နိုင်ငံခြားသွားရတဲ့ ဒုက္ခသည်တွေ အဆင်ပြေကြသလား??

Tuesday, December 13, 2011

~







ကယ်လီဖိုးနီးယားပြည်နယ် Oakland မြို့တွင် မြန်မာပြည်မှ ဒုက္ခသည် အများအပြား ရှိရာ ၎င်းတို့အနက်မှ ၆၀ ရာခိုင်နှုန်းခန့်မှာ အလွန်အမင်း ဆင်းရဲ ချို့တဲ့နေကြသည်ဟု ယခုတပတ်အစောပိုင်းက ထွက်ပေါ်လာသော အစီရင်ခံစာတစောင်တွင် ရေးထားသည်။

San Francisco State တက္ကသိုလ် နှင့် the Burma Refugee Family Network တို့ ပူးတွဲ ပြုစုသော အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်နောက်ပိုင်း အမေရိကန်သို့ ရောက်လာသော မြန်မာဒုက္ခသည်အများအပြားအနက် Oakland မြို့သို့ ရောက်လာသူ အရေအတွက်မှာ ၄၀၀ ၀န်းကျင် ရှိသည်ဟု ဆိုသည်။

“မြန်မာပြည်က ဒီ ဒုက္ခသည်တွေဟာ အင်မတန် ဆိုးဝါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေတယ်” ဟု San Francisco State တက္ကသိုလ် အာရှအမေရိကန်လေ့လာရေးဌာန ပါမောက္ခ တဦး ဖြစ်သူ Russell Jeung က ပြောသည်။

Oakland မြို့ရောက် ဒုက္ခသည် ၁၉၄ ဦးကို မေးမြန်း စစ်တမ်းကောက်ချက်မှ ရရှိလာသော တွေ့ရှိချက်ကို သူက ပြောပြခြင်း ဖြစ်သည်။

“သူတို့ကတော့ အလုပ်ခွင် သွားချင်တာပေါ့။ ဒါပေမယ့် အရွယ်ရောက်ပြီးသူတွေအတွက် အင်္ဂလိပ်ဘာသာရပ်သင်တန်းအတွက် ထောက်ပံ့တာတွေကို အစိုးရက ဖြတ်တောက်လိုက်တယ်။ အဲဒီတော့ အမေရိကန်လူ့အဖွဲ့အစည်းထဲ ၀င်ဖို့အတွက် သူတို့မှာ အင်္ဂလိပ်စကားသင်ဖို့၊ လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းတက်ဖို့ အခြေအနေ မပေးတော့ဘူး” ဟု Jeung က ဆက်ပြောပြသည်။

ဒုက္ခသည် အများအပြားမှာ ကရင်၊ ကရင်နီ (ကယား) မျိုးနွယ်စုများဖြစ်ပြီး တချို့မှာ မြန်မာပြည်၏ အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်များမှ ရောက်ရှိလာသူများ ဖြစ်သည်။

မိုးမခ တွင် ဖော်ပြထားသည့် သတင်း ဖြစ်သည်။








~

6 comments :

  1. Anonymous said... :

    ကျနော်လည်း အမေရိကားရောက်ကတည်းက မြန်မာဒုက္ခသည်အများစုနေထိုင်တဲ့ နေရာတွေဖြစ်တဲ့ အင်န်ဒီယားနားပြည်နယ်က ဖို့ဝိန်းမြို့၊ နယူးယောက်ပြည်နယ်က အယ်လ်ဘာနီမြို့၊ ကန်တက်ကီပြည်နယ်က ဘိုးလင်းဂရင်း နဲ့ လူးဝစ်ဘေးမြို့တွေကို ရောက်ခဲ့ပြီး မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့ပါတယ်။ အဲဒီမှာ သွားတွေ့ရတဲ့ အားလုံးရဲ့ အခက်အခဲက ဘာလဲဆိုတော့ ဘာသာစကားပါပဲ။ တချို့ အမေရိကားကိုရောက်တာ ၁၅ နှစ်လောက်ရှိပြီ။ အင်္ဂလိပ်စကားက ဌာန်၊ ကရိုဏ်းကျကျ မပြောနိုင်ကြသေးဘူး။

    မြန်မာဒုက္ခသည်တွေဘာကြောင့် သူများဒုက္ခသည်တွေ နဲ့ ယှဉ်ရင် အင်္ဂလိပ်စကားကို မတတ်ကြလဲဆိုတော့၊ အားလုံးက ဒီကိုရောက်လာရင် ကိုယ့်လူမျိုးတွေနေတဲ့နေရာမှာပဲသွားစုကြတယ်။ ဥပမာ ချင်းဆိုရင်လည်း ချင်းတွေနေတဲ့နေရာမှာ ဟိုစုစု၊ဒီစုစု၊ဗမာဆိုလည်း ဒီလိုပဲ၊ တခြားတိုင်းရင်းသားတွေလည်း ဒီလိုပဲ။ အဲဒီတော့ အင်္ဂလိပ်စကားဆိုတာ ဘယ်လိုလုပ်တတ်တော့မလဲ။ လေ့လာမှုဆိုရင်လည်း တခြားနိုင်ငံက ဒုက္ခသည်တွေထက်စာရင် အားနည်းတယ်။ မြန်မာဒုက္ခသည်တွေက ဒီကိုရောက်လာတာ နဲ့ ပညာထက် ပိုက်ဆံကိုပဲ အငန်းမရ ရှာကြတော့ ရေရှည်မှာ တိုးတက်သင့်သလောက် မတိုးတက်ဘူးပေါ့။ အလုပ်ကြမ်း လုပ်ပြီးတော့ လက်ဖျားမှာငွေသီးပါတယ်။ ဒါပေမယ့် အဲလိုအလုပ်ကို ရေရှည်ကျတေ့ မလုပ်နိုင်တော့ဘူး။ လက်ပန်းကျပြီး ဒုက္ခရောက်ကြရော။

    ဒါကြောင့် အကြံပေးချင်တာက မြန်မာဒုက္ခသည်တွေအနေနဲ့ နီးစပ်ရာ ဘာသာစကားသင်ကြားရေးကျောင်းတွေ၊ community college တွေမှာ အင်္ဂလိပ်စကားကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် သွားတက်စေချင်တယ်။ အဲလိုသာလုပ်မယ်ဆိုရင် ရေရှည်မှာ သိသာလာမှာပါ။ လုပ်ကြည့်စေချင်တယ်။

    ဒုက္ခသည်ဖြစ်တဲ့အတွက် ကျောင်းတက်နေစဉ်မှာ အစိုးရက နေစရိတ်၊ စားစရိတ်ထောက်ပံ့ထားပါတယ်။ ပညာသင်ချိန်လေးမှာ ထောက်ပံ့ထားတာလေးနဲ့တော့ ရောင့်ရဲတင်းတိမ် တတ်ဖို့တော့လိုသလို၊ လောဘ မတက်ဖို့လည်းလိုပါတယ်။

    အမေရိကားကို ဒုက္ခသည်အဖြစ်ရောက်လာကြတဲ့ အသက် ၃၀၊၄၀၊ ၅၀ အရွယ် မြန်မာတွေကိုတွေ့တော့ ဒုက္ခသည်တွေအတွက် ဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်းမှာ သွားမတက်ကြဘူးလားလို့မေးတော ဒီအသက်အရွယ် နဲ့ ဖြစ်နိုင်ပါတော့မလားတဲ့။ အမေရိကန်မှာ အသက် ၇၀၊၈၀ အရွယ် အဖိုးကြီး၊ အဖွားကြီးတွေ ကိုယ့်ကားကိုယ့် မောင်းပြီး ဈေးထွက်ဝယ်နေတုန်း၊ နွေဘက်ဆိုရင် ကိုယ့်အိမ်က ကားဂိုဒေါင်ကို ကိုယ် တိုက်ချွတ်ဆေးကြောပြီး ဆေးသုတ်နေကြတုန်း၊ ကိုယ့်စားဖို့ ကိုယ်ဟာကိုယ် ချက်ပြုတ်နေကြတုန်း။ ကျနော် အဲလိုပြောပြပြီးတော့ အင်္ဂလိပ်စာသင်တန်းတွေတက်ဖို့ တိုက်တွန်း အားပေးနေရတယ်။

  1. Anonymous said... :

    မြန်မာပြည်က ဒုက္ခသည် တွေအမေရိကန်နိုင်ငံမှာ အခက်အခဲတွေ့နေတယ်ဆိုတော့ ကိုယ်ချင်းစာမိပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်လဲဘဲ ဒုက္ခသည် တယောက်ဖြစ်လို့ပါဘဲ၊ အရေးကြီးဆုံး ပထမအချက်က အလုပ်အကိုင် ရဘို့ပါ၊ အင်္ဂလိပ်ဘာသာရပ်သင်တန်းအတွက် ထောက်ပံ့တာတွေကို ဖြတ်တောက်လိုက်လို့ ဆိုတဲ့ အကြောင်းပြချက်ဟာ မခိုင်လုံပါဘူး ဘာလို့လဲဆိုတော့ 95 ရာခိုင်နှုံးသော မြန်မာနိုင်ငံသားတွေက ဘာသာစကားကို နားမလည်ဘဲရောက်လာခဲ့ပြီး အားလုံးလောက်နီးနီးက စာသင်ပေးဘို့ အလွန်ခက်ခဲနေတာကို တွေ့ရပါတယ် ၊ မြန်မာနိုင်ငံမှာကတည်းက ကိုယ့် အမျိုးသား စာနဲ့ စကားကိုတောင် အကျအန မသင်ခဲ့မပြောခဲ့ရတဲ့လူက များနေပါတယ် ၊ အနည်းဆုံး ဆယ်စုနှစ်တခုကျော်မှ အမေရိကန်သုံး အင်္ဂလိပ်စကားကို ထမင်းစားရေသောက်ပြောနိုင်မဲ့ အချေအနေဖြစ်နေပါတယ်၊ ရောက်လာခဲ့တဲ့ ဒုက္ခသည် အများစုဟာ ကိုယ့်လက်မှတ်တောင်ကိုယ်မထိုးတတ်သူ၊ စာတော့တတ်ပါတယ်ရေးတတ်ဖတ်တတ်ပေါ့ ဒါပေမဲ့လက်မှတ်မထိုးဘူးသူတွေများပါတယ်၊ သူတို့ဘ၀တွေကလည်း လက်မှတ်ထိုးတဲ့ အလုပ်မျိုး နဲ့ဘာမှမဆိုင်သလိုဖြစ်နေခဲ့တာပါ၊ ဒီတော့ မြန်မာနိုင်ငံသားတွေ အဆင်ပြေဘို့ဆိုတာ လူပိန်းနားလည်တဲ့အလုပ် စကားပြောဘို့မလိုတဲ့အလုပ်ဖြစ်ဘို့လိုပါတယ်၊ ကျနော်တို့ဆီ ( မြောက်ကာရိုလိုင်းနား) မှာဆိုရင်ကြက်သားစက်ရုံတွေမှာ မြန်မာနိုင်ငံသားအများအပြား ၀င်ရောက်လုပ်ကြပါတယ် ၊ ကြက်ရုံတွေကလည်း အဆင်ပြေဘို့အတွက် ဘာသာစကားနားလည်သူ တယောက်ကို စကားပြန်ခန့်ထားလိုက်ပါတယ် ဒီလိုနဲ့ လူ ရာနဲ့ချီပြီး ကြက်ရုံတွေမှ မြန်မာတွေ အဆင်ပြေပြေလုပ်နေကြတာပါ၊ သူတို့ဘ၀တွေ ရပ်တည်ဘို့အဆင်ပြေမှ ဘာသာစကားဆိုတဲ့ အကြောင်းကို ရေရှည်စဉ်းစားပေးရမှာပါ၊ ဘာသာစကားတတ်မှ အလုပ်ခွင်ဝင်ရမယ်ဆိုရင် ဒုက္ခသည် တယောက်အတွက် နောက်ထပ် ဆယ်စုနှစ်လောက်ကြာမှ အလုပ်စလုပ်ရမလိုဖြစ်နေတာကို အမေရိကန်ပညာရှင်တွေ သိနားလည်ဘို့လိုပါတယ်၊ အားလုံးဝိုင်းစဉ်းစားဘို့လိုအပ်ပါတယ်၊ ကျနော့မှာလည်း ဒီဒုက္ခသည်တွေဘ၀အတွက် စဉ်းစားထားချက်အချို့ရှိနေပါတယ် ၊ အားလုံးဝိုင်းစဉ်းစားရင် တိကျတဲ့အဖြေတခုရမှာတော့ မလွဲမသွေပါဘဲ၊

  1. Anonymous said... :

    (ဒုက္ခသည်ဖြစ်တဲ့အတွက် ကျောင်းတက်နေစဉ်မှာ အစိုးရက နေစရိတ်၊ စားစရိတ်ထောက်ပံ့ထားပါတယ်။ ပညာသင်ချိန်လေးမှာ ထောက်ပံ့ထားတာလေးနဲ့တော့ ရောင့်ရဲတင်းတိမ် တတ်ဖို့တော့လိုသလို၊ လောဘ မတက်ဖို့လည်းလိုပါတယ်။ ) ဒီစာပိုဒ်ကလေးနဲ့ ပါတ်သက်လို့မေးပါရစေ
    ဘယ်အစိုးရဌာနကပေးတာလဲ၊ ဘယ်လောက်ကြာကြာပေးတာလဲ၊သိချင်ပါတယ်၊ ကျနော်တို့ဆီမှာတော့ ရောက်လာတဲ့ဒုက္ခသည် တွေကို ပြန်လည်နေရာချထားပေးရေးအဖွဲ့အစည်းက သုံးလခစာ အိမ်လခပေးပါတယ် ၊ အစိုးရက အခမဲ့ ဆေးကုသခွင့် ရှစ်လပေးပါတယ်၊ ၀ဲလ်ကမ်းမန်းနီး က တချို့ ၆ လ တချို့ ၄လ ရပါတယ်၊ အလုပ်အကိုင်ရှာဖွေပေးပါတယ် ၊ ရောက်လာတဲ့ ဒုက္ခသည် ဘာသာစကားတတ်ဖို့ ကျောင်းတက်မယ်ဆိုရင် နေဘို့စားဘို့ အစိုးရက ထောက်ပံ့ထားတယ်ဆိုတာ မကြားဘူးပါဘူး၊ ကျနော် ကင်တာကီလဲရောက်ဘူးပါတယ်၊ မကြားဘူးပါဘူး၊ တဆိတ်လောက် အဲသလိုရတယ်ဆိုရင် နောက်ရောက်လာတဲ့ ဒုက္ခသည်တွေကို လမ်းပြရအောင် အတိအကျ ညွှန်ကြားပေးပါခင်ဗျား၊ ကျနော့အထင်တော့ ဒုက္ခသည် တယောက် အမေရိကန် လူ့အဖွဲ့အစည်းထဲဝင် အလုပ်လုပ်နိုင်အောင် သင်ရမယ်ဆိုရင် အကြမ်းဖြင်း ၃ နှစ်လောက်များသင်ရင်တော့ ရေးရေးလောက်ဖြစ်ချေရှိမယ်လို့ ကျနော်ထင်ပါတယ်၊

  1. Anonymous said... :

    Answer for the above comment:
    ဘယ်အစိုးရဌာနကပေးတာလဲ၊ ဘယ်လောက်ကြာကြာပေးတာလဲ၊သိချင်ပါတယ်၊

    County Health and Human Services
    Sacramento County, California


    For single person: 8 months cash-aids + unlimited time food-stamp until the time having eligible status+ MediCal ( health insurance)

    For family which has one child or more under 21: (1)cash-aid + (2)food stamp+ (3) MediCal which are unlimited time until having eligible status

    Although there are different benefits at different county, it has almost the same at each and every county in California.

  1. Anonymous said... :

    ကျနော့် မိတ်ဆွေတယောက် မလေးရှားကနေ ဒုက္ခသည်အနေနဲ့ မြောက်ကယ်ရိုလိုင်းနားကိုရောက်လာတာ၊ ဆေးဝါးကုသခွင့်၊ Refugee Community Service ကနေ စီစဉ်ပေးတဲ့ အင်္ဂလိပ်စာ သင်ယူခွင့်၊နောက်ပြီး အိမ်ခ၊ ရေခ၊မီးခ နဲ့ တလကို ဒေါ်လာ ၂၅၀ ထည့်ပေးထားတဲ့ food stamp ရပါတယ်။ အထောက်အပံ့ရတဲ့ ကာလကတော့ အထက်က ကောမန့်ထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ ဒီလ ပထမပတ်မှာ မတွေ့ရတာ ၉ နှစ်ရှိပြီဖြစ်တဲ့ မြန်မာပြည်က သူ့ဇနီး၊ သားတယောက်၊သမီး နှစ်ယောက်ကို မိသားစုပြည်လည်ပေါင်းစည်းခွင့်အစီအစဉ် နဲ့ ခေါ်လိုက်တာ ရောက်လာတယ်။ မိသားစုရောက်လာမှ တမိသားစုလုံးအတွက် ထောက်ပံ့ကြေး တလကို ဒေါ်လာ ၈၀၀ ရတယ်။ သားသမီးတွေက အခု ၁၁ တန်း နဲ့ ၁၀ တန်းတွေမှာကျောင်းတက်နေကြပြီ။ ကျနော့်မိတ်ဆွေက ၀က်ရုံမှာ လုပ်တယ် တလကို ဒေါ်လာ ၁၆၀၀ လောက်တော့ ရသေးတယ်။

    Refugee Service Program တွေ အမေရိကားမှာ အများကြီးရှိပါတယ်။ ရှာဖွေလေ၊ တွေ့ရှိလေပါပဲ။ Refugee က ရောက်လာရင် ဘယ်မှ မသွားပဲ တနေရာထဲမှာပဲစုနေကြလို့ ဘာသတင်းအချက်အလက်မှမရတာလဲပါတယ်။ ဘတ်စ်ကားတွေပါတွေလျှောက်စီးပစ်၊ သွားချင်တဲ့ဆီ လျှောက်သွားကြည့် မျက်စိဖွင့်၊နားစွင့်၊ မေးမြန်း၊စုံးစမ်း။ IOM ကနေ refugee တွေကို ထုတ်ပေးထားတဲ့ စာအုပ်ထဲမှာ ပြောထားသားပဲ။ အမေရိကန်နိုင်ငံဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်၊ ကိုယ့်အားကိုယ်ကိုး၊ကိုယ့်ဒူးကိုယ်ချွန်မှ ရမယ်တာ ရေးထားတယ်။ တချို့ refugee တွေက အားငယ်စိတ်တွေ၊သိမ်ငယ်စိတ်တွေကြောင့် ဘာမှ မလုပ်ရဲ့မကိုင်ရဲကြဘူး။

    အဲ....လုပ်ရဲကိုင်ရဲ တဲ့ refugee တွေကျတော့ရော ပေးထားတဲ့ food stamp ကို ပြန်ပြီးရောင်းစားတဲ့သူနဲ့၊ အဲဒီ food stamp နဲ့ Walmart, Kroger, Giant Eagle ဆိုတဲ့ ကုန်တိုက်ကြီးတွေမှာ ခေါက်ဆွဲခြောက်တွေ၊ တခြားကုန်ပစ္စည်းတွေ ၀ယ်ပြီး အိမ်မှာတောင် ကုန်စုံဆိုင် ပြန်ပြီးဖွင့်လိုက်သေးတယ်။

  1. Anonymous said... :

    မြောက်ကာရိုလိုင်းနားရောက် ရဖျူဂျီများ အခု အလုပ်လုပ်နေသော ကြက်ရုံပိတ်သွားလို့ အများအပြား အလုပ်အကိုင်ခက်ခဲနေပါတယ်၊ မိတ်ဆွေဆီက သိရတဲ့ မြောက်ကာရိုလိုင်းနားက ၀က်ရုံဆိုတာ ဘယ်နေရာမှာလဲသိချင်ပါတယ် ဒီမှာရှိနေတဲ့ အလုပ်လက်မဲ့များအတွက် သတင်းပေးချင်လို့ပါ။ မိတ်ဆွေကြီးပြောတဲ့ နောက်ရောက်လာတဲ့ မိသားစုကို တလ ဒေါ်လာ ရှစ်ရာ ပေးတယ်ဆိုတာ ဘယ်လောက်ကြာကြာပေးတာပါလဲ၊ ဘယ်မြို့က လဲသိချင်ပါတယ်၊ အသက်၁၈ နှစ်ကျော်ရင် ကျောင်းမတက်ရပါဘူး အီးအက်စ်အယ်လ် ဘဲသွားတက်ရမှာပါ။ ဒီမှာတော့ ၁၂ တန်းအောင်ပြီးတဲ့ မြန်မာနိုင်ငံသား လူငယ်တချို့ အီးအက်စ်အယ်လ်ကျောင်းပြန်တက်နေတာ တအံ့တသြော်တွေ့နေရပါတယ်၊ ကျနော့အထင် ၆ယောက် ၇ယောက်လောက်ရှိမယ်ထင်ပါတယ်၊ ရောက်စတုံးက စကော်စက အရွယ် ဒီက ၉ တန်း ၁၀တန်း မှာ စလက်ခံလိုက်ရော တနှစ်တတန်း ဘယ်လိုအောင်သွားတယ်မသိ၊ ၁၂တန်းအောင်ပြီးတော့ စကားမပြောနိုင်လို့တဲ့ စာလဲမသိလို့ community college မှာ ESL ပြန်တက်နေရတယ်။ ဘယ်လိုမှ မစဉ်းစားတတ်အောင် နားမလည်နိုင်အောင်ဖြစ်မိပါတယ်။ ဒါပေမဲ့ ဒီမှာတော့ ရဖျုဂျီ တွေ ဒုက မရောက်ကြပါဘူး၊ ကလေးများများ မွေးထားတဲ့သူတွေများ တနှစ်တနှစ် တက်စ် ကလိန်းရာသီရောက်ရင် သောင်းကျော်ရကြပါတယ်၊ မြေ မနင်းသား ကားဝယ်စီးကြတာများဖြင့် အံ့ဘနန်းပါခင်ဗျာ၊ Food stamp ဖြင့် မိတ်ဆွေကြီးပြောသလို ကုန်စုံဆိုင်ဖွင့်တဲ့အပြင် ကင်တာကီဘက်က ရဖျုဂျီ တယောက်ရဲ့ မိန်းမဆိုရင် အရက်ပုံးတောင် ရောင်းပါတယ် ခင်ဗျာ၊ ကျနော်တို့ဖြစ်စေချင်တာက မှန်ကန်သော လျှောက်လှမ်းမှုနဲ့ ဘ၀တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းနိုင်မဲ့နည်းလမ်းကို လိုချင်တာပါ ၊ ဖြစ်ချင်တာပါ၊ အချောင်ရ အချောင်ယူ ၊ သူများလူမျိုးတွေကြားမှာ အချောင်သမား တွေလို့ မမြင်စေချင်တာပါ၊ ဒီနိုင်ငံသားခံယူရင်လဲ ဒီနိုင်ငံသားလုံးလုံးမဖြစ်ပါဘူး မူလလာခဲ့တဲ့ နိုင်ငံသားဆိုတာ တံဆိပ်ခတ်နှိပ်ထားသလို တွဲပါနေမှာဖြစ်တဲ့အတွက် အမျိုးသားရေးအသိနဲ့ သတိပြုကြဘို့တော့လိုပါတယ်။ ကျနော်တို့လူမျိုးတွေမှာ အရင်းအနှီးဆိုလို့ လုပ်အားဘဲရှိတယ် ဒီတော့ လုပ်အားကို ရင်းရမယ်ဆိုတာကတော့ သေချာပါတယ်၊ ဘယ်လိုရင်းကြမလဲဆိုတာ ၀ိုင်းစဉ်းစားဘို့ပါ။ ကျေးဇူးတင်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved