ကျနော် ရန်ကုန်သား

Friday, October 28, 2011


ကျားပေါက်

မဟာရန်ကုန်ဟာ အလောင်းဘုရား လက်ထက်ကနေ အင်္ဂလိပ်ကျွန်ဘဝ ရောက်ပြန်တော့လည်း အုပ်ချုပ်သူ မျက်နှာဖြူတွေရဲ့ ရုံးစိုက်ရာမြို့တော် ဖြစ်လာပြန်၊ မြူနီစပယ် နယ်နိမိတ်တွေ သတ်မှတ်နဲ့ ရန်ကုန်မြို့ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းအတိုင်း မျက်နှာဖြူတွေ အုပ်ချုပ်ရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် ထားခဲ့ပါတယ်။ နအဖ တပ်ချုပ်က ဗေဒင်နဲ့ မျက်နှာဖြူ ကိုလိုနီလက်သစ် လေကြောင်းရန် ကြောက်တာနဲ့ နေပြည်တော် ပြေးပြန်တော့လည်း ရန်ကုန်သားတို့ရင်ထဲ မချိပေမယ့် ပြုံးနေရတာပဲ မဟုတ်လား။

မဟာရန်ကုန်ကို စီးပွားရေးမြို့တော်အဖြစ်ပဲ ထားတော့မယ်ဆိုပြီး အဆင့်အတန်း လျှော့ချခဲ့ပေမယ့် မဟာရန်ကုန်ကရတဲ့ အကျိုးအမြတ်ကိုတော့ နေပြည်တော် အကုန်သယ်ကြဆိုပြီး ဒုသမ္မတ ၈ လုံးက ပေါက်ဖော်ဘက်ကရတာတွေ အကုန် သူ့အိတ်ထဲထည့်၊ နေပြည်တော် လိုအပ်ချက်ကို ရန်ကုန်သားတို့ ကျောကော့ခံရတာပေါ့။

အစိုးရတရပ် ရပ်တည်ဖို့၊ လည်ပတ်ဖို့ အခွန်ထဲက သုံးရသလို အခွန်ဆောင်ရတဲ့ သူတွေအတွက်လည်း ပြန်လုပ်ပေးရတာ နိုင်ငံတိုင်းရဲ့တာဝန်၊ အစိုးရတိုင်းရဲ့တာဝန်ပဲ မဟုတ်လား။ အစိုးရဆိုတာ ဓားပြလို၊ သူခိုးလို လုပ်လို့မရ၊ ပြည်သူတွေ အခွန်ကို အချိုးကျ ဆောင်ရွက်ပေးရပါတယ်။

အာဏာရှင်စနစ်မှာတော့ ဘာမှမသိရပေမယ့် ဝိုးတဝါး သမ္မတကြီး လက်ထက်မှာ ပြောစရာများ ဖြစ်နေမလားမသိ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာလည်း ကိုယ်တိုင်ရေးတာပဲ မဟုတ်လား။ မသိချင်ယောင် ဆောင်နေတဲ့ တိုင်းရင်းသား ၇၀၀ ကျော်ကိုခေါ် ညောင်နှစ်ပင်မှာ သမ္မတလောင်း ကွယ်လွန်သူ ဒေါက်တာမောင်မောင် ရေးခဲ့တဲ့ စစ်အာဏာရှင်မှ အရပ်ဝတ် စစ်အာဏာရှင်များ အန္တရာယ်ကင်းကင်းနဲ့ ထင်ရာလုပ်နိုင်မယ့် ဖွဲ့စည်းပုံ မူကြမ်းကို သည်၊ ၏ လောက် ပြင်ပြီး ထုတ်လိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းတော့ အုပ်ချုပ်သင့်တာပေါ့။ ကိုယ်စားနေကျ ထမင်းစားပွဲပေါ်တက်ပြီး အလေးအပေါ့ မသွားသင့်ပါ။

ဒါပေမယ့် ထင်တာနဲ့လုပ်တာ တခြားစီ ဖြစ်နေပြီလား မသိပါ။ အစိုးရအသစ် ဖွဲ့ပြီးတဲ့အချိန်က စပြီး ဒုသမ္မတနဲ့ ဦးအောင်သောင်းတို့ ရန်ကုန် စည်ပင်သာယာကရတဲ့ ပိုက်ဆံတွေ အကုန် နေပြည်တော်ပို့လို့ အမိန့်ချလေရဲ့။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း (သို့) အပြောင်းသိမ်း လက်ထက်ကမှ ရန်ကုန်မှာ လမ်းတခြမ်း ခင်းနိုင်သေး။

ဗိုလ်ချုပ်ကြီး မြင့်ဆွေ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဘဝလည်းရောက် မြို့တော် စည်ပင်သာယာတွက် ငွေမကျန်တော့ဘူးလားလို့ မေးကြည့်တော့ ဦးအောင်သောင်းအမိန့်နဲ့ နေပြည်တော် ပို့လိုက်ပါပြီတဲ့။

ကိုရွှေရန်ကုန်သားတို့ အခြေခံဥပဒေ အကျိုးလေးတော့ ခံစားသင့်တာပေါ့။ ကိုယ့်ဖဲ ကိုယ်ချိုးရိုက်တာတောင် ကိုယ့်ဥပဒေကို မလေးမစားလုပ်တာ လွန်တယ်လို့ ထင်ပါတယ်။

လမ်းပျက်တာ၊ လမ်းပေါက်နေတာ၊ အမှိုက်မသိမ်းနိုင်တာ စည်ပင်ညံ့လို့၊ အလုပ်မလုပ်လို့ မဟုတ်ပါ။ ဝန်ကြီးချုပ် မြင့်ဆွေမှာ ငွေကိုမရှိတာပါတဲ့။

ပြည်နယ်တွေက ရတဲ့ငွေကို ဗဟိုအစိုးရနဲ့ ပြည်ထောင်စု လွှတ်တော်မှာ ထင်ရာလုပ် ဓားပြတိုက်ဖို့ ဦးအောင်သောင်းက စနစ်ကျပါတယ်။ လွှတ်တော် ဥက္ကဋ္ဌအဖြစ် လေထီးနဲ့ဆင်းပြီး နေရာယူထားတဲ့ ကိုရွှေမန်းကလည်း ဦးအောင်သောင်းတို့ကို မကျော်နိုင်ပါ။

ကိုရွှေမန်းကို “ရန်ကုန်သားတွေအတွက်လို့ စဉ်းစားပေးရင် မင်းသေသွားမယ် ရွှေမန်း” လို့ ကြိမ်းရဲတဲ့ ဦးအောင်သောင်းကို ပြည်ခိုင်ဖြိုး အမာခံတွေက သူရဲကောင်း မြှောက်ပြီလေ။

ဦးအောင်သောင်းရဲ့အစွမ်းက ဝန်ကြီးဖြစ်နေမှ မဟုတ်၊ ဘယ်နေရာ ရောက်ရောက် အစွမ်းရှိပါတယ်တဲ့။ ဝိုးတဝါး သမ္မတကြီးကို ဦးအောင်သောင်းတို့ အနိုင်ကျင့်ချင်တိုင်း ကျင့်နိုင်မှတော့ ရန်ကုန်မြို့လောက်တော့ ပြောစရာမရှိတော့ပါ။ သူထင်ရာ လုပ်နိုင်ဖို့ ပြည်နယ် ကြံ့ဖွံ့ အမာခံတွေနဲ့ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ကိုဌေးဦးကို ဖိနိုင်တာပေါ့။ ကိုဌေးဦးကိုယ်တိုင်က နေရာလွတ်မှာ ပိုစိုးရိမ်လာပုံရပါတယ်။ မွေးစားဖခင်ကြီး ဦးသန်းရွှေ လက်ရှောင်ပြီး ကတည်းက ကိုအောင်သောင်း အုပ်စုကိုတွေ့ရင် ငယ်ကြောက်တယောက်လို ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကိုဌေးဦး တယောက်တည်းတင်လားဆိုတော့ ကိုရွှေမန်းပါ အဆစ်ပါတယ်တယ်တဲ့။ အတွင်းပြဿနာတွေ များလာလေလေ ကိုအောင်သောင်းရဲ့ အာဏာရပ်တည်မှု ခိုင်မာလေလေလို့ ဆိုပါတယ်။ ဝိုးတဝါး သမ္မတကြီးကို ကျနော်တို့ တပ်ချုပ်လုပ်ခိုင်းထားလို့ ဆိုတာနဲ့ အနိုင်ယူလေ့ရှိတဲ့ ဦးအောင်သောင်းကို ကြံ့ဖွံ့အနာဂတ် ခေါင်းဆောင်လို့ ဆိုပါတယ်။

နိုင်ငံရေး စနစ်သစ်စတာနဲ့ ဝိုးတဝါး သမ္မတ၊ လေထီးနဲ့ဆင်း လွှတ်တော် ဥက္ကဌဖြစ်လာသူ၊ ပါတီအထွေထွေ အတွင်းရေးမှူးကော ဦးအောင်သောင်းကို မလှန်နိုင်ဘူးလို့ ဆိုပါတယ်။ ပြည်နယ် ဝန်ကြီးချုပ်တွေဆို မပြောနဲ့၊ ပြည်ထောင်စုအဆင့်မရှိနဲ့ ရှင်းပြစရာမလိုဘူးဆိုပြီး နေ့စဉ်နဲ့အမျှ စိန်ခေါ်နေတဲ့ ဦးအောင်သောင်းကို ပြည်ခိုင်ဖြိုးတွေ ထောက်ခံလာတာ မဆန်းပါဘူး။

ဒါပေမယ့် ရန်ကုန်သူ ရန်ကုန်သားတွေရဲ့ အခွန်ဆောင်တွေကို နေပြည်တော် ယူသွားတာ မေးခွန်းထုတ်သင့်တယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ် ဗိုလ်ချုပ်မြင့်ဆွေကိုယ်တိုင် ပေါက်တူးကိုင်ပြီး လမ်းပေါက်တာဖာ၊ အမှိုက်ကိုယ်တိုင်ရှင်းဖို့ မတောင်းဆိုသင့်ဘူးလား။

ခင်ဗျားတို့ အခွန်ပေးနေတာပဲ၊ ခင်ဗျားတို့လမ်းတွေ ကောင်းမလာသင့်ဘူးလား၊ မီးမလာတာကို ငြိမ်ခံကြမှာလား၊ အောက်က ဝန်ထမ်းတွေကို စိတ်ဆိုးတာနဲ့ စိတ်ပြေမလား၊ ဒုသမ္မတ ၈ လုံးနဲ့ ဦးအောင်သောင်းတို့ ရန်ကုန်က ကောက်လို့ရသမျှအခွန် နေပြည်တော်ကို မယူဖို့၊ အခြေခံ ဥပဒေနဲ့ မညီတာ လုပ်နေတာကို ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်မြင့်ဆွေကတော့ ဒီအတိုင်း ကြည့်နေရသလား။ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ လေထီးဆရာကလည်း ဓားပြတိုက်ခွင့် ပေးသင့်သလား။ သမ္မတကြီးကကော ငြိမ်နေတာ ကောင်းပါတယ်၊ ထသွားမှ ငါကျိုးမှန်း သိကုန်မယ်လို့ စဉ်းစားနေသလား။ ရန်ကုန်သားတို့ ဒီဆရာတွေပဲရေးတဲ့ အခြေခံဥပဒေနဲ့အညီ ကိုယ်လမ်းပျက်တာ၊ အမှိုက်မရှင်းတာ၊ မီးမရတာတွေကို တင်ပြပါ။ ဆွေးနွေးပါ။ ဧရာဝတီ ကယ်တင်ကြတဲ့ နိုင်ငံရေး လူမှုရေးခေါင်းဆောင်တွေ၊ စာရေးဆရာတွေလည်း မဟာရန်ကုန်ရဲ့ ပြဿနာတွေ တင်ပြဖို့ အချိန်တန်ပါပြီ။

အာရပ်နွေဦး စိတ်ကူးရင်း၊ ရေကာတာ ၇ ခု အတွက် အားထုတ်ရင်း ရန်ကုန်ပြဿနာက ကိုယ့်ပြဿနာ မဟုတ်သလိုများ ဖြစ်နေသလား၊ ငယ်ငယ်က ကျောင်းစာအုပ်ထဲပါတဲ့ (ချိုတကူးနဲ့ ဂုဏ်ရည်မတူ) ထဲကလို လေယာဉ်ဗုံးဒဏ်ကြောင့် မိသားစုအားလုံး ဆုံးရှာတဲ့ ချိုတကူးတယောက် ဂုဏ်ရည်မတူ ဇာတ်ကားထဲက မင်းသားကြီးအတွက် မျက်ရည်ဖြိုင်ဖြိုင် ကျသလို ဧရာဝတီမြစ်ဆုံ ပြဿနာကို အပြတ်ဆော်မယ်လို့ ကြိမ်းဝါးရင်း အိမ်ရှေ့ထွက်တာနဲ့ ခြေကျိုးနိုင်တဲ့ လမ်းပျက်အကြောင်း မေ့နေပြီလားလို့။ ။






2 comments :

  1. Anonymous said... :

    တိုင်းဒေသအားလုံးသန်.ရှင်းသာယာ လမ်းပန်းတံတားကောင်းမွန်အောင်လုပ်ပါ။ အမှိုက် တွေက ကမ်းနားလမ်းတလျှောက်ကားတွေနဲ. ရပ်ပြီးထားလို. လေသင့်ရာနံဖြစ်နေပါပြီ။

  1. mzmfukimar said... :

    ကျနော့်အမြင်ပြောရရင် မြန်မာနိုင်ငံရဲ့အနာဂတ်ခရီးစဉ်ဟာ
    မှုန်ဝါးနေတာတော့အမှန်ပဲ ဘာမှရေရေရာရာ မရှိလှဘူး
    လွတ်တော်တွေ၊ သတင်းတွေ၊ဂျာနယ်တွေမှာသာ မူဝါဒတွေကိုပြောင်းနေပေမဲ့ တကယ့်လက်တွေ့အပြင်မှာတော့ဘာမှပြောင်းလဲသွားတာ
    မရှိသေးပါဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved