.
ဒေဝ ရေးသားသည်
သံမံတလင်းမှာ ကြမ်းခင်းပြီးသွားတော့ ဆေးရုံမှာ ကလေးသွားမွေးတဲ့ ကျနော့်အမေလဲ ညီမလေးနဲ့အတူ အိမ်ပြန်ရောက်လာပါပြီ။
ချစ်လူမိုက် အခွေမှာ ကြည်သာရီ ဆိုတဲ့ သီချင်းတပုဒ် ပါပါတယ်။ အဲဒီသီချင်းရဲ့ မူလနာမည်က ရွှေအိမ်စည်ပါ။ ထုံးစံအတိုင်း ဆင်ဆာမိပါတယ်။ အဖေက ဘာပြောလဲဆိုတော့ ငါ့သီချင်းကို ငါပေးချင်တဲ့ နာမည် မပေးရရင် ငါ့သမီးကို အဲဒီနာမည်ပေးမယ်ကွာ တဲ့။ ငါ့သမီးတော့ သူတို့ ဆင်ဆာဖြတ်လို့မရဘူးတဲ့ ဗျား။ ဒီလိုနဲ့ ညီမလေးနာမည် ရွှေအိမ်စည် ဖြစ်လာခဲ့ပါတယ်။
ချစ်လူမိုက်အခွေ ထွက်ပြီးခါစလောက် ဖြစ်မယ်ထင်တယ်။ Bass ဂစ်တာသမား ဦးဇာလျန်း က ကျနော့်အဖေကို international notes တွေ အိမ်မှာ လာသင်ပေးပါတယ်။ ကွေ့ကွေ့ကောက်ကောက်တွေကို မြေဖြူနဲ့ အခန်းတံခါးမှာ ရေးပြီးတော့။
ကျနော် စိတ်ဝင်စားတာက 9v ဘက်ထရီ နဲ့ တွဲလိုက်ရင် တစ်တောက်၊ တစ်တောက် နဲ့ အသံ ထွက်လာတဲ့ စပီကာ၊ metronome လို့ ခေါ်မှန်း ကြီးလာမှသိရပါတယ်။
အောင်မြင်လာပြီ ဆိုတော့ စာနယ်ဇင်းသမားတွေလဲ ဝင်ထွက်လာကြပါတယ်။ အဲဒီထဲက ကျနော် မှတ်မိတာက ဦးဝင်းငြိမ်းနဲ့ ဦးမြတ်ခိုင်ပါပဲ။ ဦးဝင်းငြိမ်း က အဲဒီတုံးက သပြေမဂ္ဂဇင်းအတွက် အင်တာဗျူးလုပ်တာ ထင်ပါတယ်။ ဦးမြတ်ခိုင်ကတော့ ကျနော့်အမေနဲ့ ရန်ကင်း(၂)မှာထဲက ငယ်သူငယ်ချင်းဆိုလား မသိဘူး။ ကျနော့် အမေနဲ့ အဖေကို စုံတွဲအလှဓာတ်ပုံတွေ ရိုက်ပေးသွားပါတယ်။
အောင်မြင်လာတဲ့ အလျောက် သီချင်းတွေလဲ ရောင်းရပါတယ်။ ဆံပင်တွေကို လေနဲ့မှုတ်မယ် ချစ်လို့ ဆိုတာ သူရေးတဲ့ သီချင်းပါပဲ။ ဒီလိုသီချင်းတွေ ရောင်းနေရလို့ လက်ထဲမှာငွေရှိလားမေးရင် မရှိဘူးလို့ပဲဖြေရမှာပါပဲ။ အနုပညာသမား ဆိုတာ ရရစားစားကိုးဗျ။
စံပယ်ဦး ဦးသန်းလွင်ဆီကရတဲ့ ပိုက်ဆံလဲ အိမ်ကြမ်းခင်းတာနဲ့ ညီမလေး မွေးတာနဲ့ ကုန်ပြီ ထင်ပါတယ်။ တခါတလေ မနက် စတူဒီယိုသွားစရာ ကားခတောင် မရှိလို့ ကျနော့် စုဘူးထဲက ယူရပါတယ်။ ယူတော့ ကျနော်က ကလေး ဆိုတော့ ငြူစူတာပေါ့ဗျာ။ ငြူစူတော့ ကျနော့်အဖေက ဘာပြောလဲဆိုတော့ သားတဲ့၊ နောင်တချိန်ကျရင် သား လိုသလောက် ပြန်ရစေရမယ် တဲ့။ ဟုတ်ကဲ့၊ သူပြောတဲ့စကားအတိုင်း နောင်တချိန်ကျတော့ ကျနော်မုန့်ဖိုး ပမာဏ ဘယ်လောက် တောင်းတောင်း၊ သူ့ဆီက ဘာပဲ ပူဆာ ပူဆာ၊ သူ တခါမှ မငြင်းခဲ့ပါခင်ဗျား။
ချစ်လူမိုက် အခွေက ကဒ်ခြောက်သောင်းလောက် ရောင်းရပါတယ်။ ကျနော်တို့အတွက် အဖတ်တင်တာတော့ ကြမ်းတပြေးပဲ ဖြစ်ပါလိမ့်မယ်။
ဒီလိုနဲ့နေလာရင်း ၁၉၈၆/၈၇ လောက်ဖြစ်မယ် ထင်ပါတယ်။ ရန်ကင်းထဲက လူတယောက်နဲ့ ဆက်စပ်မိပြီး အဲဒီလူက ပြောပါတယ်၊ အဆိုတော်အသစ်တဲ့ ခင်ဗျား မူပိုင် ဝယ်မလားပေါ့၊ ကျနော့်အဖေကို လာမေးပါတယ်။ အမေက ယူပြီး နားထောင်ကြည့်ပြီး ကောင်းသားပဲ နင်ဝယ်လိုက်ပါလားဆိုတော့ သူက အမေကို ပြန်ပြောပါတယ်။ ငါက အနုပညာသမား တဲ့၊ စီးပွါးရေး မလုပ်နိုင်ဘူး တဲ့၊ ပြီးတော့ ဒီအခွေကိုသူ မူပိုင် ဝယ်လိုက်ရင် အဆိုတော်ကို ခေါင်းပုံဖြတ်သလို ဖြစ်သွားမယ် တဲ့၊ မဝယ်နိုင်ဘူးတဲ့ဗျာ။ အဲဒီအခွေနံမည်က နာရီပေါ်မှမျက်ရည်စက်များ တဲ့။ အဆိုတော်ကတော့ သိကြတဲ့အတိုင်း ထူးအိမ်သင်ပါဗျား။
တတိယစီးရီးစတည်တဲ့ အချိန်မှာ ၁၉၈၈၊ ၇၅ ကျပ်တန်တွေ စသိမ်းပါတယ်။ အရပ်ထဲမှာလဲ ဗရုတ်ဗရက်၊ ငိုတဲ့လူကငို ယိုတဲ့လူကယို နဲ့၊ ဒါနဲ့ သူ့ကို ကျနော် မေးကြည့်ပါတယ်၊ ဖေကြီးလို့ ဖေကြီးမှာ ၇၅ကျပ်တန်တွေ အသိမ်းခံ ရတာ ဘယ်လောက်ရှိလဲဆိုတော့ တပြားမှမရှိဘူးတဲ့ဗျာ။ ပြတ်ကရော။
အရေးအခင်းကြီးကလဲ တဖြည်းဖြည်း အရှိန်မြင့်လာပါပြီ။ ရန်ကင်း အ.ထ.က(၁) ရှေ့မှာကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြပါတယ်။ ကျောင်းသားတွေ အတွက် စိတ်ဓာတ်မြှင့်တင်ရေး ဖျော်ဖြေရေး အစီအစဉ်တွေ လုပ်ပါတယ်။ ကျနော့်အဖေက ဖျော်ဖြေရေး အစီအစဉ်အတွက် ဘဏ္ဍာရေးမှူး ထင်ပါတယ်။ အန်တီငယ် (မေခလာ) တို့လဲ သီချင်းလာဆိုပါတယ်။
မောင်မောင်ရေ ဂိုး ဂိုး ဆိုတော့ အောက်က ပရိသတ်ကြီးက သိပ်ကြိုက်ပေါ့။ သမ္မတ ဦးမောင်မောင်ကိုးဗျ။
နောက် ကျနော်မှတ်မိတာ ရုပ်ရှင်မင်းသမီး တင်နီလာဝင်း၊ သူလဲလာတယ်ဗျ။ အရေးအခင်း ကာလ တလျှောက်လုံးတော့ နေ့ဘက် ဆိုရင် ကျနော့်အဖေ အိမ်မှာဘယ်တော့မှ မရှိပါဘူး။ ဘာလုပ်လဲတော့ မသိဘူးဗျ၊ ညသန်းခေါင်ကျော်မှ ပြန်ရောက်လာတတ်တယ်။ ကျနော်ကတော့ ကလေးပီပီ ဆန္ဒပြတာတွေ ထွက်ကြည့်လိုက်၊ ဂျင်ကလိ လုပ်တာတွေ သွားကြည့်လိုက် ပေါ့ဗျာ။ ကျောင်းစိမ်းနဲ့ ကျောင်းသားလေးကို ပစ်သတ်လို့ တဲ့၊ ကားနဲ့ လိုက်ပြတာလဲ မြင်လိုက်ရပါတယ်။
ဒေဝ ရဲ့ Facebook စာမျက်နှာ http://facebook.com/daiwa.desai ကနေ ကူးယူပါတယ်
အပိုင်း ၃၊ ၄ တို့ကို ဆက်လက် ဖော်ပြပါ့မယ်
အပိုင်း ၃၊ ၄ တို့ကို ဆက်လက် ဖော်ပြပါ့မယ်
http://www.facebook.com/pages/Soe-Lwin-Lwin/118830101472142?sk=wall ကတော့ စိုးလွင်လွင်ရဲ့ ပရိသတ်များအတွက် စီစဉ်ထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်
.
0 comments :
Post a Comment