Washington Post သတင်းစာ
အယ်ဒီတာအဖွဲ့အာဘော်
ကမ္ဘာ့ အဖိနှိပ်ဆုံး အာဏာရှင်အဖြစ် ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ မြန်မာအစိုးရဟာ မကြာသေးမီက နိုင်ငံတကာ ဆက်ဆံရေးမှာ အောင်မြင်မှုတွေ ရနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက မြန်မာကို အာဆီယံရဲ့ ၂၀၁၄ ဥက္ကဋ္ဌနေရာအတွက် သဘောတူခဲ့သလို အိုဘားမားကလည်း နိုင်ငံခြားရေးဝန်ကြီးကို မြန်မာပြည် တရားဝင် စေလွှတ်တော့မှာပါ။ အိုဘားမားရဲ့ သက်တမ်းအတွင်းစေလွှတ်ခဲ့တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေထဲမှာ အဆင့်အမြင့်ဆုံးပါပဲ။
ဘာကြောင့်များ မြန်မာပြည်ကိုအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်တွေက ဒီလောက်တောင် အသိအမှတ်ပြုခံနေရတာလဲ။ သူတို့ ဒီမိုကရေစီ ဖော်ဆောင်ပေးသေးတာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။
ကုလ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်က ရှင်းနေတာပဲ - မြန်မာ့တပ်မတော်က တိုင်းရင်းသားလူနည်းစုတွေကို စစ်ဆင်ရေးတွေ ဆက်လုပ်နေ၊ အရပ်သားတွေကို ပစ်မှတ်ထားနေတုန်းပဲ၊ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ မတရားကျင့်နေတယ်၊ ကလေးစစ်သားတွေ သုံးတယ်၊ လူတွေ ကိုယ့်နေရပ်မှာ နေလို့မရအောင် စနစ်တကျ လုပ်နေတယ်။
ဒီအတောအတွင်းမှာ တရားလက်လွတ်ဖမ်းဆီးတယ်၊ လူတွေ ပျောက်သွားတယ်၊ မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရှိတယ်၊ နှိပ်စက်ညှဉ်းပန်းတယ်၊ လူမဆန်တဲ့ ဖိနှိပ်မှု အပြစ်ပေးမှုတွေ စသဖြင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်တွေ စနစ်တကျချိုးဖောက်တာတွေ ဆက်ဖြစ်နေတယ်။
ဒါတွေအားလုံး လက်ရှိ ဖြစ်ပျက်နေတယ်ဆိုတာကိုတော့ ကျေးဇူးပြုပြီး မှတ်ထားပေးကြပါ။
နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်ကို ဆက်ထိန်းထားတယ်။ အဲဒီထဲမှာ မင်းကိုနိုင်၊ ဦးဂမ္ဘီရတို့ ပါပါတယ်။ ဦးဂမ္ဘီရဟာ ရက်ရက်စက်စက်၊ အစီအစဉ်ရှိရှိ နှိပ်စက်ခံရတာကြောင့် စိတ်ပိုင်းရော ရုပ်ပိုင်းပါ ယိုယွင်းနေတယ်လို့ မိသားစုနဲ့ တခြားအကျဉ်းသားတွေက ဆိုတယ်။
ပြီးခဲ့တဲ့လတွေတုန်းကတော့ အပြောင်းအလဲ အရိပ်အယောင်တွေ ပေါ်ပေါက်လာပါတယ်။ လူအများအပြား ကန့်ကွက်ကြတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့လိုက်တယ်၊ အင်တာနက် ထိန်းချုပ်မှုကို လျှော့ပေးတယ်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀ ၀န်းကျင်ကို လွှတ်တယ်၊ ရှေ့တပတ် ဟီလာရီကလင်တန် သွားတဲ့အခါ ထပ်ပြီး လွှတ်ပေးနိုင်ချေ ရှိသေးတယ်။ ဥပဒေစည်းကမ်းတွေ အပြောင်းအလဲ လုပ်ပေးတဲ့အတွက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းသားဟောင်းတွေ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့် ရနိုင်တယ်။
အိုဘားမားကတော့ အဲဒါတွေဟာ ပျောက်သွားလိုက် ပေါ်လာလိုက်ဖြစ်နေတဲ့ (မှိတ်တုပ်မှိတ်တုပ် ဖြစ်နေတဲ့) တိုးတက်မှုတွေလို့ ဆိုတယ်။ မြန်မာပြည်ကို နိုင်ငံခြားရေးဝန်ကြီး သွားတာဟာလည်း စစ်အုပ်စုထဲက ပြုပြင်ပြောင်းလဲရေးသမားတွေကို ၀မ်းမြောက်စေဖို့၊ သဘောထားတင်းမာသူတွေကို အားနည်းစေဖို့ ရည်ရွယ်တာပါ။ တကယ်တော့လည်း ပြင်ပကလူတွေဟာ စစ်အုပ်စုကို သဘောပေါက်နိုင်ဖို့က မလွယ်ပါဘူး။
အမေရိကန်အစိုးရ အစောကြီးကတည်းက အများကြီး လိုက်လျောနေတာဟာ စွန့်စားတာပါပဲ။ မြန်မာပြည်က “ပြုပြင်ပြောင်းလဲရေးသမား” သမ္မတဦးသိန်းစိန် မကြာသေးခင်ကပဲ ပြောပါတယ် -
မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား တယောက်မှ မရှိပါဘူး တဲ့။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကြေညာပါတယ်၊ “အပြောင်းအလဲက အများကြီး မဖြစ်သေးတဲ့အတွက်” လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုတွေမှာ ၀င်မပါသေးနဲ့အုံး ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုက်တာပါ။
ပြုပြင်ပြောင်းလဲရေးတွေ ထပ်လုပ်ပါ့မယ် ဆိုတဲ့ ကတိကို စစ်အုပ်စုက ဖျက်လာနိုင်တာမို့ စစ်အုပ်စုနဲ့ သွားတွေ့မယ့် ဟီလာရီကလင်တန်ဟာ ဒါတွေအားလုံးကို ထည့်တွက်ထားရမှာပါ။
http://www.washingtonpost.com/opinions/undeserved-validation-for-burma/2011/11/23/gIQABU8itN_story.html မှာ သောကြာနေ့ ရက်စွဲနဲ့ ဖော်ပြထားတဲ့ Undeserved validation for Burma ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်
ပေါတောတောနဲ့ ၀င်ငွေမကောင်းတော့လို့လား လူထုကို အမှန်အကျိုးပြုမယ့် အကြောင်းအရာတွေ ရေးပေးပါ ။ တရားနတ်စောင့်ပါတယ် ဗျ ခင်များ တို့ဟာက သေသာသွားတယ် အမှန်တရားကို မသိတာလား မသိချင်တော့တာလား ဒေါ်လာတွေကပဲ ကွယ်ထားလို့လား ။။။။ လား ...လား....