ကျနော် လန့်သွားတဲ့ ဇာဂနာရဲ့ စကားတစ်ခွန်း

Wednesday, November 2, 2011


ဆရာမောင်ဝံသ

“တောင့်တတုန်းခါ ပေါ်ထွက်လာ သတ္တ၀ါဓလေ့ စိတ်ချမ်းမြေ့” ဆိုတဲ့ စကားဥပမာအတိုင်းပဲဗျ။

ခုလို နှုတ်ခွန်းဆက်လိုက်တော့ မောင်ဝံသ လူရွှင်တော်စကား ပြောတော့မလားလို့ ထင်မိကြရင်လည်း မမှားပါဘူးလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင် အောက်တိုဘာ ၁၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပြန်လည်လွတ်မြောက်လာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေထဲက ပြည်သူ့အချစ်တော်တစ်ဦးဖြစ်သူ စွယ်စုံအနုပညာရှင် ဇာဂနာနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတစ်ခုကို ပြောတော့မှာမို့ ဇာတ်သံနဲ့ ဇာတ်ဟန်လေး နှောလိုက်တာပါခင်ဗျ။

ဇာဂနာကတော့ လွတ်လာချင်းဆိုသလိုပဲ သူ့ရဲ့ တစိမ့်စိမ့်တွေးလေ တခွိခွိရယ်ရလေဆိုတဲ့ ပြက်လုံးတွေ၊ ပြောင်မြောက်အားပါလှတဲ့ ဥပမာ ဥပစာ ဥဒါဟာရုဏ်တွေနဲ့ ပြည်သူတွေ ဘ၀င်ခွေ့အောင် အသော့အထေ့ စုံလင်စွာ နှုတ်ခွန်းဆက်နေပြီဖြစ်တယ်ဗျာ။ အိုင်ကျူနဲ့ အိုင်စတိုင်း ပြက်လုံး၊ အခုလို အချိန်မျိုးမှာ ထောင်တွေထဲမှာ ကျန်နေသေးတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးလိုက်ရင်လည်း ဆူပူအုံ ...

ယားတဲ့နေရာထုံးတို့ထား

ဒီကနေ့ ထွက်နေသမျှ ဂျာနယ်အများစုထဲမှာ ဇာဂနာရဲ့ အင်တာဗျူးတွေ ပါနေတာကို ကြည့်ခြင်းဖြင့် သူ့အခြေအနေဟာ ယားတဲ့နေရာထုံးတို့ထားပြီး အိပ်ရာထဲရောက်မှ ပေါင်းကုတ်ရမယ့် အနေအထားမျိုး ရောက်နေတဲ့ ပုံပဲဗျ။ ပြည်သူ့ဘ၀ကို အမှန်တကယ် ထင်ဟပ်တဲ့ ပြည်သူ့ အနုပညာရှင် တစ်ယောက်ဆိုတော့လည်း အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ သူ့အသံကို ပြည်သူတွေက မပြတ်တမ်း နားထောင်ချင်နေကြတာ သဘာဝကျတယ်ဗျာ။

ကျွန်တော်ကတော့ အောက်တိုဘာလ ၂၀ ရက်နေ့ထုတ် “ဆဲဗင်းဒေး နယူးစ်” ဂျာနယ်ထဲက အင်တာဗျူးမှာပါတဲ့ ဇာဂနာ ပြောစကားတွေထဲက စကားတစ်ခွန်းကြောင့် “လန့်” သွားပြီး နောက်စကားတစ်ခွန်းကြောင့် သိမ့်ခနဲ ပီတိဖြစ်သွားခဲ့ရပုံအကြောင်း ပြောပြချင်တယ်ဗျ။

စာမဖတ်တဲ့လူတွေ

ကျွန်တော် လန့်သွားတဲ့ ဇာဂနာရဲ့စကားက “ထူးဆန်းတာတစ်ခုက ယုံကြည်ချက်ကြောင့် ကျခံနေရတဲ့ အကျဉ်းသားဆိုသူ တော်တော်များများ ဟာ စာမဖတ်ဘူးဗျ” ဆိုတဲ့ စကားဖြစ်တယ်ဗျာ။

ဝန်ခံရရင် ကျွန်တော့်ဘ၀မှာ မကြာခဏဆိုသလို ဇာဂနာပြောသလို ခံစားခဲ့ရဖူးတာတွေ ရှိခဲ့တယ်ဗျာ။ အတန်အသင့် ကာလသက်တမ်းရှိခဲ့တဲ့ ကျွန်တော်ရဲ့ နိုင်ငံရေးပတ်သက်မှုဘ၀မှာ နိုင်ငံကို တိုးတက်ကောင်းမွန် စေချင်တဲ့ ဆန္ဒ၊ အမှန်တရား အတွက်၊ အများအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးအတွက် ငါ့ကိုယ်ကျိုးကို တတ်နိုင်သလောက် ပေးဆပ်စွန့်လွှတ် လုပ်ကိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တစိုက်မတ်မတ် လုပ်ကိုင်နေသူတွေ အများအပြားနဲ့ ထိတွေ့သိကျွမ်းခဲ့ဖူး လက်တွဲလုပ်ကိုင်ခဲ့ဖူးတယ်ဗျ။ နိုင်ငံအတွက် အသက်ကိုတောင် ပေးဆပ်စွန့်လွှတ်သွားခဲ့သူတွေနဲ့လည်း ကျွန်တော် ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ရှိခဲ့ဖူးတယ်ဗျ။ လူကြီး လူလတ် လူငယ် အစုံပဲဗျာ။

ကျွန်တော် ထိတွေ့ ခင်မင်လက်တွဲလုပ်ကိုင်ခွင့် မရခဲ့တဲ့သူတွေတော့ မပြောတတ်ဘူးပေါ့ဗျာ။ သို့သော် ကျွန်တော် ထိတွေ့ ခင်မင် လက်တွဲလုပ်ကိုင်ခွင့်ရခဲ့တဲ့ သူတွေထဲမှာကိုပဲ `စာဖတ်တဲ့သူ´ လို့ မခေါ်နိုင်တဲ့သူ အတော်များများ ရှိတာကို ကျွန်တော် သတိထားမိခဲ့တယ်ဗျ။ သူတို့ကို ကျွန်တော် ဘာကြောင့် အဲသလို အကဲဖြတ်နိုင်သလဲဆိုတာနဲ့ ပတ်သက်လို့ကတော့ “လူတစ်ယောက်ပြောတဲ့ စကားက အဲဒီလူ စာဖတ်çမဖတ်ဆိုတာနဲ့ ဖတ်တယ်ဆိုရင်လည်း ဘယ်လိုစာအုပ်မျိုးတွေ ဖတ်သလဲဆိုတဲ့ အချက်ကို ဖော်ပြနေတယ်” ဆိုတဲ့ သိုးဆောင်းပညာရှိစကား တစ်ခုကိုပဲ ကိုးကားပါရစေတော့ဗျာ။

အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံဟာ ပိုမိုကောင်းမွန်တဲ့ ခေတ်သစ်တစ်ရပ်ဆီသို့ ရည်မျှော်ပြီး ဦးတည်ရွေ့လျားနေပြီ ဖြစ်တယ်ဗျာ။ ပြောရရင် ကျွန်တော်တို့ နိုင်ငံဟာ အာဏာကို ဆွေမျိုးသားချင်းတော်စပ်မှုနဲ့ သစ္စာခံမှုအပေါ်မှာ တည်ဆောက်တဲ့ နိုင်ငံရေးစနစ်ကနေ အရည်အချင်း (၀ါ) ပညာအပေါ်မှာ တည်ဆောက်တဲ့ နိုင်ငံရေးစနစ်ဆီသို့ (ခေတ်စကားအရ ပါရာဒိုင်း) ရွှေ့ပြောင်းနေပြီ ဖြစ်တယ်ဗျ။ အာဏာဟာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မ၀င်ရိုးဖြစ်တာမို့ တစ်ဆက်တည်းပြောရရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံဟာ ပညာလို့ ဆိုရမှာ ဖြစ်တယ်ဗျာ။

ဒီတော့ အဲဒီအချက်ကနေ ထွက်လာတဲ့ ကောက်ချက်က ကျွန်တော်တို့ နိုင်ငံ အမြန်ဆုံး တိုးတက်လာစေဖို့ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ များနိုင်သမျှ များများ ပညာတတ်ကြရမယ်ဆိုတာပဲ ဖြစ်တယ်ဗျာ။ ပညာတတ်ဖို့အတွက် အလွယ်ဆုံးနဲ့ အကုန်အကျ သက်သာဆုံး နည်းလမ်းကတော့ စာဖတ်ဖို့ပဲ ဖြစ်တယ်ဗျ။

ဒီအခြေအနေမှာ ပြည်သူတွေ ပညာများများ တတ်ကြစေဖို့ စာများများဖတ်လာစေဖို့ ရှေ့က ဦးဆောင်စံပြ လုပ်ပြကြရမယ့်သူတွေဟာ နိုင်ငံအကျိုးအတွက် ပြင်းပြတဲ့ ယုံကြည်ချက်ရှိထားကြပြီးသားဖြစ်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တယ်ဗျာ။ အထူးသဖြင့် အဲဒီ ယုံကြည်ချက်ကြောင့်ပဲ ထောင်ကျတန်းကျ ဘ၀ပျက်ခံကြရသူတွေ ဖြစ်တယ်ဗျ။ သူတို့ဟာ အဲဒီပေးဆပ်စွန့်လွှတ်မှုတွေကြောင့်လည်း ပြည်သူတွေရဲ့ မေတ္တာကရုဏာနဲ့ ကြည်ညိုလေးစားမှုကို ရရှိထားဖြစ်ကြသူများ ဖြစ်တယ်ဗျ။ အဲဒါရဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ တစ်နေ့တစ်ချိန်ကျရင် နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အဆင့်ဆင့်သောနေရာ အသီးသီးကနေ ဦးဆောင်ပါဝင် လှုပ်ရှားခွင့်ရရှိကြသူများ ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်ဗျ။

ဒါကြောင့် ဒီလိုလူမျိုးတွေ မိမိတို့ ဦးနှောက်ကို မပြတ်ချဲ့ထွင် မနေကြဘူးဆိုရင် (တစ်နည်း) စာဖတ်ဝါသနာထုံသူများ ဖြစ်လာအောင် မိမိတို့ကိုယ် မိမိတို့ မပျိုးထောင်ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံ လွတ်လပ် ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ဖို့အရေးဟာ နှေးကွေးနေဦးမှာပဲ ဖြစ်တယ်ဗျ။ ဒါကြောင့် ဇာဂနာရဲ့ စကားကို ကိုးကားပြီး နိုင်ငံရေးယုံကြည်ချက် ရှိပြီးသူတွေ အခြားသူတွေထက် စာများများဖတ်ကြပါလို့ ကြုံတုန်းတိုက်တွန်းချင်တယ်ဗျ။

ပီတိ ဖြစ်ရတဲ့စကား

ပီတိဖျန်းခနဲ ဖြစ်သွားရတဲ့ ဇာဂနာရဲ့ စကားကတော့ သူနေခဲ့ရတဲ့ မြစ်ကြီးနားထောင်ထဲမှာ အဖတ်အများဆုံး ဂျာနယ်က ]ပြည်သူ့ခေတ်} ဂျာနယ်ပါပဲဆိုတဲ့ စကားဖြစ်တယ်ဗျ။ ကိုယ်ပါဝင်လုပ်ကိုင်နေတဲ့ ဂျာနယ်တစ်ခု အခုလို လူဖတ်များတယ် လူကြိုက်များတယ်ဆိုတာ သိရတော့ ကြည်နူးအားရကျေနပ်မိတယ်ဗျ။ ပြည်သူ့ခေတ် ၀ိုင်းတော်သား အားလုံးကို အားတက်ရွှင်လန်း ဖြစ်စေတဲ့ ပကတိအရှိတရားတစ်ခုကို ]ရဲရဲရင့်ရင့်} ပြောပြခဲ့တဲ့ ဇာဂနာကို ကျေးဇူးတင်ကြောင်း ပြောချင်သလို မှားတာ အားနည်းတာတွေ့ရင်လည်း အခုလိုပဲ ]ဘယ်သူ့မျက်နှာမှ မထောက်မညှာဘဲ} ပြည်သူများနဲ့အတူ ရဲရဲထောက်ပြဖို့ တိုက်တွန်း လိုက်ရကြောင်းပါဗျာ။ (စကားချပ်။ တောင်ကြီးထောင်က လွတ်လာတဲ့ တောင်ကြီး ဦးကျော်ခင်ကလည်း ကျွန်တော့်ထံ တကူးတက လာရောက်ပြီး ထောင်ထဲမှာ ပြည်သူ့ခေတ်ကို စွဲစွဲမြဲမြဲဖတ်ရှုခဲ့တဲ့အကြောင်း၊ ကြိုက်နှစ်သက်ကြောင်း၊ ဆက်ကြိုးစားကြပါလို့ အားပေးစကား ပြောသွားတာကို မှတ်တမ်းတင်အပ်ပါတယ်။) ယုံကြည်ချက်အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြပါစေ၊ ဒီမိုကရေစီ ရေစီးကြောင်းမှာ အတူတကွ လိုက်ပါနိုင်ကြပါစေ။

မောင်ဝံသ
၂၅- ၁၀- ၁၁

ဒီတပတ် ပြည်သူ့ခေတ် ဂျာနယ်က “ပြောပြချင်လွန်းလို့” ဆိုတဲ့ ကဏ္ဍမှာ စာရေးဆရာမောင်ဝံသ ရေးထားတာကို facebook ကနေ ကူးယူဖော်ပြပါတယ်။

3 comments :

  1. Anonymous said... :

    စာဖတ်ကြဖို့တိုက်တွန်း ရေးသားထားတာလေးတွေကတော့ ကောင်းပါတယ် .... ချုပ်ကြည့်လိုက်ရင် သူ့ဂျာနယ်ကြော်ငြာနေသလိုပဲ .... တကယ်ပဲ ရိုးရိုးသားသားလေး ဆိုရင်တော့ တော်သေးရဲ့
    မလိမ့်တပတ် ကြော်ငြာတာဆိုရင်တော့ အင်း ဒီဆရာကြီးလဲ ......

  1. Anonymous said... :

    ပြည်သူ့ခေတ်က တကယ်ဖတ်သင့်တဲ့ရှားရှားပါးပါး ဂျာနယ်တစ်စောင်ပါ၊ ဇာဂနာဘာကြောင့်ဒီစကားပြောသလဲဆိုတာ အဲဒီဂျာနယ်ကို အနည်းဆုံးလေး၊ငါးစောင်လောက် ဖတ်ဘူးတဲ့သူဆိုရင် သိလောက်ပါတယ်၊ ဖတ်လဲဖတ်ကြည့်စေချင်ပါတယ်၊ ဆက်ရေးချင်ပေမဲ့ မရေးတော့ပါဘူးဗျာ၊ လေးစားလျက် (ကိုညီ)

  1. Kyaw Zin said... :

    မောင်ဝံသ ရေးထားတာ၊ အင်မတန်မှစဉ်းစားဆင်ချင်စရာပါ။
    ကျွန်တော်တို့ ဗမာ/မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ဒီနေ့ရပြီ
    ဆိုပါစို့။ ဘယ်သူတွေက နိုင်ငံကို ဦးဆောင်မှာလဲ။
    အဲဒီသူတွေရဲ့အချိန်ကုန်ဆုံးသွားတဲ့အခါ။ဘယ်သူတွေကတိုင်းပြည်ကိုဦးဆောင်ကြမှာလဲ။
    ဒါတွေဟာ အသေအချာစဉ်းစားပြီးပြင်ဆင်ရမယ့်မေးခွန်းတွေပါ။
    ကျွန်တေိာတို့ဟာ ဒီမိုကရေစီရဖို့ပြင်ဆင်ရင်၊ကြိုးစားရင်း
ီရလာခဲ့ရင်။ ရလာတဲ့ဒီမိုကရေစီကိုဘယ်လိုကိုင်တွယ်ကြမလဲဆိုတာပါ ပြင်ဆင်ထားကြရလိမ့်မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved