မင်းတို့မယားတွေ မုဆိုးမဖြစ်ကုန်မယ် (အပိုင်း-၄)

Wednesday, September 14, 2011

၁၉၄၂ ဇွန်တွင် ဂျပန်တပ်များ မြန်မာပြည်သို့ အဝင် (ဓာတ်ပုံ - Burmalibrary)


ဗိုလ်ဖိုက်တာ

[ အပိုင်း (၁)အပိုင်း (၂) နှင့် အပိုင်း (၃) ဖတ်ရန် ]
ပိုဆိုးတဲ့ဖက်ဆစ်

ဒီတခါအဖေပြောပြတာက “ဖက်ဆစ်ဂျပန်” အကြောင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂျပန်ခေါင်းဆောင်တွေ နှစ်ဖက်ကတိက၀တ် ပြုတာရှိခဲ့ပါသတဲ့။ ဘယ်အခြေအနေ ဘယ်အချိန်အခါမှာ ဗိုလ်ဖိုက်တာတို့ရဲ့ တိုင်းပြည်လွတ်လပ်ရေး ရစေရမယ်ဆိုတဲ့ အချက်တဲ့ခင်ဗျ။

“ဒါပေမယ့်..လူလေးရဲ့..။ တကယ်လက်တွေ့ကျတော့ ဖက်ဆစ်ဂျပန်တွေဘက်က ကတိက၀တ်ကို ချိုးဖျက်ခဲ့တယ်။ ဒါ့ပြင်… တိုင်းသူပြည်သားတွေကို အဲ… အညာစကားနဲ့ပြောရရင် စော်ကားချက်ကတော့လက်ကုန်ပဲ..။ နမူနာတွေပြောပြမယ်။ လူလေးရဲ့အသည်းတွေ၊ နှလုံးတွေ တဆတ်ဆတ်တုန်လာလိမ့်မယ်”

အဖေ့ ပဏာမစကား ကြားရရုံမျှနဲ့ပဲ ကျနော်ဗိုလ်ဖိုက်တာ့ ရင်ထဲ`နင့်´သွားရပါတယ်။

“လူတွေကို.. ပါးနားရိုက်၊ လက်သဲခွံကိုဆွဲနှုတ်၊ ရေနွေးပူနဲ့လောင်း၊ လူကိုကြိုးတုပ်ပြီး အမြင့်တနေရာမှာ ဇောက်ထိုးဆွဲ၊ မိန်းမသားတွေကိုစော်ကား..။ အသတ်ခံရမယ့်သူဆိုရင် ကိုယ့်ကျင်းကိုယ်တူးပြီး အဲဒီကျင်းထဲမှာ လည်စင်းပေးရ..။ ဖြစ်ကြောင်းရယ်ကုန်စင်ကို ခုမှတော့..မထူးတော့ပါဘူးကွယ်၊ အဖေပြောပြပါတော့မယ်..။ ဒီကောင်တွေကြောင့် လူကလေးရဲ့ နာမည် ဗိုလ်ဖိုက်တာရယ်လို့ ဖြစ်လာခဲ့တာ”

“ဟိုက်”

ဟော..ယခုပဲ ကျနော့်နံမည်က ကျနော့်အတွက် ပဟေဠိဖြစ်လာပါတော့တယ်။

“ဒီလိုကွယ့် လူလေး..ရဲ့”

အဲဒီလို နိဒါန်းချီပြီး အဖေပြောပြလို့သိရတာက အဖေက လယ်ကွင်းထဲလွှတ်ကျောင်းထားတဲ့ နွားတွေကို တညနေခင်းမှာ`မ´ပြီး ရွာကိုပြန်အလာတဲ့ခင်ဗျ…။

ရွာရဲ့နောက်ဘက်ကပ်လျက်က သောက်ရေကန်အနီးမှာ တွေ့ရတာတဲ့..။ သောက်ရေခပ်ဖို့ ရေအိုးရွက်လာတဲ့မိန်းကလေးဆီကို ဂျပန်တကောင်က နောက်က သုတ်သုတ်လိုက်သွားသတဲ့..။

“လူလေးရဲ့..။ ဟင်း..ခွေးမသားက မိန်းကလေးကို မှီလည်းမှီရော လှမ်းဆွဲသကွယ့်။ အဖေလည်း ချက်ချင်းတဟုန်ထိုး ပြေးသွားလိုက်တယ်..။ အဖေရောက်သွားတော့ နှစ်ယောက်က ဆွဲလားလွဲလားဖြစ်နေရာက မိန်းခလေးက မြေကြီးပေါ်လဲကျသွားတယ်။ ဂျပန်ကောင်က မွှန်နေတော့ အဖေ့ကို သတိမထားမိဘူး။ ဘာပြောကောင်းမလဲ လူလေးရာ..”

အဲဒီလိုပြောပြနေတုန်း အဖေ့ရဲ့မျက်လုံးတွေက စူးစူးရှရှတောက်ပလို့ခင်ဗျ။

“ဟင်း… ပြုတ်ကျနေတဲ့ ဂျပန်ဓားကိုတွေ့..။ ဓားကိုဓားအိမ်ထဲကဆွဲချွတ်..။ အဲ..ဂျပန်ကောင်ကို သူ့ဂျပန်ဓားနဲ့ပဲ တစ်ချက်တည်း `ကိစ္စတုန်း´ လုပ်ပစ်လိုက်တယ်”

အဲဒီလိုပြောပြီးမှပဲ အဖေဟာ ဂဏာငြိမ်လာတယ်။ နောက် အဖေက ဆက်ပြောပါတယ်။

“လက်မတင်လေးပဲကွယ့် လူကလေးရဲ့..။ မိန်းကလေးခမျာ… ကိုယ်ကျိုးနဲရမယ့်ဘ၀က လွတ်မြောက်သွားရှာတာ။ မိန်းကလေးလည်း တချိုးတည်းအိမ်ကိုပြန်ပြေး.။ အဖေလည်း ဂျပန်ဓားကို ဓားအိမ်ထဲပြန်ထဲ့ပြီး အိမ်ကိုအပြေးကလေးယူလာ….။ အခင်းဖြစ်တဲ့နေရာမှာ ဂျပန်လူသေကောင်နဲ့ မိန်းကလေးရဲ့ရေအိုးပဲ ကျန်ခဲ့တော့တယ်”

အဖေ..ဟာ စိတ်ခံစားချက်ကြောင့်ပေလား..၊ ပြောရင်းပြောရင်း မောဟိုက်လာလို့ ခဏမျှနားပြီးမှ ဆက်ပြောနိုင်ပါတယ်။

“အဲဒီညက အဖေဟာ အိမ်မှာဆက်နေလို့ မဖြစ်တော့ဘူး။ လူလေးရဲ့အမေက အ၀တ်ထုပ်ကလေးဆွဲလို့..။ နှစ်ယောက်သား ကျွဲစာကျက်ရဲ့ ဟိုးဘက်ကတောထဲကို ရှောင်ခဲ့ရတယ်..။ တညလုံး အိပ်မရပါဘူးကွယ်..။ ခြင်ကကိုက်လိုက်ပါဘိ..။ အာရုဏ်တက် လင်းရောင်ခြည်လေးလာတော့ ဖထီးတို့အမိုးတို့နေတဲ့`ကျခတ်ရွာ´ကို ခပ်သော့သော့ခရီးနှင်ခဲ့တယ်”

ဟုတ်ပါတယ်..။ ဖထီးတို့အမိုးတို့ရဲ့ရွာ..။ `ကျခတ်ရွာ´ဆိုတဲ့အတိုင်းပါပဲ။ သေနတ်ကျည်ဆံတောင် တိုးမပေါက်တဲ့ ကျခတ်ဝါးတော ထူထူထဲထဲပိတ်ပိတ်ကြီးက `ကျခတ်ရွာ´ ကို ကာဆီးထားတာကလား။
ရွာသူရွာသားဦးရေက မများလှပါဘူး..။ ကရင်တိုင်းရင်းသားလူမျိုးတွေ..။ ကရင်က မစပ်စုဘူး။ အပေါက်အစမထူဘူး။ ဗူးဆိုဖယုံမသီးဘူးခင်ဗျ…။

ဒါတွေကို ကျနော်သိထားတာက ဒီရွာဟာကျနော့်ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ…။ နှစ်တိုင်း သီတင်းကျွတ်ရင် ဖထီးတို့အမိုးတို့ဆီ သွားရောက်ကန်တော့နေကျ..။ ဒါတွေးကို ပြန်လည်သတိရနေစဉ် အဖေဆက်ပြောတာတွေကို ကြားနေရပါတယ်..။

“လူလေးကို `ကျခတ်ရွာ´ မှာမွေးခဲ့တာ..။ ဖထီးတို့ အမိုးတို့အိမ်မှာ မှီခိုနေရင်းမွေးခဲ့တာ..။ ဒါကြောင့်ဖထီးတို့ အမိုးတို့ရဲ့ကျေးဇူးတရားတွေရှိတယ်..။ ဒါတွေလောက်ပဲ လူလေးကို အသိပေးထားခဲ့တယ်..။”

ဒီစကားအရဆို ကျနော်ဗိုလ်ဖိုက်တာကို အသိပေးစရာတွေ အဖေ့မှာဘာတွေများရှိသေးသလဲလို့ စဉ်းစားမိပါတော့တယ်..။

“ခုတော့ လူလေးလည်း သိနားလည်နိုင်တဲ့အရွယ် ရောက်လာပြီးမို့ ဖြစ်ကြောင်းရယ်ကုန်စင် ဇာတ်လမ်းကို နောက်ကြောင်းပြန်တာပဲ..။ အဲ … လူလေးရဲ့နာမည်ဖြစ်လာပုံက.. ”

ဒီခါမှာ ကျနော်ဗိုလ်ဖိုက်တာ့ရင်ထဲမှာ သိလိုဇောနဲ့ `ရင်တွင်းဖြစ်´ ကလေးတခုဖြစ်လာတာက တဒိတ်..ဒိတ် နှလုံးခုန်နှုန်း မြန်လာတာပါခင်ဗျာ..။

“လူလေးရဲ့..။ ဖထီးက ပြောတယ်..။ အဖေဟာ ဂျပန်ကိုအပြတ်`ဖိုက်´ပြီး သူ့တို့အိမ်မှာ လာရောက်ပုန်းခိုခဲ့တာတဲ့..။ သူ့တို့အိမ်မှာ ပုန်းခိုရင်းလူလေးကို မွေးဖွားခဲ့တာတဲ့..။ လူလေးက သူတို့လက်ပေါ်မှာ ကြီးပြင်းခဲ့တာတဲ့..။ ဒါကြောင့်ဖထီးက လူလေးကို သူကိုယ်တိုင် စိတ်ကြိုက်နာမည် ပေးချင်တယ်တဲ့..။ ဂျပန်ကို `ဖိုက်´ တဲ့ဖြစ်ရပ်ကစခဲ့တာမို့ ဖထီးကလည်း အင်္ဂလိပ်လို မတောက်တခေါက်တတ်ထားလို့ ဖထီးက နာမည်ပေးလိုက်ပါတယ်။ `ဗိုလ်ဖိုက်တာ´တဲ့..။

ကျနော်နံမည် `ဗိုလ်ဖိုက်တာ´ဆိုတဲ့ `ပညတ်သွားရာ ဓာတ် ပါ´ လို့ထင်ပါရဲ့..။

ကျနော်ဗိုလ်ဖိုက်တာဟာ အရွယ်ရောက်လို့ လူလားမြောက်လာချိန်ကစပြီး တပွဲပြီးတပွဲ ဖိုက်တင်ပွဲချည်းပဲ နွှဲပြီးရင်းနွှဲနေရပါတော့တယ်။

ကျနော်ဘယ်သူကို ဖိုက်တာလဲ..။ ဘယ်သူအတွက်ဖိုက်တာလဲ..။ ဘာအတွက်ဖိုက်တာလဲ..။ ဒါတွေကို ဆက်လက်တင်ပြသွားပါ့မယ်ခင်ဗျာ။

(ဆက်လက် ဖော်ပြပါမည်)



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved