ကျနော့်အဖေ (သို့) မိုးကောင်းကင်ကိုဖွင့်ခဲ့သူ - ၅

Sunday, November 13, 2011



~





( ချစ်လူမိုက်စီးရီး မထွက်ခင်က ကျနော့်အဖေနဲ့ ရီရီထွန်း (ပညာရေး) နဲ့ အင်တာဗျူးထားတာ ဖြစ်ပါတယ်။ ချစ်လူမိုက် စီးရီးနဲ့ပတ်သက်တာပဲ တင်ပေးလိုက်ပါတယ်။ ရုပ်ရှင်အောင်လံမဂ္ဂဇင်းမှာပါတာ ဖြစ်ပါတယ်။ )

ချစ်လူမိုက်
(နိုင်မြန်မာ၊ အောင်ခိုင်မော်၊ ဖိုးရှမ်း၊ စိုးလွင်လွင်)

ငယ်သူမို့
ကျွန်တော်ရေးတတ်စ ငယ်ငယ်တုံးက ကလေးတုံးက ၉တန်း၊ ၁၀တန်း လောက်တုန်းက ကျွန်တော်ရဲ့ငယ်ချစ်အတွက် ကျွန်တော်ခံစားပြီးရေးတယ်။ အသက်က ၁၆နှစ် ပတ်ဝန်းကျင်မှာ အမှားအမှန်ဆိုတာ ဘာကိုမှ မချင့်ချိန်ခဲ့တဲ့အတွက် ကျွန်တော်တို့နှစ်ယောက် ဝေးခဲ့ရတယ်။ ဒါပေမယ့် ရင်မှာ အမြဲတမ်းရှိနေမယ်။ သူ့အတွက် ဘယ်တော့မှ မေ့မရတဲ့အတွက် သည်သီချင်းကို ရေးပါတယ်။ ဘယ်တော့မှ မေ့မရတဲ့ ငယ်ချစ်ဆိုတာ လူတိုင်းမှာရှိကြမယ်လို့ ကျွန်တော် ယုံကြည်တယ်။ အမ ရီရီထွန်းမှာကော ရှိမယ် မဟုတ်လား။ (ကန်တော့နော်) အမ ငယ်ချစ်ရှိခဲ့ဖူးတဲ့ ယောကျာ်းလေး၊ မိန်းကလေးတိုင်း အတွက် ရည်ရွယ်ပြီး ကျွန်တော်ရေးတယ်။ အားလုံး ခံစားတတ်မယ်လို့ ယုံကြည်တယ်။

မင်းရဲ့ငါ
မေဆွိ ဆိုဖို့ရည်ရွယ်ပြီး ကျွန်တော်ရေးတယ်။ ဒါပေမယ့် သူ့ကိုမပေးဖြစ်ခဲ့ဘူး။ ဒီသီချင်းက ယောကျာ်းလေးရော၊ မိန်းကလေးရော ဆိုလို့ရတဲ့သီချင်းမျိုး ချစ်သူရဲ့အနားမှာ အမြဲတမ်းရှိနေမယ့် ချစ်သူရဲ့အကြောင်းကို ကျွန်တော်ရေးတယ်။ လူငယ်တွေ ချစ်သူရှိတဲ့ ယောကျာ်းများ၊ မိန်းကလေးများ နှစ်သက်မယ့် သီချင်းတပုဒ်လို့ ယုံကြည်တယ်။ Success က ကိုသိန်းဆွေရဲ့ စန္ဒရား solo ကို နှစ်သက်ကြပါလိမ့်မယ်။

ရင်ဆိုင်စရာစွမ်းအားမရှိတော့လို့ပါ
အောင်ခိုင်မော်ရေးတဲ့ သီချင်း ၁၉၇၈လောက်တုံးက မောင့်မျက်ရည်ဝိုင်း ဆိုတဲ့ စီးရီးကိုဆိုခဲ့ဖူးတဲ့ အောင်ခိုင်မော်ရဲ့ ရင်ဆိုင်စရာစွမ်းအားမရှိတော့ပါ ဆိုတဲ့သီချင်းကို နှစ်သက်ခဲ့တဲ့အတွက် ထည့်လိုက်ပါတယ်။ သီချင်းပေမယ့်လဲ ဘဝရေးတာ မပြေလည်တဲ့အတွက် ချစ်သူနဲ့ ရင်မဆိုင်ရဲတဲ့ သူ့ရဲ့ဝေဒနာကို ကျွန်တော် ဆင့်ပွါးကူးယူပါတယ်။ ယောကျာ်းလေးပရိတ်သတ်အတွက် နှစ်ခြိုက်မယ့် သီချင်းတပုဒ်ပါပဲ။

တေးသီတဲ့ငှက်
ဘသန်း (ဓမ္မိက)ဘာသာပြန်တဲ့ ယောနသံစင်ရော်ကို အားကျမိတဲ့အတွက် တေးသီတဲ့ငှက်ကို ရေးဖြစ်ပါတယ်။ အမြဲတမ်းကြိုးစားတဲ့ လူတယောက်ဘဝနဲ့နှိုင်းယှဉ်ပြီး ကျွန်တော် တေးသီတဲ့ငှက်ကို ရေးဖြစ်ပါတယ်။ သီချင်းနှစ်သက်တဲ့ လူတယောက်ရဲ့ လုံ့လ၊ ဝီရိယ၊ ဇွဲ တို့ကိုဖော်ကျူးထားပါတယ်။ ကိုင်ဇာရဲ့ Arrangement ဖြစ်ပါတယ်။

ပိုင်ရှင်
နိုင်မြန်မာရဲ့ ပိုင်ရှင်မရှိခဲ့တဲ့ နှလုံးသားတခုအတွက် ခံစားပြီးရေးထားတဲ့သီချင်းကို ကျွန်တော် ဆိုပါတယ်။ ပိုင်ရှင်မရှိတဲ့ နှလုံးသားများအတွက် နိုင်မြန်မာရေးတဲ့ သီချင်းကို ကျွန်တော် ခံစားပြီးဆိုထားပါတယ်။ လူပျိုကြီး၊ အပျိုကြီးများ နှစ်သက်မယ့်သီချင်းဖြစ်ပါတယ်။

ဝေးရပ်မြေဆီသွားရပြီ
ဖိုးရှမ်းရေးတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ ရှမ်းပြည်ကနေ ထွက်ခွါတော့မယ့် ကောင်လေးတယောက်ရဲ့ ခံစားချက်ကို ကျွန်တော်ဆိုပါတယ်။

မှန်တာပြောရင်သစ္စာ
ကျွန်တော်ကိုသိပ်ချစ်တဲ့ ကျွန်တော်ချစ်သော ဇနီးအတွက်ရေးပါတယ်။ အမြဲတမ်း ကျွန်တော်အပေါ်မှာ ခွင့်လွှတ်တတ်တဲ့၊ သည်းခံတတ်တဲ့ အမြဲတမ်းကျွန်တော်ဘက်မှာ ရပ်တည်တတ်တဲ့ ကျွန်တော်ရဲ့မိန်းမကို သိပ်ချစ်ရတဲ့အကြောင်းပါပဲ။ ဒီလိုပဲ သိပ်ချစ်တတ်မယ့် လူသားတိုင်း ခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ချစ်သူကလွဲရင် တခြားဘာကိုမှ မမက်မောတတ်တဲ့ သူတွေဟာ ဒီသီချင်းကို နှစ်သက်ပါလိမ့်မယ်။

ညနေ
အေးချမ်းလှပတဲ့ ညနေခင်းတခုကို ကျွန်တော်ရေးပြီး ကျွန်တော် ဆိုပါတယ်။ ပန်းချီကား တချပ်လို လှပစွာ ခံစားနိုင်မယ့် သီချင်းဖြစ်ပါတယ်။

လမ်းဘေးစီးရီး
မအောင်မြင်သေးတဲ့ သီချင်းရေးသမားတယောက် အနှိမ်ခံနေရတဲ့ သီချင်းရေးသမားတယောက်ရဲ့ ဘဝကို နိုင်မြန်မာရေးပေးပါတယ်။ ကျွန်တော်နှစ်သက်တဲ့ သီချင်းတပုဒ်ပါပဲ။


ဒေဝ ရဲ့ Facebook စာမျက်နှာ http://facebook.com/daiwa.desai ကနေ ကူးယူပါတယ်



http://www.facebook.com/pages/Soe-Lwin-Lwin/118830101472142?sk=wall ကတော့ စိုးလွင်လွင်ရဲ့ ပရိသတ်များအတွက် စီစဉ်ထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်













~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved