သမ္မတရဲ့ မြစ်ဆုံဆိုင်ရာ သ၀ဏ်လွှာ

Friday, September 30, 2011

......




သမ္မတပေးပို့တဲ့ သ၀ဏ်လွှာကို ဒီနေ့ လွှတ်တော်မှာ ဖတ်ပြတယ်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ သမ္မတ၏ သ၀ဏ်လွှာ


၁။ ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါသည်။

၃။ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ တူညီသော မျော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''၀'' အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။ အချို့အဖွဲ့များသည်လည်း ပြည်နယ်အစိုးရများထံ ငြိမ်းချမ်းရေးရယူရန် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားများအားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ပြန်လာနေကြပြီဖြစ်ပါသည်။ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။

၅။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက်တိုးတက်အောင် ဆောင်ရွက်ရင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်မှုနိုင်ငံထူထောင်နိုင်ရန် လျပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများအနက် အနျူမြူစွမ်းအင်ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ်ကြီးမားလှသည့်အပြင် ငွေကြေးမပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကျောက်မီးသွေးသယံဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှုမရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင်ဖြစ်ပါသည်။

၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထွက်ရှိသော်လည်း ပြည်ပအရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍ မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန်အတွက်ပင် လုံလောက်မှုမရှိသေးပါ။

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့် အဆိုပါမြစ် ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂)ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(၇)ရုံသာရှိခဲ့ပြီး စုစုပေါင်းစက်တပ် ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -

(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။

(ခ) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။

(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း။

(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေပျက်စီးမှုရှိနိုင်ခြင်း။

(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။

၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။

သမ္မတကြီး၏ ယနေ့ပေးပို့သော သ၀ဏ်လွှာ by kothetzawaung



......

4 comments :

  1. Anonymous said... :

    It is the rarest victory of the defending people of Burma. The President says it is suspended during the term of this government. That is more than three years remaining. People will be out of fears for that long in regards to the dam project. If we continue the demand, would anyone think the next government will rescind the suspension? This is the hardest and most stubborn government in the world. They even listen to the people's voice at least for now. The next civilian government would not continue this plan. They should only calculate how best they can refund to China.SUSPENSION IS ENOUGH FOR NOW! This is the people's victory.

  1. par par said... :

    သမ္မတကြီး မိုးရာသီဖြစ်လို့ ခေတ္တ ရပ်နားတာလား,ပွင့်လင်းရာသီရောက်ရင်ပြန်လုပ်မယ်ပေါ့

  1. Anonymous said... :

ံရေအားလျှပ်စစ် project တွေ တကယ်ရပ်ပါမယ်။ ဖျက်သိမ်းပါ့မယ်လို့စစ်ဆေးမလဲ။ သမ္မတကြီးက တကယ်ရပ်ပါပြီလိုဘယ်လိုသက်သေပြမလဲ။ တိတ်တဆတ်ဆက်လုပ်မနေပါဘူးလို့ ဘယ်သူက ဘယ်လိုအာမခံမလဲ။ အလိမ်ခံရပေါင်းများလို့ သတိထားပြီ သေချာအောင်လုပ်သင့်ပါတယ်။ တကယ်ဆက်လုပ်နေတာဘယ်သူမှမသိဘဲ လည်ပတ်တော့မှသိရတဲ့အဖြစ်မျိုးကိုလက်မခံနိုင်ပါ။

  1. Anonymous said... :

    ၁) နိုင်ငံတော်မှ ပြည်သူကို အသိမပေးဘဲ ချုပ်ဆိုတားသော စာချုပ် စီမံကိန်းအားလုံးကို တစ်ခုမကျန် အခုချက်ချင်း အသိပေးရန်
    ၂) ရေအားလျှပ်စစ် စီမံကိန် တကယ်ရပ်ကြောင်း နိုင်ငံတကာအသိအမှတ်ပြု 3rd party(ကြားနေအဖွဲ့ တစ်ဖွဲ့ ) အားစစ်ဆေးခွင်ပြုရန်။
    ၃) တရုပ်အလုပ်သမားများ ချက်ချင်းထွက်သွားရန်။
    ၄) ဆောက်လုပ်ရေးယန္တရားများ၊ မြေသယ်ယာဉ်များအားလုံး စီမံကိန်းနေရာမှ ဖယ်ရှားဖြစ်ရန်
    ၅) လက်ရှိအနေအထားမှ သဘာဝနှင့်သဟဇာတဖြစ်အောင် ပြန်လည်ပြုလုပ်မည့်လုပ်ငန်းစဉ်များ အမြန်အကောင်အထည်ဖော်ပေးရန်
    ၆) ပြည်သူ အားအသိပေးသည့်အနေဖြင့် သတင်းစာ များအားလုံးမှ တကယ်ရပ်ကြောင်း ဓါတ်ပုံများဖြင့်တကွ ဖော်ပြရန်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved