ကြောင်လိုလို ကြွက်လိုလို လုပ်မနေနဲ့

Monday, October 31, 2011



.








မောင်ဝံသ

ယခု အပတ်ထုတ် True News သစ္စာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မှန်တာပြောသစ္စာ ဆောင်းပါး။

ဒီမိုကရေစီနိုင်ငံများက လွှတ်တော်တွေမှာ အဓိက အာဏာရပါတီနဲ့ ယင်းရဲ့ မဟာမိတ်များ၊ အဓိက အတိုက်အခံပါတီနဲ့ ယင်းရဲ့ မဟာမိတ်များဆိုတာ ရှိစမြဲပဲဗျ။ ]]အတိုက်အခံတို့ဘာတို့ ပြောမနေပါနဲ့၊ လွှတ်တော်ထဲမှာ ပါတီတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အကျိုးရှိမယ့်ကိစ္စတွေမှာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားရအောင်}}လို့ ပြောရင် အဲဒါဟာ စိတ်ကူးယဉ်တာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောချင်သဗျ။ ပါတီစုံဒီမိုကရေစီဟာ နာမည်အတိုင်းပဲ ပါတီစုံ ဖြစ်ရမယ်။ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ တစ်ပါတီပုံစံ လုံးဝ မဖြစ်သင့်ဘူးလို့ စဉ်းစားမိပါတယ်။

ဆိုလိုတာက လွှတ်တော်တွင်းရောက်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံး တစ်သံတည်းထွက်ဖို့၊ တစ်ခုတည်းသော သဘောထားတွေ ဖော်ထုတ်ဖို့ဆိုတာ မဖြစ်လည်းမဖြစ်နိုင်၊ မဖြစ်လည်း မဖြစ်သင့်ဘူးလို့ ပြောချင်တာပါ။ မဖြစ်နိုင်ဘူးဆိုတာကိုတော့ အထူးရှင်းပြစရာလိုမည် မထင်ပါ။ မဖြစ်သင့်ဘူးဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။



ဖဲဝိုင်းအိမ်ဖြည့်လို

ပါတီစုံဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုက မတူကွဲပြားသောအမြင်များကို ဖော်ထုတ် တင်ပြဆွေးနွေးကြပြီး နောက်ဆုံးမှာ မဲခွဲ ဆုံးဖြတ်၊ အများဆန္ဒကို အနည်းစုက လက်ခံ၊ အနည်းစုရဲ့ ဆန္ဒကို အများက လေးစားသမှုပြုရမှာ ဖြစ်တယ်ဗျ။ အဲဒါကြောင့် လွှတ်တော်ထဲမှာ အမတ်နေရာအင်အားဟာ ၆၀း ၄၀ နှုန်းလောက်ရှိနေရင် အကောင်းဆုံးပဲလို့ နိုင်ငံရေးသိပ္ပံကျမ်းတချို့မှာ ဖတ်ဖူးပါတယ်။ သဘောကတော့ အာဏာရပါတီ + ယင်းရဲ့ မဟာမိတ်များ ပူးပေါင်းအင်အားဟာ ၆၀ ရာခိုင်နှုန်းလောက်ဆိုရင် ကောင်းတယ်။ အဓိကအတိုက်အခံပါတီ + ယင်းရဲ့ မဟာမိတ်များအင်အားဟာ ၄၀ ရာခိုင်နှုန်းလောက်ဆိုရင် ကောင်းတယ်။ စင်ကာပူလို ၈၀း ၆ အချိုးလောက်ဖြစ်နေရင်တော့ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဘာမှ မထူးဘူးလို့ ပြောစရာ ဖြစ်ပါလိမ့်မယ်။ အတိုက်အခံဆိုတာ ဖဲဝိုင်းတစ်ဝိုင်းမှာ အိမ်ပြည့်အောင် ထည့်ပေးထားတာနဲ့ မခြားနားတော့ပါဘူး။



တက်ညီလက်ညီ နှစ်ပါတီဆိုတာ

အမေရိကန်ပြည်ဟာ ကွန်မြူနစ်ပါတီအပါအ၀င် ပါတီပေါင်းစုံကို ဖွဲ့စည်းရပ်တည်ခွင့်ပေးထားတဲ့အတွက် ပါတီစုံစနစ်လို့ ဆိုနေပေမယ့် တကယ်တမ်း လွှတ်တော်ထဲရောက်တဲ့ လူတွေကို ကြည့်လိုက်ရင် နှစ်ပါတီစနစ်ဘူတာကိုပဲ ဆိုက်နေတာ တွေ့ရမှာပါ။ ဘာရက်အိုဘားမား သမ္မတဖြစ်လာတော့ နှစ်ပါတီတက်ညီလက်ညီစခန်းသွားကြဖို့ မျှော်လင့်ချက် (Bi-partisan hopes) ထားတဲ့အကြောင်း ပြောပြီး တက်ညီလက်ညီ နှစ်ပါတီ လက်တွဲလုပ်ဆောင် သွားဖို့ ကြိုးစားခဲ့သေးတယ်။ သူက အတိုက်အခံတွေနဲ့ လက်တွဲလုပ်နိုင်တယ်၊ သူ့ဘက်က အာဃာတကင်းရှင်းစွာ လက်ကမ်းရင် အတိုက်အခံကလဲ သဘောကြီးကြီးနဲ့ လက်တွဲမှာပဲလို့ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် ပထမဆုံး စမ်းသပ်ပွဲအဖြစ် သမ္မတဖြစ်ပြီး ခြောက်လမပြည့်ခင် အိုဘားမားအဆိုပြုတဲ့ စီးပွားရေး ပြန်လည်နိုးထဖို့ ဒေါ်လာ ၈၁၉ ဘီလျံအသုံးပြုမယ့် အစီအစဉ်ကို အောက်လွှတ်တော်မှာ မဲခွဲတော့ ရီပတ်ဗလီကင်ပါတီက အမတ်တစ်ယောက်ကမှ မထောက်ခံဘူး။ ပထမဆုံး စမ်းသပ်ပွဲမှာပဲ စိတ်ပျက်စရာဖြစ်သွားခဲ့တယ်ဗျာ။ သည်စမ်းသပ်မှုမှာ အိုဘားမားအောင်မြင်ရင် ကမ္ဘာမှာ ပြိုင်ဘက်ပါတီများ တက်ညီလက်ညီ လက်တွဲလုပ်နိုင်ဖို့ စံနမူနာတွေ့ပြီဆိုပြီး ကျွန်တော်တို့ စောင့်ကြည့်ခဲ့ကြတာဖြစ်လို့ မှတ်မိနေတာပါ။



ပါတီစွဲမထားကြဖို့

ရီပတ်ဗလီကင်တွေက မထောက်ခံပေမယ့် အဆိုပြုချက်ကတော့ အတည်ဖြစ်သွားတာပဲ။ အထက် အောက်လွှတ်တော်နှစ်ရပ် စလုံးမှာ ဒီမိုကရက်တစ် အမတ်တွေက အများစုဖြစ်နေလို့ အတည်ပြုနိုင်ခဲ့တာ ဖြစ်တယ်ဗျ။ အိုဘားမားက အဲသလို ဖြစ်ချင်တာမဟုတ်ဘူး။ သူလိုချင်တာက တိုင်းပြည်ကောင်းစားရေး ကိစ္စဆိုရင် ပါတီစွဲမထားကြနဲ့။ ထောက်ခံသင့်တာကို ထောက်ခံရမယ်လို့ နှိုးဆော်ခဲ့တာဗျ။ သို့သော် လက်တွေ့ကျတော့ ရီပတ်ဗလီကင်အမတ် တစ်ယောက်တောင် ထောက်ခံသူမရှိဘူးဆိုတော့ သူ့မျှော်လင့်ချက် သဲထဲရေသွန်သလိုဖြစ်သွားရတာပေါ့။ အဲဒီတုန်းက မဲခွဲအတည်ပြုလိုက်တဲ့အခါ ဒီမိုကရက်တွေက သြဘာပေးကြတယ်။ ရီပတ်ဗလီကင်တွေက တုံဏှိဘာဝေ တိတ်ဆိတ်နေကြသတဲ့။

ရီပတ်ဗလီကင်တွေ မထောက်ခံတာက သူတို့ အကြောင်းနဲ့သူတို့ရှိတယ်။ ဘဏ်တွေကို အစိုးရက ကယ်ဆယ်ရမယ်ဆိုတာကို သူတို့ ဘ၀င်မကျကြဘူး။ ပြီးတော့ သူတို့ ရီပတ်ဗလီကင်သမ္မတ ဘုရှ်က အမေရိကန် စီးပွားရေး ပြန်ထူမတ်လာအောင် ကျားကန်ပေးဖို့ လွှတ်တော်ကနေ ဒေါ်လာ ဘီလျံ ၇၀၀ တောင်းပေးပြီးတာအပြင် အိုဘားမားက ဒေါ်လာ ဘီလျံ ၈၀၀ ထပ်တောင်းတာကိုလဲ သဘာဝမကျဘူးလို့ သူတို့ယူဆတဲ့အကြောင်း ကျွန်တော်ဖတ်လိုက်ရတယ်။

အိုဘားမားရဲ့ အဖြစ်က ဆိုးတယ်။ ကျန်းမာရေးရန်ပုံငွေ စီမံချက်ကို သူတင်ပြတော့ ရီပတ်ဗလီကင်တွေအကုန်လုံးက ကန့်ကွက်တာတော့ ထားပါတော့၊ သူ့ရဲ့ မိခင်ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက အမတ် ၃၀ ကျော်ကပါ ကန့်ကွက်ခဲ့တာနဲ့ ကြုံရတယ်။



အတိုက်အခံပီပီသသ ရပ်တည်

အထက်ပါဥပမာကို ကြည့်ရင် တက်ညီလက်ညီနှစ်ပါတီဆိုတဲ့ မျှော်မှန်းချက်ဟာ စိတ်ကူးယဉ်တာပဲဆိုတာ ပေါ်လွင်နေတာပါပဲ။ ကျွန်တော်တို့ ဆီမှာလည်း အဲသလို စိတ်ကူးယဉ်တဲ့ အမတ်တချို့ကိုတွေ့ဖူးတယ်။ သူတို့ ပြောတာဆိုတာတွေ ဖတ်ဖူးတယ်။ လွှတ်တော် ၀န်းကျင် လေထုထဲရောက်သွားပြီး ပြောခွင့်ဆိုခွင့် အထိုက်အလျောက်ရတာနဲ့ပဲ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရေးတို့ဘာတို့ ပြောလာကြတယ်။ ကျွန်တော်က အဲသလို မဖြစ်စေချင်ဘူး။ အတိုက်အခံပါတီတွေဟာ အတိုက်အခံပီပီသသ ရပ်တည်သင့်တယ်လို့ပဲ ယူဆပါတယ်။ နောက်ရွေးကောက်ပွဲမှာ တစ်လှည့်တစ်ပြန် အစိုးရဖြစ်နိုင်သူတွေလို့ ပြည်သူတွေက မျှော်လင့်ချက်ထားနိုင်အောင် မတူကွဲပြားတဲ့ အမြင်တွေကို တင်ပြနိုင်ရမယ်။ ပြည်သူထောက်ခံမှု ပိုရအောင် အားမွေးသင့်တယ်။ ဒါမှသာ ဒီမိုကရေစီ အလေ့အကျင့်တွေ ရကြမှာပေါ့။

မြန်မာပြည်သူတွေကစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကို မြင်လိုကြတာ ဖြစ်တယ်။ နိုင်ငံရေးပါတီတွေကိုလည်း ကြောင်ဆိုရင်လည်း ကြောင်၊ ကြွက်ဆိုရင်လည်း ကြွက်အဖြစ် ရှင်းရှင်းလင်းလင်း မြင်ချင်တယ်။ မှုန်ဝါးဝါးနဲ့ ကြောင်လိုလို ကြွက်လိုလို လုပ်နေလို့ကတော့ ပြည်သူရဲ့ ယုံကြည်မှုကို ရတော့မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

၂၆၊ ၁၀၊ ၁၁

maungwuntha@gmail.com






.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved