ကပရ ရုံးသွင်းငွေ ညှိနှိုင်းပေးရန်

Monday, December 26, 2011



သို့
အယ်ဒီတာခင်ဗျာ...
ကျွန်တော်များသည် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေး ဌာနခွဲမှ ၀န်ထမ်း (ယာဉ်မောင်း) များဖြစ်ပါသည်။

ကျွန်တော်များသည် က.ပ.ရ မှ နှစ်ပေါင်း ၃၀ ကျော်၊ ၄၀ နီးပါး သက်တမ်းရှိ ဟောင်းနွမ်း၊ မြေစိုက်ပျက်စီးနေသော TE/ ဟီးနိုး/ ဒေါင်ဖန်း မော်တော်ယာဉ်ဟောင်း များအား မိမိတို့၏ ကိုယ်ပိုင်ငွေ ကျပ်သိန်း (၃၀- ၄၀)ခန့် စိုက်ထုတ်ကျခံ ပြုပြင်ပြီး၊ လစဉ် ငှားရမ်းခများအား တာဝန်ကျေပွန်စွာ ပေးဆောင်ကာ က.ပ.ရ ဌာနအတွက် ၀င်ငွေ ရှာဖွေပေးနေသော ၀န်ထမ်းများလည်း ဖြစ်ပါသည်။

သို့သော် က.ပ.ရ၊ ကုန်စည်ပို့ဆောင်ရးဌာနခွဲ၏ (၂၀၊ ၇၊ ၂၀၁၁) စီမံအစည်းအဝေး ဆုံးဖြတ်ချက်အရ ပင်စင်လစာ တိုးမြှင့်လာသည့်အတွက်၊ ဌာန ၀င်ငွေ တိုးမြှင့်ရရှိစေရန် ဌာနသို့ လစဉ်ပေးသွင်း ငွေများကို အောက်ပါအတိုင်း တိုးမြှင့်ခဲ့ပါသည်။

- အဆင့်မြင့်ယာဉ် (TE 11) ၊ ကျပ်ငွေ ၂၇၀,၀၀၀ မှ ၃၆၀,၀၀၀
- တစ်ခြမ်းပြောင်းယာဉ် (Hino , WA, TE 21) ၊ ၂၀၀,၀၀၀ မှ၂၇၀,၀၀၀
- ရိုးရိုးယာဉ် (ဒေါင်ဖန်း) ၊ ၁၆၀,၀၀၀ မှ ၁၈၀,၀၀၀
တဖန် သြဂုတ်လတွင် ရိုးရိုးယာဉ် (ဒေါင်ဖန်း) အား ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ သို့ ထပ်မံ တိုးမြှင့် ခဲ့ပြန်ပါသည်။

ဝန်ထမ်း(ယာဉ်မောင်း)များမှာ ဌာနက တိုးမြှင့်သတ်မှတ်ငွေအား ပေးသွင်းနိုင်ရန် များစွာ ခက်ခဲလျက်ရှိပြီး အရှုံးများစွာ နှင့် ရင်ဆိုင်နေရပါသည်။

ယာဉ်အို၊ယာဉ်ဟောင်းများ ဖြစ်နေခြင်းကြောင့်လည်း၊ လစဉ် ပြုပြင်ထိန်းသိမ်း စားရိတ် များစွာ ကုန်ကျလျက် ရှိပါသည်။

ကနဦး ရင်းနှီး မြှုပ်နှံထားသော ကုန်ကျငွေများကြောင့် လုပ်ငန်းအရှုံးပေါ်နေသော်လည်း ဆက်လက်လည်ပတ်နေရပါသည်။

မော်တော်ယာဉ်အား ဌာနသို့ ပြန်လည်အပ်နှံရမည်ဆိုပါကလည်း၊ ရင်းနှီးငွေများ နစ်နာဆုံးရှုံးရဦးမည် ဖြစ်သည့်အပြင်၊ မိသားစု စားဝတ်နေရေး အတွက် အခက်အခဲများနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်များ ၀န်ထမ်း(ယာဉ်မောင်း)များ၏ အခက်အခဲများကို ငဲ့ညှာသောအားဖြင့် လစဉ် ရုံးသွင်းငွေအား ကျွန်တော်များ ၀န်ထမ်း (ယာဉ်မောင်း) များနှင့်ပါ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ညှိနှိုင်း သတ်မှတ်ပေးပါရန် အတွက် အယ်ဒီတာမှတဆင့် တင်ပြအပ်ပါသည်။

ဝန်ထမ်းယာဉ်မောင်းများ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved