ထောင်ထဲက နိုင်ငံရေးသမား

Saturday, December 24, 2011

~




~
မနေ့က ရက်စွဲနဲ့ ထုတ်ဝေတဲ့ Hot News ဂျာနယ်က သုံးသပ်ချက်

နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ ဝေါဟာရကို အစိုးရမင်းတို့က ခံတွင်းမတွေ့ပါဘူး။
နိုး၊ ဟင့်အင်း ... ဒို့ဆီမှာ နိုင်ငံရေးအကျဉ်းသား ရှိပါဘူး၊ အမှုဖြစ်လို့ ဖမ်းထားတာပဲ ရှိတယ် တဲ့။
ဒီအဆိုကို ထောက်ခံသူလည်း ရှိပါတယ်။ (ဦးတင်ဝင်း) ဆိုသူက Hot News ဂျာနယ်မှာ ထောက်ခံ ရေးသားထားပါတယ်။
ယုံကြည်ချက်ကြောင့်အကျဉ်းကျသူ ဆိုတဲ့ ဝေါဟာရကို သူ မနှစ်သက်ပါဘူး တဲ့။

ဒီဝေါဟာရတွေဟာ မြန်မာ့နိုင်ငံရေးအကြောင်းသတင်းတွေမှာ မကြာခဏ သုံးနေကြပါတယ်။
ပရိသတ်တချို့က ဒီစကားလုံးတွေ မကြိုက်ဘူး ဆိုရင် ဘယ်လို သုံးရပါ့မလဲ။

ထောင်ထဲမှာတော့ ထောင်အရာရှိတွေက အထူးအကျဉ်းသား လို့ သုံးပါတယ်။ ဒီစကားလုံး သုံးရင် ဆင်ဆာလူကြီးမင်းတို့ နှာခေါင်းရှုံ့ကောင်း ရှုံ့ကြလိမ့်မယ်။

ဇာဂနာကတော့ သူတို့ ထောင်ထဲနေခဲ့ရတဲ့ဘ၀ဟာ ဆိုမာလီ ပင်လယ်ဓားပြတွေလက်ထဲ ရောက်နေရသူတွေလိုပါပဲ တဲ့။ ဒီတော့ ဓားစာခံ ပေါ့။ အင်း ... ဒီဝေါဟာရက စာပေစိစစ်ရေးရှေ့ရောက်ရင် ဓားနဲ့ခုတ်ခံရမှာ သေချာတယ်။

ထောင်ထဲက နိုင်ငံရေးသမားတွေအတွက် ဝေါဟာရက ပေါပါတယ်။ ဒီတော့ နေရာဒေသလိုက်ပြီး အဆင်ပြေသလိုရေး၊ လွတ်လွတ်ကင်းကင်းဖြစ်အောင်ရေး၊ နားဝင်ချို အမြင်လှအောင် ရေးရုံပေါ့။

ကဲ ... နိုင်ငံရေး အကျဉ်းသား အရေအတွက် ဘယ်လောက် ရှိသလဲ။ ဂဏန်းကတော့ အမျိုးမျိုးပါပဲ။
NLD က တမျိုး၊ AAPP က တမျိုး၊ အကျဉ်းသားမိသားစုကွန်ရက်က တမျိုး။

အစိုးရဆီကထွက်လာမယ့် ဂဏန်းက ပိုတိကျမှာပေါ့။ သူတို့ဖမ်းထားတာမို့ သူတို့ပဲ သိမှာပါ။

ဒါပေမယ့် အစိုးရက ရူးချင်ယောင်ဆောင်နေတော့ ဘာဂဏန်းမှ ထွက်မလာဘူး။

လောလောဆယ် AAPP က စာရင်း ထွက်လာပါတယ်။ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ စစ်ရေး စသဖြင့်တို့နဲ့ နွယ်ပြီး အာဏာပိုင်တွေ ထိန်းသိမ်းထားသူတွေရဲ့ အရေအတွက် အနည်းဆုံး ၁၅၇၂ ဦး ရှိတယ် တဲ့။ အဲဒီထဲက ၉၁၈ ဦး ဘယ်ထောင်မှာ ရှိနေတယ်ဆိုတာကို စုံစမ်းသိရှိထားတယ် တဲ့။ မနေ့က ထုတ်ပြန်လိုက်တာပါ။

ဒီလူတွေ ဘယ်တော့ လွတ်လာမလဲ ဆိုတာ AAPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ခန့်မှန်းမထားပါဘူး။

မခန့်မှန်းနိုင်တာလည်း မထူးဆန်းပါ။

ဒီလူတွေကို ဘယ်တော့လွှတ်ပေးရမလဲ ဆိုတာကို အစိုးရမင်းတို့ စဉ်းစားနေဆဲပဲ မဟုတ်လား။


~

3 comments :

  1. Anonymous said... :

    ဒီလောက်အကုန်လုံးက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (PRISONERS OF CONSCIENCE ) ခေါ်နေတာတောင် လက်မခံသေးဘူး ဆိုလဲ ဟုတ်ပါပီဗျာ (ဦးတင်ဝင်း) စမ်းချောင်း ရေ ခင်ဗျားထောင်ထဲရောက်မှာပဲ ခင်ဗျားကို (PRISONERS OF CRAZY ) ရူးသွပ်မှုကြောင့်အကျဉ်းကျခံနေရသူ လို့ခေါ်ပေးမယ် ဟုတ်ပီလား ..

  1. Anonymous said... :

    သူများတကာတွေ ဦးတင်ဝင်း (စမ်းချောင်း) ဆိုပြီး လုပ်မယ့်အချိန် (ဦးတင်ဝင်း) စမ်းချောင်း ဆိုပြီး လုပ်ကတည်းက အခြေအနေကို သဘောပေါက်လိုက်ပြီ။

  1. Anonymous said... :

    တစ်တိုင်းပြည်လုံးကပြည်သူတွေ၊ နိုင်ငံတကာ ကမ္ဘာ အသိုင်းအဝိုင်က နိုင်ငံရေး အကျဉ်သား ရှိပါတယ်ဆိုပြီး အပြည့်အဝ ပြောနေတယ်။ သိန်းစိန်တို့  စစ်အုပ်စုက ဒီမိုကရေ စီ လမ်းကြောင်းပေါ် တကယ်လျှောက်နေပြီး ဆိုရင် သတ္တိရှိရှိ ဝန်ခံ ရဲရမယ်။ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောနေတဲ့ သူက လူနည်းစု၊ တစ်ကမ္ဘာလုံးက နိုင်ငံရေး အကျဉ်းသားပါလို့  ပြောနေတယ်။ ဒီမိုကရေစီ အရ ပြောရင် သိန်းစိန် တို့ နောက်လိုက် ၄ယောက်၊ ၅ ယောက် ရှုံးသွားပြီး။ ဦးသိန်းစိန် တို့  နောက်လိုက်တွေ ဘာဖြစ်လို့  နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ နင်းကန် ငြင်းနေသလဲ ဆိုရင် ဥပဒေကြောင်းအရ နိုင်ငံရေး အကျဉ်းသားလို့ ဝန်ခံလိုက်ရပြီးဆိုတာနဲ့ တစ်ပြိုင်နက် မတရားမှု့ တွေကို တန်းစီပြီး တစ်သီတစ်သန်း ပြည်သူကို ဝန်ချ တောင်ပန်းရတော့မယ်။ ဘယ်လို ဘယ်လောက် ငြင်းနေပါစေ။ ဆင်သေကို ဆိတ်သားရည် နှင့်ဖုံးဖိနေသလို ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား မရှိဘူး လို့  ပြောလိုက် ရေးလိုက်တိုင်း စစ်တပ်မှာ သတ္တိ မရှိဘူး အကြောက်ကြီး ကြောက်နေတယ်ဆိုတာ ပြနေတာပါ။ ကိုယ့်ကိုကိုယ် ရှက်တက်ရတယ်။ လိပ်ပြာလုံ၇တယ်။ လိပ်ပြာ သန့်ရတယ်။ ပြိုင်ဘက်မရှိ သမ္မ ဖြစ်လာတာကို အဟုတ်မှတ်ပြီး ငါသာသမ္မတ ငါတို့ အစိုးရသာ အစိုးရ ဆိုပြီး ကုန်းအော်မနေနဲ့ ကိုယ့်လူတို့ ။ အရှက်တရားရိှပါ။ သိက္ခာရှိပါ။ ထွက်ပေါက်ကို ကောင်းကောင်း ဖြောင့်ဖြောင့် သွားကြပါ။ နိုင်ငံတကာ သမိုင်းမှာ ကိုယ့်အမဲစက် ကိုယ်ရအောင် အကောင်းတွေ လုပ်ပြီး ဖျက်နိုင်သလောက်ဖျက်သွားပါ။ ကမ္ဘာကြီးထဲကို လူရာဝင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။ ကိုယ့်ရေအိုင်ကလေး ထဲမှာ အဟုတ်ထင် ပြောတိုင် လုပ်တိုင် မှန်နေတယ်ထင်ပြီး ကိုယ့်ကိုယ်ကိုယ် ဘဝလေဟပ် မြှောက်မနေကြပါနဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved