကြားလိုင်း တာဝါတိုင်တွေ၊ တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တွေ ပြိုလဲတာတွေကြောင့် ဆက်သွယ်ရေးလိုင်းကြောင်းတွေလည်း ပျက်သွားခဲ့ပါတယ်။ တောင်ပေါ်ဒေသဖြစ်လို့ လမ်းပြိုတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဆစ်ကင်မ်းမှာ လုပ်နေတဲ့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့အစည်းရဲ့ ညီလာခံတက်နေတဲ့ အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ ဗုဒ္ဓဘာသာ တက္ကသိုလ်က ဆရာတွေ၊ ထိုင်းနဲ့ ဗီယက်နမ်က ရဟန်းတော်တွေဟာ သက်ဆိုင်ရာမြို့တွေကို ကုန်းလမ်းခရီးကနေပြန်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
အဲ့ဒီငလျင်အပြီး မိနစ် ၂၀ မှာ ပြင်းအား ၅.၃ ရစ်ချတာစကေး၊ ၄.၂ ရစ်ချတာစကေး အဆင့်တွေရှိတဲ့ ထပ်ဆင့် ငလျင်တွေ လှုပ်ခတ်သွားပါသေးတယ်။

ဆစ်ကင်မ်းမှာ သေဆုံးသူတွေထဲက တယောက်ကတော့ ပြိုကျတဲ့အဆောက်အဦတွေနဲ့ဝေးရာပြေးတဲ့ လူအုပ်ကြီးအောက် လဲကျပြီး သေသွားတာလို့ ဆိုပါတယ်။ နီပေါနိုင်ငံမှာတော့ လူ ၄ ဦးသေဆုံးတယ်လို့ နီပေါနိုင်ငံက သတင်းတွေက ဆိုပါတယ်။ ဒါဂျီလင်မြို့မှာတော့ တောင်ပြိုတာတွေရှိပြီး လူအသေ
ငလျင်ကြောင့် ဘီဟားပြည်နယ်၊ အနောက်ဘင်ဂေါလ်ပြည်နယ်တွေမှာလည်း အဆောက်အဦပြိုကျပျက်စီးတာ၊ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ သိရပါတယ်။

နယူးဒေလီအပါအ၀င် ဂါယာ၊ နာလန္ဒာ၊ လက်ခ်နောင်း၊ ပတ္တနားစတဲ့ မြို့တွေမှာလည်း အင်အားအသင့်အတင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတာကို ခံစားခဲ့ကြရပါတယ်။ နယူးဒေလီအတွက်ကတော့ ဒါဟာ ဒီတလအတွင်း ဒုတိယအကြိမ်မြောက် ငလျင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ညပိုင်းက ၄.၂ ရစ်ချတာစကေး အဆင့်ရှိ ငလျင်တခု လှုပ်ခတ်သွားခဲ့ပြီး ပျက်စီးထိခိုက်မှုတော့ မရှိခဲ့ပါဘူး။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved