NDAA အတွက် ခေါင်းတလားနဲ့ ရွှေရည်စိမ်လက်စွပ်

Thursday, October 20, 2011


ရှမ်းပြည်နယ် မိုင်းလားအထူးဒေသ မြေစိုက်ပိုစတာတခု

ဟုတ်ပါတယ်၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်၂ယောက်ရဲ့ ဒီလ ရှမ်းပြည်နယ် ခရီးစဉ်မှာ NDAA အဖွဲ့အတွက် ခေါင်းတလား တလုံးနဲ့ ရွှေရည်စိမ်လက်စွပ်တွေ ပေးလိုက်ပါတယ် တဲ့။
NDAA တပ်ဖွဲ့ ခေါင်းဆောင်တွေအတွက် အဲဒီလို လက်စွပ်မျိုး တယောက်တကွင်း ပေးတယ်လို့ ဆိုပါတယ်။
ခေါင်းတလားထဲမှာတော့ ပုလင်းလွတ်တလုံး ရှိပါတယ် တဲ့။

ခရီးစဉ်အတွင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေက UWSA နဲ့လည်း တွေ့ခဲ့ပါတယ်။ အဲဒီအဖွဲ့ကိုလည်း ဒီလို အထူးလက်ဆောင်တွေ ပေးမပေး မသိရသေးပါ။

သတင်းထဲပါချင်လို့ ဒီလိုလက်ဆောင်မျိုးပေးတာ ဟုတ်မဟုတ်လည်း မသိရသေးပါ။



NDAA အဖွဲ့ထိန်းချုပ်တဲ့နေရာက တရုတ် လာအို တို့နဲ့ နီးတဲ့ နယ်စပ်မှာပါ။
သျှမ်းသံတော်ဆင့်သတင်းဌာနကရေးဆွဲထားတဲ့ ဒီမြေပုံမှာ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားတဲ့ နယ်မြေတွေကို ဖော်ပြထားပါတယ်။


မူရင်းသတင်း

ဒုတိယ တွေ့ဆုံပွဲမှရခဲ့သော မြန်မာအစိုးရသစ် လက်ဆောင် အပေါ် မိုင်းလားတပ်ဖွဲ့ သံသယရှိ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 19 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း

ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးစဉ် မြန်မာ အစိုးရ ကိုယ်စားလှယ်များဖက်မှ ပေးကမ်းသော လက်ဆောင် များအပေါ် အံ့ဩပြီး မသုံးဝံ့ကြ ကြောင်း မိုင်းလားအရာရှိနှင့်နီးစပ်သည့်အသိုင်း အဝိုင်းကပြောပါသည်။

“ပထမတကြိမ်တွေ့ဆုံတုန်းက ငါးရံ့ခြောက်ဖုတ် ဆီဆမ်း တယောက်တဘူးပေးတယ်။ ချစ်ကြည်ရင်းနှီးမှု အမှတ် တရလက် ဆောင်တဲ့။ ဒီဒုတိယတခေါက်တွေ့ဆုံ တဲ့ခါကျတော့ပိုထူးဆန်းတယ်။ န၀ရတ်ကိုးသွယ် ပုံစံ စိန်၊ ကျောက် လက်စွပ် တယောက်တကွင်း။ ပက်ကင်ပိတ် မသာခေါင်း (နတ်စိမ်းသူရဲကားကအခေါင်း နှင့်အလားတူ) တခု။ အဲ့အခေါင်းထဲမှာ အဖုံးအတိပိတ် ထားတဲ့ ပုလင်း အလွှတ်တလုံး။ လဖက်နဲ့အကြော်စုံ၊ ကိတ်မုန့်နဲ့အခြားမုန့်ပဲ သရေစာတွေ ပေးတယ်။ ဘာအဓိပ္ပါယ်လဲမသိ ဘူးဗျာ။ ထူးလဲထူးဆန်းတာနဲ့ အဲ့ အသုံးအဆောင်ပစ္စည်းတွေ တယောက်မှမသုံးရဲဘူး၊ နာမ်နှိပ် နည်းတခုဘဲလို့ ယူဆ နေကြတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

စက်တင်ဘာ ၇ ရက်နေ့တွင် တကြိမ် အောက်တိုဘာ ၉ ရက်နေ့တွင်တကြိမ် မြန်မာအစိုးရကိုယ်စားလှယ်နှင့် မိုင်းလား တပ်ဖွဲ့ကိုယ်စားလှယ်တို့ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ငြိမ်းချမ်းရေး အတွက်တွေ့ဆုံဆွေး နွေး ခဲ့ကြသည်။

“အဲ့လက်ဆောင်တွေကို ပက်ကင်ဘူးလှလှလေးထုပ်ထားတော့ မိုင်းလားရောက်မှဘဲ ဖွင့်ကြည့်မှသိရတာ။ အကြီးအကဲတွေ တော့ အဲ့လက်ဆောင်တွေကို ကြည့်ပြီး စိတ်ပျက်မိတယ်” - ဟုလည်း ၎င်းကဆက်လက် ပြော ပြသည်။

ပထမတကြိမ် ကျိုင်းတုံဟိုတယ်တွင်တွေ့ဆုံစဉ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းကိုယ်တိုင် ငါးခြောက် ဖုတ်ဆီဆမ်းဗူးကို လက်ဆောင်အဖြစ် မိုင်းလားကိုယ်စားလှယ်များ ထံပေးအပ်ခဲ့သော်လည်း အစွန်း၊ ယတြာ၊ ပီယဆေး သင့်မည်စိုးရိမ်သောကြောင့် မစားသုံးရဲကြကြောင်း၊ အလားတူဒုတိယအကြိမ် တွေ့ဆုံစဉ် ပေးအပ်ခဲ့သော မုန့်ပဲ သားရေစာ များကိုလည်း မစားရဲကြသည့်အပြင် ကျောက်သံပတ္တမြားပါ လက်စွပ်ကိုလည်း မဝတ်ရဲကြကြောင်း အမည်မဖော် လိုသည့် မိုင်းလားအရာရှိတဦးကလည်းပြောသည်။

“ စိန်၊ ကျောက်သံပတ္တမြားအမျိုးမျိုးနဲ့ကွပ်ထားတဲ့ လက်စွပ် တယောက်တကွင်းရတယ်။ ကွပ်ထားတဲ့ရွှေက ရွှေရည် စိမ်ဘဲ။ ကျောက်တွေလဲ အညံ့စားလေးတွေဘဲ။ မယ်ဆိုင်-တာချီလိတ် တံတားက တာလော့ဈေးမှာ တကွင်း ဘတ် နှစ်ရာကျော် ၃၀၀ ပေါ့။ ကလေးကစားစရာလိုမျိုးဖြစ်နေတယ်။ ဆိုတော့စိတ်မကောင်းဘူး ပေါ့ဗျာ။ နောက်ပြီး မြန်မာအစိုးရအဆက်ဆက်က ယုံကြည်လာတဲ့ ယတြာ၊ ဒါမှမဟုတ်မကောင်းဆိုးရွားများ လုပ်တာလားလို့တောင် တွေးမိကြတယ်။ အဲ့ဒါကြောင့် ဝတ်လဲ ဘယ်သူမှ မစားရဲကြဘူး ” ဟုသျှမ်းသံတော် ဆင့်အားရှင်းပြသည်။

ဆွေးနွေးပွဲမတက်ရောက်နိုင်သည့် နေရပ်တွင်ကျန်ရှိ အကြီးအကဲ၊ ခေါင်းဆောင်များအတွက်ပါ ဦးအောင် သောင်း နှင့် ဦးသိန်းဇော်တို့က အဆိုပါ လက်ဆောင်များ ပါးပေးခဲ့သေးကြောင်း လည်းသိရသည်။

3 comments :

  1. Anonymous said... :

    လက်ဆောင်ဆိုတာ တန်ဖိုးရှိတာ မရှိတာ အသာထား .... အမှတ်တရဖြစ်ဖြစ် အဓိပ္ပါယ်တခုခုဖြစ်ဖြစ် ရည်ညွှန်းပြီးပေးလေ့ရှိကြတယ် .... ငါးရံ့ခြောက်ဖုတ်ကတော့ တောင်ပေါ်ဒေသမှာ ရှားပါးနိုင်တဲ့ ပစ္စည်းမို့ စားစေချင်လို့ ပေးတာ ထားလိုက်ပါတော့ ...အခုတခေါက် ရွှေရည်စိမ်လက်စွပ်ကလဲ ထားပါတော့ တန်ဖိုးကြီးတာ နဲတာ ပြဿနာမဟုတ် .... ခေါင်းတလားကတော့ ဘာလုပ်ဖို့တုန်း .... မြန်မာအယူအဆမှာတော့ သိပ်ပြီးမကောင်းဘူး ... ဒါမှမဟုတ် ဆွေမျိုးပေါက်ဖေါ်တွေရဲ့ ဓလေ့ထုံးထမ်း အစဉ်အလာတိုင်း အတုခိုး လိုက်လုပ်နေတာလား ... ပြီးတော့ခေါင်းထဲမှာလဲ ပိတ်ထားတဲ့ပုလင်းလွတ်တို့ လက်ဘက်တို့ ဘာတို့ .... ဘာအဓိပ္ပါယ်နဲ့ပေးတာမှန်းမသိ .... ပေါကြောင်ကြောင်လုပ်ပြီး ပေးတာမဟုတ်လောက်ဘူး ... ယတျာတို့ ဒါမှမဟုတ် တခုခု အစီအမံ သဘောမျိုးလား ... ပြောလို့မရဘူး ဒါမျိုးသူတို့က သိပ်ဝါသနာကြီးတာ ...... ကဲ သတိထားကြပေတော့ .....

  1. Anonymous said... :

    Very disappointing guys so IQ 50 is just high? Dangerous and strange behavior to spoil the-future-of youth idea.

  1. Anonymous said... :

    မေးလိုက်ပေါ့။ ဘာအဓိပ္ပါယ်လဲ ဆိုတာ။ ဘာတွေ့ဆုံတာလဲ။ ?????

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved