(ap ဓာတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့မျက်စိရှေ့ ၂၃ နှစ်တာ ကာလမှာ သူမလုပ်ဖူးတာတခုကို မကြေညာဘဲ လုပ်ထည့်လိုက်ပါတယ်။ အဲဒါကတော့ ဒီညနေခင်းမှာ ဘောလုံးပွဲသွားကြည့်လိုက်တာပါပဲ။
ဒီနေ့ ရန်ကုန် သုဝဏ္ဏကွင်း မှာလို ၂ နာရီ နီးပါး ကြာတဲ့ ဘောပွဲ အစအဆုံး ထိုင်ကြည့်ဖြစ်မယ်ဆိုတာကို သူကိုယ်တိုင်ရော၊ သူ့ကို စိတ်ဝင်စားထောက်ခံအားပေးသူများရော စဉ်းစားမိခဲ့မှာ မဟုတ်ပါဘူး။
ဒီနေ့ပွဲက ဘယ်လိုမှ ကြည့်လို့မကောင်းနိုင်တဲ့ အာဆီယံ ၁၉ နှစ်အောက် မြန်မာလာအိုပွဲ ဖြစ်တာကြောင့် ဘောလုံးရသ ခံစားဖို့ သွားတာမဟုတ်မှန်း အရမ်း သေချာနေပါတယ်။
အဖွားကြီး သုဝဏ္ဏကွင်း ဘာကြောင့်သွားတာလဲ၊ ဘာသွားလုပ်တာလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ ခုချိန်မှာ ဘယ်သူမှ ရေရေရာရာ မဖြေနိုင်သေးပါ။
ဒေါ်စု ကွင်းထဲ ရောက်နေပြီ ဆိုတဲ့ သတင်းက ဘောလုံးကန်နေကြစဉ်မှာပဲ အင်တာနက်မှာ ရောက်လာပါတယ်။ ပြည်ပရောက် ပန်းချီထိန်လင်းက - facebook မှာ "ကိုယ်တွေကတော့ အစွဲရှိတယ် ပြောပြော ဒီပွဲမှာ မြန်မာအသင်း နိုင်ခဲ့ရင်တော့ ဒေါ်အောင်ဆန်းစုကြည် လာအားပေးလို့ပဲလို့ ယူဆပါမယ်" ဆိုပြီး မှတ်ချက်ပြုပါတယ်။
သူ့ယူဆချက် မှန်ပါတယ်၊ မြန်မာအသင်း တဂိုးသုညနဲ့ အောင်ပွဲခံပါတယ်။
ဒီနေ့ပွဲ အောင်ပွဲခံသူတွေထဲ သေချာပေါက်ပါသူက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်ပါလိမ့်မယ်။
ခြောက်ကပ်ကပ် ဘောလုံးပွဲကြည့်ဖို့ ဒေါ်စုကို ဆွဲခေါ်နိုင်တဲ့ စီးပွားရေးသမားကြီး ဦးဇော်ဇော်ဟာ နှစ်ဆန်းပိုင်းတုန်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဘလတ္တာ မြန်မာပြည်ရောက်လာအောင် လုပ်ပြခဲ့ပါသေးတယ်။
ဘောလုံးပွဲတွေ အရောင်းသွက်အောင် မင်းသမီး မင်းသား ဘယ်သူ့ကိုဖြစ်ဖြစ် ကွင်းထဲ ခေါ်သွားတာ မထူးဆန်းပေမယ့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုကို ခေါ်သွားတာကတော့ ဗိုလ်ချုပ်ကြီးတို့ ဦးသိန်းစိန်ကြီးတို့ဆီက မီးစိမ်းပြမှု၊ ညွှန်ကြားမှုကြောင့်လား ဆိုတာ မေးစရာဖြစ်လာပါပြီ။
တခြားသော ဧရာမ လုပ်ငန်းရှင်ကြီးများလိုပဲ အကောင်ကြီးတွေနဲ့ ချိတ်ထားတယ်လို့ နာမည်ကြီးတဲ့ ဦးဇော်ဇော်ဟာ အနောက်နိုင်ငံများရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခံရသူစာရင်းထဲ ပါပါတယ်။
မြန်မာပြည်ရဲ့ အရှေ့အနောက်တောင်မြောက်နေရာအနှံ့ လုပ်ငန်းကြီးတွေရှိတဲ့ လုပ်ငန်းရှင် ဦးဇော်ဇော်က ဒီညနေပိုင်းမှာ လှလှပပ ကစားပြသွားပါပြီ။ သူ နဲ့ အာဏာပိုင်တွေ ရသွားတဲ့ အများမမြင်နိုင်တဲ့အကျိုးအမြတ်တွေက ဘာပါလိမ့် ဆိုတာကို ပရိသတ်က မေးခွန်းထုတ် ကျန်ခဲ့ပါတယ်။
ဒါဆိုရင် ဒေါ်စု ဘောလုံးပွဲ အသွားပြတာကရော ဘာကြောင့်လဲ။ သုဝဏ္ဏကွင်းကိုဖိတ်ခေါ်မှုဟာ သမ္မတကြီးရဲ့ အစီအစဉ်တခုဖြစ်တယ်လို့ ယုံကြည်လို့လား။ ဗိုလ်ချုပ်ကြီးတွေနဲ့နီးစပ်သူကိုတွေ့ခြင်းဖြင့် ဒိုင်ယာလော့ ဖြစ်မြောက်ရေးအတွက် အသုံးတည့်မယ် ယူဆလို့လား။ ဒါမှမဟုတ် အစိုးရနဲ့မကြာသေးခင်ကမှ သဘောတူထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတခုများလား။
နိုင်ငံရေးသမားမဟုတ်သူ ဘောလုံးပရိသတ်တွေကတော့ ဒေါ်စု ကွင်းထဲရောက်လာလို့ ၀မ်းသာကြပါတယ် တဲ့။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနွယ်သူတွေကတော့ '"ဟင် - ဘာပါလိမ့်" ဖြစ်နေကြပါပြီ။
နိုင်ငံရေးမှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုပြောလို့ မရသလို ဘောလုံးပွဲလည်း တခါတရံ ထိုနည်းတူပါပဲ။
ဘောလုံးပွဲတွေမှာ သေချာပေါက် ကောက်ချက်ချလို့မရဘူး ပြောချင်ရင် "ဘောလုံးက လုံးတယ်၊ ပုံသေတွက်လို့ မရဘူး" လို့ ဆိုတတ်ကြပါတယ်။
အခု ဒေါ်စု သုဝဏ္ဏကွင်းထဲက ထွက်လာတာ မြင်ရတော့ အင်း - မြန်မာပြည်နိုင်ငံရေးက လုံးတယ်လို့ပဲ ဆိုရတော့မှာပါ။
.....
အင်း.. တဖက်ကလှည့်ကြည့်မယ်ဆိုရင်တော့ ဒေါ်စု မလဲကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်အချိန်လေးတော့ ရှိမှာပါ အဲ့ဒီအချိန်လေးတွေမှာ ဘောလုံးပွဲပဲကြည့်ကြည့် သူ့ခြံထဲမှာပဲ ကြက်တောင်ရိုက်ရိုက်ပေါ့ဗျာ နိုင်ငံရေးနဲ့လဲမပတ်သက်ပါဘူး၊ ပြီးတော့ ပြည်သူတွေကရော မီဒီယာတွေကပဲ ထစ်ခနဲ့ဆို ဒေါ်စုကိုပဲ ပါးစပ်အဟောင်းသားလေးနဲ့ ငေးငေးကြည့်နေလိုက်ကြတာ ဒေါ်စုက ကယ်တင်ရှင်မဟုတ်တာတော့ ကျိန်းသေပါတယ်၊ အာဏာရှင်အစိုးရလက်အောက်ကနေ ဥုံဖွ!! ဆိုပြီး လွတ်မြောက်အောင်လုပ်ပေးနိုင်မှာလဲမဟုတ်ပါဘူး၊ ပြည်သူတွေကိုယ်တိုင်က ဒေါ်စုနဲ့လက်တွဲလုပ်မှဖြစ်မှာပါ၊ သူလဲ အကျဉ်းကလွတ်တာလာမကြာသေး ပြည်သူတွေက ကယ်ပါယူပါ တစာစာဆိုတော့ ကြာတော့ ညစ်လာမှာပေါ့ဗျာ။