လှည်းတန်းဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာ ပြင်းထန်စွာ ရသွားသော မခင်မြတ်နွယ်သည် ယခု ဒီစာရေးနေချိန် ဒီဇင်ဘာလ ၂၄ ရက်၊ ည ၉ နာရီခန့်အထိ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသလျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိသားစုဝင်များ(ဖခင်၊ ယောက္ခမ၊ ယောက်ျား) စောင့်ရှောက်ပေးလျက် ရှိပါသည်။
လက်ရှိအခြေအနေမှာ ညာဘက်မျက်လုံး ထုတ်ပစ်လိုက်ရပြီး၊ နားရွက်တစ်ဖက်လည်း ဖြတ်ပစ်လိုက်ရပါသည်။ တနင်္လာနေ့တွင် အော်ပရေးရှင်း ထပ်ဝင်ရန်ရှိပါသည်။
သို့သော်လည်း မခင်မြတ်နွယ် သေဆုံးကြောင်း စာနယ်ဇင်းတချို့တွင် ရေးထားသည့်အတွက် မိသားစုများမှာ ထိခိုက်ခံစားနေရပါသည်။
ကျနော်သည် မီဒီယာများ၏ သဘောသဘာဝတချို့ကို နားလည်သည့်အတွက် မိသားစုများအား ရှင်းလင်းပြောကြား စိတ်ဖြေသိမ့်ပေးခဲ့ပါသည်။
မခင်မြတ်နွယ် အလုပ်လုပ်သည့် ကုမ္ပဏီကလည်း ထောက်ပံ့ငွေများပေးအပ်ပြီး ဂရုစိုက်ကြောင်း၊ မခင်မြတ်နွယ်၏ အခြေအနေမှာ တိုးတက်လျက်ရှိကြောင်း၊ စကားမပြောနိုင်သေးဘဲ စာရွက်ပေါ်တွင် စာရေးနိုင်ပြီ၊ ဖြစ်ကြောင်း၊ မျက်လုံးတစ်ဖက်ကလည်း ကောင်းစွာမြင်ရပြီဖြစ်ကြောင်း၊ လည်ပင်း အပေါက်ဖောက်ထား၍ စကားမပြောနိုင်သေးကြောင်း မိသားစုဝင်များက ပြောသည်။
မခင်မြတ်နွယ်၏ မိသားစုဝင်များ အဖေ၊ အမေ၊ ခင်ပွန်းသည် နှင့် ၂ နှစ်သားအရွယ် သားဖြစ်သူလည်း ရန်ကုန်ရောက်နေပါသည်။
ကျနော့် facebook မှာ တင်ထားသော်လည်း လူအများ ပိုဖတ်မိစေရန် ပို့ပေးခြင်း ဖြစ်သည်။
KM
ရက်စက်လိုက်ကြတာဗျာ။ ဒီသတင်းဖတ်ရတာ ရင်ထဲမှာ မကောင်းဘူး။ တမျိုးကြီးဖြစ်သွားတယ်။ မသေပေမယ့်၊ မျက်လုံးတလုံး၊ နားတဖက် ဆုံးရှုံးသွားတယ်ဆိုတော့ လူစဉ်မမီတော့ တဲ့ သဘောမျိုးဖြစ်သွားတာပေါ့။
ဗုံးခွဲတဲ့လူကိုပြောချင်တာက ခင်ဗျား (တို့) ရဲ့ မိဘ၊ ညီအစ်ကို၊ မောင်နှမတွေလည်း အဲဒီလို အဖြစ်ဆိုးမျိုး နဲ့ မကြုံပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။ အခုတော့ဗျာ....ကြည့်စမ်းပါဦး။ လူတယောက်ရဲ့ဘ၀ ရှင်လျှက်နဲ့ သေသွားရပြီ။