စွန့်လွှတ်စွန့်စားရမယ့် စိန်ခေါ်မှုဆီသို့

Tuesday, November 22, 2011

.








ဓာတ်ပုံ - ဧရာဝတီ

NLD မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲတွေ ၀င်မယ် လို့ ဆုံးဖြတ်အပြီး ဦးဝင်းတင်ရဲ့ ပြောဆိုချက်များ
အစိုးရတွေက သပိတ်စခန်းတွေကို ဘယ်လို ဖြိုခွင်းသလဲ၊
နိုင်ငံရေးအကျဉ်းသားတွေ ဘာကြောင့် လွတ်မလာသေးလဲ ဆိုတာတွေကိုလည်း သုံးသပ်ပြထားပါတယ်

ဦးဝင်းတင်နဲ့မေးခွန်းများ
မိုးမခ၊ နိုဝင်ဘာ ၂၁၊ ၂၀၁၁

နိုဝင်ဘာ၁၈ ရက်နေ့က အင်န်အယ်ဒီပါတီက ဗဟို ဦးစီးအစည်းအဝေးနဲ့ ထုတ်ပြန်ချက်ပြုတဲ့ဆီမှာ လက်ရှိ အစိုးရရဲ့ ပြဋ္ဌာန်းချက်များနဲ့ ပါတီကို မှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ် လို့ ဆိုပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ပြည်တွင်း ပြည်ပကပရိသတ်တွေ၊ အင်အားတွေ၊ အစု အဖွဲ့တွေက စိတ်အား ထက်သန်စွာ၊ စိတ်လှုပ်ရှားစွာ ထိုဆုံးဖြတ်ချက်ကို စောင့်မျှော်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲသည် နောက်ပိုင်းမှာ အဲသည် နိုဝင်ဘာ ၁၈ နောက်ပိုင်း မေးခွန်း ထုတ်နေတဲ့ အချက် တချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။


အခု ပါတီ မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့ကို ဆုံးဖြတ်လိုက်တော့၊ လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုများကနေ လွှတ်တော်တွင်း နိုင်ငံရေး လှုပ်ရှားမှုဆီကို ဦးတည်တယ်လို့ ပြောရတော့မှာပေါ့။ အဲဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ သဘောထားတယ်လို့ ပြောသလဲ။

- ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ အချက်ကတော့ ယခင်တုန်းက ရွှေဂုံတိုင် ကြေညာချက်မှာက အခြေခံ ဥပဒေကို လက်မခံနိုင်လို့ ရွေးကောက်ပွဲကို မ၀င်ခဲ့ဘူး။ အဲသည်တုန်းက အခြေအနေတွေ အဖြစ် အပျက်တွေကို သူကိုယ်တိုင်လက်ခံတယ်၊ သဘောပေါက်တယ်။ သို့သော် အခုနောက်ပိုင်းမှာ၊ အခုအချိန်မှာက အခြေအနေတွေ အပြောင်းအလဲတွေ ရှိလာလို့ အခြေခံဥပဒေကို ပြောင်းလဲနိုင်ဖို့ အတွက် ရွေးကောက်ပွဲ ၀င်မယ်။ လွှတ်တော်ထဲကနေ အခြေခံဥပဒေ ပြောင်းလဲနိုင်ဖို့ ကြိုးစားမယ် လို့ ပြောတာ ဖြစ်တယ်။

နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဗဟို ဦးစီး အစည်းအဝေးမှာ အားလုံး ကန့်ကွက်သူ မရှိဘူး ဆိုရင် ပါတီ မှတ်ပုံတင်၊ ရွေးကောက်ပွဲဝင် ဆိုတာကို အားလုံးကလည်း ၀ိုင်း လုပ်ကြရမယ်လို့ ဒေါ်စုက ပြောလိုက်တော့ ဆရာတို့အားလုံးမှာ ဒါကို ၀ိုင်းလုပ်ကြဖို့ တာဝန် ရှိသွားပြီပေါ့။ ပါတီ ခေါင်းဆောင်၊ ပါတီဝင်နဲ့ ကွန်ယက်တွေမှာ ဒါ တာဝန်ရှိသွားပြီပေါ့။

- အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အတွက် လွှတ်တော်ထဲကို သယ်ဆောင်သွားမယ် ဆိုတဲ့ အဓိက အချက် ဖြစ်ပေါ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒါဟာ နိုင်ငံရေး သဘောထားအရ ထူးခြားတဲ့ အချက်လို့ ပြောနိုင်ပါတယ်။

အဲသည်လိုမျိုး အပြောင်း အလဲပေါ့လေ၊ ဒေါ်စုပြောတဲ့အတိုင်း စွန့်လွှ့တ် စွန့်စားမှုကို ဆောင်ရွက်ကြတော့မယ် ဆိုတော့ ဆရာ့ပတ်ဝန်းကျင်မှာ ဘယ်လိုမျိုး ထူးထူး ခြားခြား အပြောင်းအလဲတွေ တွေ့ရသလဲ။

- သိပ်မရှိပါဘူး။ ခုချိန်မှာတော့ ပါတီထဲကတော့ သည်အတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အတိုင်း အားလုံးက ပြီးတာပါပဲ။ အားလုံးက ပျော်ပျော် ပါးပါးပါပဲ။ ထပ်ပြီး ဆွေးနွေးတာတွေလည်း မရှိပါဘူး။ ပါတီက ဒါကို ဆုံးဖြတ်တယ်၊ ရွေးကောက်ပွဲ ၀င်ကြမယ် ဆိုတော့ အဲသည်အတွက် လက်ခံလိုက်ကြတယ်။ အဲလိုပဲ တွေ့ရပါတယ်။

ဘာပဲပြောပြောပေါ့လေ၊ အခု ဆုံးဖြတ်ချက်ကို ကျနော်တို့ကတော့ အကောင်းမြင်ပါတယ်။ အပြောင်းအလဲတခုခုအတွက် အခြေအနေပေးတဲ့ဆီမှာ စွန့်လွှတ် စွန့်စားမှုတခုကိုလုပ်လိုက်တယ်။ စိန်ခေါ်မှုတခုကို လုပ်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ၊ ပါတီဝင်တွေနဲ့ ဒီမိုကရေစီအင်အးစုတွေ၊ ကွန်ယက်တွေဟာ ဒီ အပြောင်းအလဲအတွက် စိန်ခေါ်မှုအတိုင်း လုပ်ကိုင်နိုင်မလား ဆိုတာက သိပ်မကြာခင်အတွင်း အဖြေပေါ်လာမှာပေါ့နော်။

-ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ညှိနှိုင်းနိုင်တဲ့ အရည်အချင်းတွေ ရှိတယ်။ ဒီမိုကရေစီ အင်အားတွေနဲ့ လက်တွဲပြီးလုပ်နိုင်သလို၊ အခြား အဖွဲ့အစည်းတွေ၊ အင်အားတွေနဲ့လည်း အလုပ် လုပ်နိုင်လိမ့်မယ်၊ ဆွေးနွေးနိုင်လိမ့်မယ် လို့ ထင်တယ်။ တဆညတွေ၊ ကြံ့ဖွံ့တွေ၊ ပြီးတော့ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ စသည်ဖြင့် အားလုံးနဲ့ တွေ့ဆုံ စကားပြောနိုင်ဖို့ အခွင့် အလမ်းတွေ ရှိလာမယ်။ သူကိုယ်တိုင်ကလည်း အခု အချိန်မှာက ကြီးမားတဲ့ သြဇာရှိတယ် ဆိုတာကိုလည်း သိတယ်လေ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အတွက် လွှတ်တော်ထဲမှာလည်း ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်နေတယ်လို့ ပြောနိုင်မယ် ထင်တယ်။

အဲသည်တော့ လွှတ်တော်တွင်း၊ လွှတ်တော်ပြင် နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်လာနိုင်ဖို့၊ ကြားဖြတ် ရွေးကောက်ပွဲ ၀င်နိုင်ဖို့၊ နောက်တခါ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ဥပဒေ ပြုအခွင့်အရေးတွေသာမက အုပ်ချုပ်ရေး ကိစ္စတွေမှာပါ ဆောင်ရွက်လာနိုင်ဖို့တွေကို စဉ်းစားနေပြီဆိုရင် အခု လက်ရှိ လူကြီးတွေ၊ လူငယ်တွေနဲ့တင်သာမဟုတ်ဘဲ အင်အားသစ်တွေ၊ မျိုးဆက်သစ်တွေ ခုကတည်းက ထူထောင်ရတော့မှာပေါ့နော် ဆရာ။

- ဟုတ်ပါတယ်။ ပါတီ ပြန်လည် တည်ဆောက်ရေးတွေ၊ ထူထောင်ရေးတွေ လုပ်လာကြလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ဖို့ကိုလည်း လူငယ်တွေ၊ လူရွယ်တွေ၊ ကွန်ယက်ထဲက အင်အားတွေထဲကနေ ထွက်ပေါ်လာလိမ့်မယ် ထင်ပါတယ်။

သံဃာတော်တွေက မြန်မာပြည်အရေး ကိစ္စတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတယ်။ မန္တလေးမှာ အရေးဆိုမှု ဖြစ်တယ်။ အခုကျတော့ မဟနတွေက ဒီကိစ္စကို အချိန်ဆွဲပြီး ရှင်းလင်းလိုက်တယ်။ သူတို့တွေကိုလူစုခွဲပြီး နယ်တွေ ရွာတွေ ပြန်ပို့ဖို့ လုပ်တယ်။ ဒါတွေကို အစိုးရ အဆက်ဆက်ကလုပ်ခဲ့ဖူးတဲ့ နည်းတွေပဲ မဟုတ်လားဆရာ။

- ဦးသန့် အရေးအခင်းမှတုန်းက မန္တလေးမှာ သံဃာတော်တွေနဲ့ လူထုတွေ စုဝေးပြီး ဟောပြောပွဲတွေ ကျင်းပကြတယ်။ အဲသည်တော့ အဲသည်တုန်းက မန္တလေးမှာ မဆလ ခေါင်းဆောင်က ဦးအေးကို နဲ့တူတယ်။ သူတို့က ဘာတွေ လွှတ်ပြီး ဟောပြောပွဲတွေထဲကို ၀င်ဖျက်ခိုင်းသလဲ ဆိုတော့ ပြည့်တန်ဆာခေါင်းတွေ၊ ပြည့်တန်ဆာတွေကိုပါ ဟောပြောပွဲထဲမှာ ၀င်ပြီး ပြောဟောခိုင်းတယ်။ လူတွေက ၂၄ နာရီ အစောင့်ချ ကာကွယ်နေရာကနေပြီးတော့ အဲသည်လို ဖြစ်လာတော့ အယုံအကြည်တွေ လျော့ပြီး လူစုတွေ ခေါင်းကွဲကုန်တော့မှ စစ်တပ်ကို လွှတ်ပြီး သပိတ်စခန်းကို စီးနင်းလိုက်တယ်။ အခုကျတော့ အာဏာပိုင်တွေက လုပ်စရာ မလိုဘဲနဲ့ သံဃာ့ မဟာနာယကတွေ အဆင့်ဆင့်နဲ့ ပြီးကုန်ကြတယ်။

- အခုအချိန်မှာကလည်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ၊ ကျောင်းသား လူငယ် ခေါင်းဆောင်တွေ၊ သံဃာတော်တွေ မလွှတ်သေးဘူး၊
လွှတ်ပေးရမယ့်အစား ထောင်နေရာတွေတောင် ရွှေ့ပေးဦးမယ်လို့ဆိုတယ်။ သူတို့ မလွတ်မြောက်သေးတာဟာ လက်ရှိ အာဏာပိုင်တွေက သူတို့အပေါ်မှာ အဃာတတွေ မဖြေဖျောက်နိုင်သေးလို့လို့ ပြောနိုင်တယ်။ သူတို့တွေ လွတ်မြောက်ဖို့ အရေး ဆိုတာတွေဟာ ဆက်ပြီးတော့ တောင်းဆိုမှုတွေ ဖြစ်နေဦးမယ်လို့ ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်ဆရာ။


မိုးမခအင်တာနက်စာမျက်နှာ တွင် ဖော်ပြပြီးဖြစ်သည်။







.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved