ငါးနှစ်သမီး ကားအောက်ရောက်

Wednesday, December 14, 2011

~





မနေ့တုန်းက တရုတ်နိုင်ငံအရှေ့ပိုင်းမှာ မောင်းနေတဲ့ ကားအောက် ကလေးတယောက် ရောက်သွားပေမယ့် အသက်မသေဘဲ ပြန်ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းကို နိုင်ငံတကာ မီဒီယာမှာ ဖော်ပြနေကြပါတယ်။

Zhejiang ပြည်နယ် Wenzhou မြို့က လမ်းမှာ လျှောက်နေတုန်း Honda CRV ကားက သူ့ကို ၀င်တိုက်သွားတာပါ။ အဲဒါကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်လိုက်နိုင်ပါတယ်။

မျက်မျက်သက်သေ အမျိုးသမီးတဦးဖြစ်တဲ့ Zhou က အဖြစ်အပျက်ကို အခုလို ပြန်ပြောပြတယ် -

"ကလေးက သူ့အမေကို စိတ်ကောက်ပြီး လမ်းဆက်မလျှောက်ဘဲ ထိုင်ချလိုက်တယ်။ အဲဒီအချိန်မှာ ကားက လမ်းထဲ ကွေ့ဝင်လာတယ်၊ ကလေးကို မမြင်လိုက်ဘူး။ ကလေးက ကားအောက်ထဲရောက်သွားတယ်။ ကလေးအမေက အော်တော့တာပဲ" တဲ့။

ကားပေါ်က တယောက် ချက်ချင်း အောက်ဆင်းလာပြီး ကားအောက် ငုံ့ကြည့်တာကို ရုပ်သံမှာ တွေ့ရမှာပါ။ အနီးဝန်းကျင်မှာ လမ်းလျှောက်နေသူတွေလည်း ၀ိုင်းအုံလာပါတယ်။

အနားမှာရှိသူတွေက ကားကို အပေါ်ဆွဲပင့်ပြီး ကလေးကို ၀ိုင်းဆွဲထုတ်နိုင်ခဲ့ပါတယ်။ ကလေးက အပြင်းအထန် ဒဏ်ရာရမသွားပါဘူး တဲ့။



အလွန့်အလွန် ထူးခြားလွန်းတဲ့ ဖြစ်ရပ် မဟုတ်ပေမယ့် တရုတ်ပြည်မှာ ဒီလိုမျိုးသတင်းတပုဒ် သိပ်မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့အတွက် ဒီမတော်တဆမှုက လူပြောများနေတာပါ။

အောက်တိုဘာလတုန်းက တရုတ်ပြည်မှာ ၂ နှစ်အရွယ်ကလေး ကားတိုက်ခံရတုန်းကလည်း ဒီလိုပဲ လုံခြုံရေးရုပ်သံက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အဲဒီကလေး ကားတိုက်ခံရပြီး လမ်းပေါ်မှာ လဲကျနေတယ်။ ကူညီဖေးမမယ့်သူ ပေါ်မလာဘူး။ လမ်းပေါ်မှာ ဒီအတိုင်း လဲကျနေတုန်း နောက်ထပ် ကားတစီးက တက်ကြိတ်သွားပြန်တယ်။

ရုပ်သံမှတ်တမ်းအရ အဲဒီနားမှာ ဖြတ်သွားဖြတ်လာ လူပေါင်း ၁၈ ယောက် ရှိပါတယ် တဲ့။ နောက်ဆုံး အမှိုက်ကောက်တဲ့ အမျိုးသမီးကြီးတယောက်က ကလေးကို သွားပွေ့ပါတယ်။ နောက်ဆုံး ကလေးက ဆေးရုံမှာ တပတ်ကြာ သတိလစ်ပြီး သေဆုံးသွားပါတယ်။

တရုတ်နိုင်ငံသားတွေဟာ ချမ်းသာကြွယ်ဝရေးကို အာရုံပြုနေကြလို့ လူစိတ်ကင်းမဲ့ကုန်ပြီလား ဆိုတဲ့ အကြောင်းအရာကို မီဒီယာများမှာ အကြီးအကျယ် ဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။

ငါးနှစ်သမီး သေကံမရောက် သက်မပျောက် ဖြစ်ခဲ့တဲ့ Wenzhou မြို့ဟာ နှစ်လယ်ပိုင်းတုန်းကလည်း မီဒီယာမှာ အထိတ်တလန့်နဲ့ ထင်ရှားခဲ့ဖူးပါတယ်။

အဲဒီမြို့မှာ မြန်နှုန်းမြင့် ရထားနှစ်စီး တိုက်မိလို့ပါပဲ။ ကျည်ဆံရထား ၂ စီး မတော်တဆဖြစ်မှုမှာ အနည်းဆုံး လူ ၄၀ သေဆုံးပြီး ၂၀၀ ၀န်းကျင် ဒဏ်ရာရခဲ့ပါတယ်။




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved