ထူးထူးခြားခြား ၁၁ သုံးလုံး အခမ်းအနား (မောင်ဝံသ)

Saturday, November 12, 2011

ကိုမင်းကိုနိုင်၏ မိခင် ဒေါ်လှကြည် (ဓာတ်ပုံ - EMG)



Eleven media group က ထူးခြားလှတဲ့ ၁၁-၁၁-၁၁ အခမ်းအနားကို ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်မှာ ဒီနေ့ညနေ ၆း ၃၀ နာရီက ကျင်းပခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်တွေနဲ့ အလုပ်သမား လယ်သမားကိုယ်စားပြုသူတွေကို ဖိတ်ကြားတယ်။ ဇာဂနာ၊ မင်းကိုနိုင် မိခင်၊ ဌေးကြွယ်အစ်မတို့ကို စင်ပေါ်တင်ပေးတယ်။ Eleven Media Group Chairman and CEO ဒေါက်တာ သန်းထွဋ်အောင်က မြန်မာ့နိုင်ငံရေး အပြောင်းအလဲများအတွက် ကိုယ့်နယ်ပယ်အသီးသီးကနေ စွမ်းဆောင်ခဲ့ကြသူတွေကို ဂုဏ်ပြုကြောင်း Key note speech ပြောသွားတယ်။

အခမ်းအနားကို NLD ခေါင်းဆောင် ဦးတင်ဦး အမှူးပြုတဲ့ ဗဟိုကော်မတီလူကြီးတွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီအသီးသီးက အဓိကခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ တက်ရောက်ကြတာတွေ့ရတယ်။ ဆီဒိုးနားခန်းမကြီး အပြည့်ပါပဲ။ တစည ခေါင်းဆောင်တွေလဲ တွေ့ရတယ်။ ဒေါက်တာနေဇင်လတ်ကိုလဲ NLD ဦးဝင်းထိန်နဲ့ တစ်စာပွဲတည်းထိုင်လျက် တွေ့ရတယ်။

ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်ကလဲ အသက် ၈၈ နှစ်နဲ့ မမျှ တက်ကြွတဲ့ မိန့်ခွန်းကို ပြောသွားတယ်။

ကျွန်တော်ကတော့ တက်ရောက်လာသူတွေကို ကြည့်ပြီး တအံ့တသြဖြစ်နေတယ်။ ဒီလိုလူတွေ ဒီလိုစုံအောင် စုစည်းပေးတာ၊ ဒီလိုလူတွေကို တန်ဖိုးထားပြီး ဂုဏ်ပြု ဖိတ်ကြားတာကို ပီတိဖြစ်နေမိပါတယ်။ တက်ရောက်လာသူတွေထဲက အများစုဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ မကြာသေးမီအချိန်ကာလတစ်ခုအထိ ခုလို ဖိတ်ကြားဧည့်ခံခြင်းခံရဖို့ နေနေသာ၊ သူတို့နဲ့ စကားပြောမိရင်တောင် စာရင်းအတို့ခံရတဲ့ အခြေအနေ ရှိခဲ့သူတွေပါ။

မတွေ့ရတာ နှစ်ချီကြာနေပြီဖြစ်တဲ့ မင်းကိုနိုင်မိခင် ဒေါ်လှကြည်နဲ့ မင်းကိုနိုင်ရဲ့အစ်မကို ပြန်တွေ့ စကားလက်ဆုံကျရတဲ့အတွက် ကျွန်တော် အထူးဝမ်းသာမိပါတယ်။ NLD ဦးဝင်းထိန်က ထောင်ထဲက အထူးတိုက်မှာ သူရယ်၊ မင်းကိုနိုင်ရယ်၊ ကျွန်တော်ရယ် ဘယ်လို နေခဲ့ထိုငိခဲ့ကြတယ်ဆိုတာ ဒေါ်လှကြည်ကို ပြန်ပြောပြနေတယ်။

ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ စမ်းချောင်း ကိုစိုးဝင်းတို့နဲ့ ကျွန်တော်နှုတ်ဆက်တယ်။ ခင်ဗျားတို့ ပြန်ပေါင်းထုပ်ကြဗျာလို့ ကျွန်တော်က ပြောတော့ ကျွန်တော်တို့ဘက်က ပြသနာမရှိဘူး၊ ခင်ဗျားသူငယ်ချင်းကို ပြောလေတဲ့။ NLD ဦးအုန်းကြိုင်ကို မေးငေါ့ပြတယ်။ ဦးအုန်းကြိုင်က ရယ်နေတယ်။ ကျွန်တော်က ခင်ဗျားတို့ မဟာမိတ် အရင်လုပ်ဗျာ၊ ပြီးတော့ Merger လုပ်၊ ပြန်ပေါင်းထုပ်ဖို့အချိန်တန်ပြီလို့ ကျွန်တော့် ဆန္ဒကို ဖွင့်ဟလိုက်ပါတယ်။

သင်္ကန်းကျွန်း ဦးသိန်းညွန့်က ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်ကို ပြောတယ်။ ပြည်သူ့ခေတ်က သူ့ကို ဆော်လို့ အင်တာဗျူးတွေ မဖြေတော့ဘူးတဲ့။ ကျွန်တော်က သူ့ကို ကျောင်းတော်က ရန်စနဲ့ လုပ်နေတာလို့ သူက ထင်နေတယ်။ ကျွန်တော်က ပြည်သူ့ခေတ်မှာ ပါတဲ့ သတင်းတွေ ဆောင်းပါးတွေကို ကျွန်တော် ဘာမှ ၀င်မစွက်ဘူး၊ သူ့သတင်းပါတဲ့ကိစ္စဆိုရင် ကျွန်တော် သိတောင်မသိလိုက်ပါဘူးလို့ မျက်နှာချင်းဆိုင်ရှင်းလိုက်ရတယ်။ ဆရာဖေမြင့်ကလဲ ဟုတ်မှန်ကြောင်းထောက်ခံတော့မှ ဦးသိန်းညွန့် ကျေနပ်သွားတယ်။ ကျွန်တော်က ဦးသိန်းညွန့်ဟာ နိုင်ငံရေးသမားပီပီသသ အလုပ်လုပ်နေတာဖြစ်တယ်၊ သူ့နမူနာကို ကျန် နိုင်ငံရေးသမားတွေပါ လေ့လာသင့်တယ်လို့တောင် ပြောဖူးကြောင်း ဆရာဖေမြင့်ကပြောပြတော့ ဦးသိန်းညွန့် ဘ၀င်ကျသွားပုံရတယ်။ အေးဗျာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဒီနေ့ည အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်သွားပြီ၊ နောင်ဆို ပြည်သူ့ခေတ်က မေးရင် ကျွန်တော် ဖြေတော့မယ်လို့ ပြောသွားတယ်။


ကျွန်တော်တို့ခေတ်က တကသအမှုဆောင်၊ ဗကသ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဘိုကလေးကိုလှရွှေနဲ့လဲ စကားပြောရတယ်။ သူလိုလူကို ရှာဖွေဖိတ်ကြားတာ ကျွန်တော်က အံ့သြ ၀မ်းသာနေတယ်။ ကြေးမုံဦးစိုးနိုင်ရဲ့သား ကိုမောင်မောင်နိုင်က ဒီလိုလူတွေကို ဖိတ်ကြားဖို့ အကြံပေးခဲ့တယ်ဆိုတာ သိတော့မှ နားလည်တော့တယ်။

ကိုလှရွှေက ကျွန်တော့်ကို လတ်တလော နိုင်ငံရေးအခြေအနေတွေ ဆွေးနွေးချင်နေတယ်။ ကျွန်တော်က သူ့ဆီက ကျွန်တော်တို့ခေတ် ကျောင်းသားသီချင်းတွေ အသံသွင်းယူဖို့ ကိစ္စ ပိုပြီး စိတ်စောနေတယ်။ ကိုမြတ်လေးအများဆုံးရေးခဲ့တဲ့ ကျောင်းသားသမဂ္ဂသီချင်းတွေ၊ တပ်ဦးသီချင်းတွေ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ သီချင်းတွေအားလုံးကို ရတဲ့လက်ကျန်ဆိုလို့ ကိုလှရွှေနဲ့ ကိုဖေအောင်ပဲ ကျန်တော့တယ်။ ကျွန်တော်က သူတို့ဆီက စာသားတွေသာမက တေးသွားသံစဉ်ပါအသံသွင်းထားချင်တာ။ ဒီလူတွေက ပြောလို့ရတာမဟုတ်ဘူး၊ နေ့မြင်ညပျောက်။

၁၉၈၉-၉၀ အင်းစိန်မှာကတည်းက ဘေးအခန်းကနေ ကိုလှရွှေကိုဆိုခိုင်းပြီး ကျွန်တော် ပြန်နွှေးပေမယ့် ကျွန်တော်က စာသားတချို့တော့ ရပါရဲ့၊ မယ်လိုဒီတွေ မရဘူး။


ည ၉နာရီခွဲလောက်မှာ ပွဲပြီးသွားပေမယ့် ကျွန်တော် မပြန်ဖြစ်သေးဘူး။ ဒီလောက် မင်းပေါင်းစုံတဲ့ ပရိသတ်ကို ထိုင်ကြည့်နေမိတယ်။ အထူးသဖြင့် ၈၈ မျိုးဆက်တွေ။ သူတို့တွေဟာ အသက် ၄၅နဲ့ ၅၀ကြားရှိရော့မယ်။ သူတို့တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်နိုင်ငံရေးတာဝန်ယူမယ့်သူတွေပဲလို့ ကျွန်တော်ယုံကြည်တယ်။ ထောင်ထဲက မကြာခင်ပြန်ထွက်လာကြမယ့် ၈၈ မျိုးဆက်တွေနဲ့ သူတို့ ပေါင်းစည်းမိသွားရင် လေးစားခန့်ညားလောက်တဲ့ နိုင်ငံရေးအင်အားကြီး ဖြစ်သွားမယ်လို့ ကျွန်တော် ယုံကြည်နေတယ်။

မှတ်ပုံတင်ဖြစ်လိမ့်မယ်လို့ ယုံကြည်ရတဲ့ NLD နဲ့ ၈၈ တွေ အားဖြည့်လိုက်ရင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေဟာ ပိုပြီး ပြည့်စုံ ပိုပြီး လှပလာလိမ့်မယ်လို့ ကျွန်တော် မြင်ယောင်နေမိပါတယ်ဗျာ။

မောင်ဝံသ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved