ရွှေဝါရောင်နှစ်ပတ်လည်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးတောင်းဆို

Monday, September 26, 2011




ရွှေဝါရောင်တော်လှန်ရေး လေးနှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကို
ရန်ကုန်တိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၅ ရပ်ကွက် ၆ ၀ိုင်း ပစ္ဆိမာရုံ(မြိတ်) ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး
ပြည်တွင်း နိုင်ငံရေးအင်အားစုများ စုံစုံညီညီတက်ရောက်ခဲ့ကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြသည်။

ယနေ့နံနက် ၉ နာရီတွင် စတင်ကျင်းပသော ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင် ကျဆုံး သွားခဲ့ရသူများအတွက် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း၊ မူလတန်းကျောင်းသားများအား စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်း တို့ ပြုလုပ်ခဲ့သည်။

ရွှေဝါရောင်နှစ်ပတ်လည်အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးဝင်းတင် အပါအ၀င် ပါတီဝင်များ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌဦးသုဝေ အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ၊ အမျိုးသားဒီမိုကရေစီအင်
အားစု (NDF) မှ ပါတီဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တသီးပုဂ္ဂလ အမတ်များ၊ ဒေါက်တာစောနိုင် ဦးဆောင်သော တောင်ဥက္ကလာလူငယ်ကွန်ရက် အပါအ၀င် ကွန်ရက်အဖွဲ့ဝင်များ စသည်ဖြင့် တက်ရောက်သူပေါင်း ၁၀၀၀
ကျော်ရှိသည်။

“ရွှေဝါရောင် တော်လှန်ရေးမှာ ကျဆုံးသွားကြတဲ့ သံဃာတော်တွေ၊ ရဟန်းရှင်လူ ပြည်သူတွေကို သတိရအောက်မေ့တဲ့ အနေနဲ့ ဒီပွဲလေးကို လုပ်ဖြစ်ပါတယ်။ အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သတိရတဲ့ အနေနဲ့ တက်ရောက်ကြတာပါ” ဟု ပွဲစီစဉ်သူ တောင်ဥက္ကလာလူငယ် ကွန်ရက်မှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသား ကိုသိန်းဌေးက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုစာ ဖတ်ကြားခဲ့သည်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ အားလုံးက ညီညီညွတ်ညွတ်ပဲ တောင်းဆိုကြတာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားတဦးက ဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအနေနှင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ထောင် မည်ဆိုလျှင် နိုင်ငံရေးအကျဉ်းသား
များ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရမည်ဟု တောင်ဥက္ကလာ လူငယ်ကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

ယင်းအခမ်းအနားသို့ သံဃာတော် အပါး ၇၀ ကျော်တက်ရောက်ခဲ့ကြပြီး အရပ်ဝတ်ရဲများက အခမ်းအနား တက်ရောက်လာသူများကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့် အယှက် ပေးခြင်း မရှိခဲ့ပေ။

သတင်း/ ဓာတ်ပုံ - ဧရာဝတီ

2 comments :

  1. Anonymous said... :

    " နိုင်ငံရေးဆိုတာ အထိမ်းအမှတ်ပွဲတွေ လုပ်လိုက်၊ တောင်းဆိုလိုက်၊ ဆန္ဒပြလိုက်ဆိုတာ ထက်ပိုပြီး ကျယ် ကျယ် ပြန့်ပြန့် စဉ်းစားထားဖို့လိုပါတယ်"Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်

  1. Anonymous said... :

    ကပ်ဖားရပ်ဖားပြောတာ နိုင်ငံရေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved