နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးပါ၊ မြစ်ဆုံဆည်စီမံကိန်း ရပ်ပေးပါ

Monday, September 26, 2011


ဒီနေ့ကျရောက်တဲ့ ၄နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့မှာ နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေကိုရပ်ဖို့၊ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ဖို့ သမတဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက်ပါတယ်။

သမတဦးသိန်းစိန်ရဲ့ ပြည်ပရောက်မြန်မာတွေကို ဖိတ်ခေါ်ချက်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးပဲနဲ့ အပြောသက်သက်ဖြစ်နေတာကြောင့် လက်ခံနိုင်ဖွယ်ရာမရှိတဲ့အကြောင်း၊ ပြည်ပရောက်တွေကို အမှန်တကယ်ပြန်လာစေချင်တယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တာတွေ၊ တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်နေတာတွေကို အရင်ဆုံး ရပ်တန့်သင့်တဲ့အကြောင်း ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ်ဆန္ဒပြပွဲကို ဦးဆောင်တဲ့ သာသနာ့ဥသျှောင်၊ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (အိန္ဒိယ)က ဆရာတော် ပညာဇောတက မိန့်ပါတယ်။

နယူးဒေလီက ရှစ်လေးလုံးကျောင်းဆရာတော် ဦး အဂ္ဂဓမ္မကလည်း အကျဉ်းကျခံနေရတဲ့ အရှင် ဂမ္ဘီရအပါအ၀င် သံဃာတော်တွေ၊ သီလရှင်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့၊ ပြန်မလွှတ်ပေးခင် ထောင်ထဲနေရချိန်မှာလည်း ထောင်တွင်းရပိုင်ခွင့်တွေ ပြည့်ပြည့်၀၀ ခံစားပေးဖို့လိုအပ်ကြောင်း မိန့်ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ပေါ်မှာ ဆည်တည်ဆောက်လိုက်တာကို ပြည်သူတွေက မနှစ်မြို့ကန့်ကွက်နေကြပေမယ့် မဖြစ်မနေ ဆောက်လုပ်မယ်လို့ မပြောဆိုသင့်ကြောင်း၊ တိုင်းပြည်ရဲ့ ရှေ့ရေးတွေကို တွက်ဆပြီး မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ပေးဖို့ သမတ ဦးသိန်းစိန်အစိုးရအဖွဲ့နဲ့ တရုတ်အစိုးရကို တိုက်တွန်းလိုတယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ပြောဆိုကြပါတယ်။

(ဓာတ်ပုံ - ဧရာဝတီ)
-----

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved