သက်ဆင် နဲ့ ပတ်စ်ပို့

Saturday, December 3, 2011

~







ထိုင်းနိုင်ငံခြားရေးဌာနက ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ပတ်စ်ပို့အသစ် ထုတ်ပေးတော့မယ်လို့ ဒီနေ့ထုတ် The Nation သတင်းစာမှာ ရေးထားပါတယ်။

"ဒီပတ်စ်ပို့က သူ့အတွက် နှစ်သစ်ကူးလက်ဆောင်ပေါ့" ဆိုပြီး နိုင်ငံခြားရေး ၀န်ကြီး Surapong Towichukchaikul က ပြောပါတယ်။

သာမန် ပတ်စပို့ဖြစ်တယ်၊ သံတမန်ပတ်စ်ပို့ မဟုတ်ဘူး၊ ဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ထုတ်ပေးမှာပါ လို့ ဆိုပါတယ်။

မစ္စတာသက်ဆင်ရဲ့ နှမ လက်ရှိဝန်ကြီးချုပ် ရင်လပ်က "ကျမ အစိုးရအဖွဲ့က အရာရာကို ဥပဒေအတိုင်း လုပ်မှာပါ" လို့ ပြောပါတယ်။

သူ့အစ်ကိုဟာ တခြား ထိုင်းနိုင်ငံသားတွေလိုပဲ ပတ်စ်ပို့ ရသင့်ပါတယ် တဲ့။ နိုင်ငံခြားရေး ဌာနရဲ့ လုပ်ငန်းတွေကို သူ ၀င်စွက်ဖက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အစိုးရဟာ ရေဘေးဒုက္ခသည်တွေကို ကူညီရေးထက် သက်ဆင်ကယ်ဆယ်ရေးကိုပဲ ဦးစားပေးလုပ်နေပုံရတယ်လို့ အတိုက်အခံပါတီခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝက ပြောပါတယ်။

သက်ဆင်ပြည်တော်ပြန်ရေး ဦးစားသိပ်ပေးလွန်းရင်တော့ ကွိုင်တက်လိမ့်မယ်လို့လည်း သတိပေးလိုက်ပါတယ်။

မျက်ကွယ်ထောင်ဒဏ် ချခံထားရတဲ့ သက်ဆင်က လောလောဆယ်မှာ ဥရောပတိုက် မွန်တီနီဂရိုးနိုင်ငံက ထုတ်ပေးတဲ့ ပတ်စ်ပို့နဲ့ ပြည်ပမှာ သွားသွားလာလာ လုပ်နေပါတယ်။

သက်ဆင်က ရှပ်နီအဖွဲ့ရဲ့ ခေါင်းဆောင်ကြီးပါ။ ရှပ်နီအဖွဲ့ရဲ့ပါတီက လက်ရှိအစိုးရမှာ နေရာအများဆုံး ရထားပါတယ်။

ရှပ်နီနဲ့ အမြင်မတူတဲ့ ရှပ်ရောင်စုံအဖွဲ့ရဲ့ ခေါင်းဆောင် Tul Sitthisomwong က ပတ်စ်ပို့ထုတ်ပေးမယ့် အစီအစဉ်ကို လက်မခံပါ။ ထုတ်ပေးရင် နိုင်ငံခြားရေး ၀န်ကြီးကို တရားစွဲမယ်လို့ ဆိုပါတယ်။

အစိုးရက ဥပဒေလေးစားရင် သက်ဆင်ကို ပြန်ရောက်အောင်လုပ်ပြီး ထောင်ဒဏ် ကျခံစေရမှာပေါ့လို့ သူက ဆက်ပြောပါတယ်။






~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved