ဒီမိုကရေစီရဲ့ အသက်ဝိညာဉ်

Tuesday, December 20, 2011


ယခုတပတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။

ဒီမိုကရေစီရဲ့ အသက်ဝိညာဉ်-တရားဥပဒေစိုးမိုးမှု
မောင်ဝံသ

ဒီမိုကရေစီရဲ့ အသက်ဝိညာဉ်ဟာ တရားဥပဒေစိုးမိုးမှုပဲ ဆိုတာ ဒီမိုကရေစီ နိုင်ငံရေးကို လိုလားသူတိုင်းက အငြင်းမပွားဘဲ လက်ခံထားကြတဲ့ ဆောင်ပုဒ် ဖြစ်တယ်ဗျ။ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ မဏ္ဍိုင်ကြီး ၃ ရပ်အကြား တစ်ခုနဲ့တစ်ခု လွတ်လပ်အမှီအခိုကင်းပြီး အပြန်အလှန် စစ်ဆေး ထိန်းညှိမှု စတဲ့ ဒီမိုကရေစီစနစ်ရဲ့ ဂုဏ်အင်္ဂါအားလုံးကို တစ်ခွန်းတည်းနဲ့ ချုပ်ပြီး ပြောနိုင်တာက တရားဥပေဒစိုးမိုးမှုပဲ ဖြစ်တယ်ဗျာ။

တရားဥပဒေကို ကျုံ့လို့ ဆန့်လို့မရဘူး

မည်သည့်နိုင်ငံမှာမဆို အုပ်ချုပ်ရေးပိုင်းက ခေါင်းဆောင်တွေက ဒီမိုကရေစီကျင့်စဉ်ကို ရိုသေလေးစားလိုက်နာမယ့်အကြောင်း ဘယ်လောက်ပဲ အပ်ကြောင်း ထပ်အောင် ပြောဆိုနေကြပါစေ၊ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီကို အမွှမ်းတင်တဲ့ အသုံးအနှုန်းတွေ မစားရ ၀ခမန်း ဘယ်လောက်ပဲ ရေးသား ဖော်ပြထားပါစေ၊ တကယ့်လက်တွေ့မှာ တရားဥပဒေရဲ့ အာဏာ စက်ဟာ နိုင်ငံသားတိုင်း (နိုင်ငံသားတိုင်း) အပေါ် သက်ရောက်မှုရှိရဲ့လား။ တရား ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့ အချက် တကယ်သေချာ ရဲ့လား။ ဟိုတစ်ခေတ်တုန်းကလို ]]တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ}}ဆိုတဲ့ အင်မတန် စော်ကားတဲ့ စကားလုံးတွေနဲ့ ချွင်းချက်တွေထားပြီး လုပ်ချင်တာ လုပ်ခဲ့တာမျိုး ရှိနေသေးသလား ဆန်းစစ်ကြရမှာဖြစ်တယ်ဗျ။ တရားဥပဒေ ဆိုတာ အခြေအနေ အကြောင်းကြောင်းအပေါ် မူတည်ပြီး လိုသလို ကျုံ့လို့ ဆန့်လို့မရတဲ့ အရာမျိုးအဖြစ်သို့ အမှန်တကယ် ရောက်ရှိနေပြီလားဆိုတဲ့ အချက်တစ်ခုတည်းကိုသာ ကြည့်ပြီး နိုင်ငံ တစ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးနေခြင်း ရှိçမရှိ ဆုံးဖြတ်ကြရမှာ ဖြစ်တယ်ဗျာ။

ဥရောပနဲ့ အာဖရိက

အခုအချိန်မှာ ဒီမိုကရေစီ စနစ်ရဲ့ ပင်မရေစီးဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးဟာ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်ဆိုတဲ့အချက်အပေါ် အငြင်းပွားသူ မရှိသလောက်ဖြစ်နေပြီဗျ။ ဒီမိုကရေစီ သို့မဟုတ် တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ် လုံလုံခြုံခြုံနဲ့ ဖွံ့ဖြိုးတိုးတက်စည်ပင်ဝပြောနေကြပြီး မရှိတဲ့ နိုင်ငံတွေကတော့ အခုအထိ ဓားတောင်တွေကို ကျော်နေကြရတုန်း မီးပင်လယ် တွေထဲမှာ ကူးခတ်နေကြရတုန်း ဖြစ်တဲ့ မြင်ကွင်းတွေက အဲဒီအချက်ကို မီးမောင်းထိုးပြနေတယ်ဗျ။ ဒုတိယကမ္ဘာစစ် ပြာပုံထဲက လူးလဲရုန်းထလာခဲ့ကြပြီး လက်ရှိမှာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်နေကြပြီဖြစ်တဲ့ ဥရောပဒေသနဲ့ လွတ်လပ်ရေး ရပြီးနောက် ရာစုတစ်ဝက်ကျော်ကြာလာတဲ့အထိ ယမ်းနံ့တွေ မိုးမွှန်နေဆဲဖြစ်တဲ့ အာဖရိကဒေသကို နှိုင်းယှဉ်ကြည့်လိုက်ရင် တရားဥပဒေ စိုးမိုးမှုဆိုတဲ့ စကား လုံးရဲ့ အနက်အဓိပ္ပာယ်ကို လေးလေးနက်နက် သဘောပေါက်နိုင်ကြမှာ ဖြစ်တယ်ဗျ။

နတ်ဆိုးတွေလို သဘောထားတယ်

ဒီနေရာမှာ မှတ်သားထားသင့်တဲ့အချက်တစ်ချက်ကတော့ တရားဥပဒေ စိုးမိုးမှုရှိတဲ့ နိုင်ငံတွေမှာ ရှေ့နေ တရားသူကြီး စတဲ့ တရား ဥပဒေနဲ့ ဆက်နွှယ်နေ တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်ကိုင်သူတွေဟာ လူ့အဖွဲ့အစည်း အတွင်း အလွန်တရာ လေးစားအားကျ နေရာပေးခြင်းခံကြရလေ့ရှိပါတယ်။ ဥပဒေသမားတွေကို သာမန်အရပ်သူ အရပ်သားတွေက အားကိုးအားထား ပြုကြပါတယ်။ တရား ဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံတွေမှာတော့ အဲဒီပုဂ္ဂိုလ်တွေ ဟာ ပြည်သူတွေရဲ့ ရွံကြောက်ခြင်းကိုသာ ခံကြရတဲ့ (တစ်နည်း) ပြည်သူတွေက ချစ်ခင် ကြည်ညိုလေးစားလို့ မဟုတ်ဘဲ ဖမ်းစားမှာ ကြောက်တဲ့အတွက် ကိုးကွယ်ပသနေကြရတဲ့ ]နတ်ဆိုး} များအဖြစ်သာ သဘောထားခြင်း ခံကြရတာ ဖြစ်တယ်ဗျ။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံဆိုတာ အုပ်ချုပ်သူ လူတန်းစားက သူတို့ကိုယ်တိုင်ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေကိုတောင် သူတို့ကိုယ်တိုင် လေးစားလိုက်နာခြင်းမရှိတဲ့ နိုင်ငံမျိုးကို ခေါ်ဆိုတာ ဖြစ်တယ်ဗျ။ ဒါမှမဟုတ် အုပ်ချုပ်သူလူတန်းစား အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ဖို့ သက်သက် အတွက်သာ ရည်ရွယ်ပြီး ဥပဒေတွေ ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ နိုင်ငံမျိုးကို ဆိုလိုတာ ဖြစ်တယ်ဗျ။ အဲဒီလိုနိုင်ငံတွေမှာ တရားသူကြီးတွေကြည့်တဲ့ မျက်နှာဟာ ]ငို၍ ရယ်၍ မရတဲ့} တရားဥပဒေမျက်နှာ မဟုတ်ဘူးဗျ။ ]ငို၍ ရယ်၍ ရတဲ့} အာဏာမျက်နှာနဲ့ ငွေမျက်နှာတို့ဖြစ်တယ်ဗျာ။ ဒါကြောင့် အဲဒီလို နိုင်ငံမျိုးတွေမှာ ပြည်သူတွေက ]တရားသူကြီး} လို့ မခေါ်ဘဲ ]မတရားသူကြီး တွေ}လို့ တိုးတိုး တိတ်တိတ် ကျိတ်ပြီး ခေါ်လေ့ရှိကြတယ်ဗျ။ အဲဒီ နိုင်ငံတွေမှာ ရှေ့နေ တွေကိုလည်း ပြည်သူတွေက ]အမှုပွဲစား}တွေ ]ငိုစားရယ်စား} တွေအဖြစ်သာ သဘောထားကြတယ်ဗျ။ ဒါကြောင့် အဲဒီလို နိုင်ငံမျိုးတွေမှာ တရားသူကြီးနဲ့ ရှေ့နေအများစုဟာ (ကိုယ်ကိုင်တွယ်ရတဲ့အမှုတွေအပေါ် မူတည်ပြီး) ၀င်ငွေ ကောင်းချင်ကောင်းကြမှာ ဖြစ်ပေမယ့် ကွယ်ရာမှာ လူတွေရဲ့ နှာခေါင်းရှုံ့ခြင်း ခံရသူတွေ ဖြစ်တယ်ဗျ။

သူတို့ကိုယ်တိုင်အသိဆုံးပါ

လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်း အထူးသဖြင့် ဒီဘက်နှစ်အစိတ် လောက်အတွင်း ကျွန်တော်တို့နိုင်ငံမှာရော တရားဥပဒေနဲ့ အသက်မွေး ၀မ်းကျောင်းခြင်းပြုကြတဲ့သူတွေ အထူးသဖြင့် တရားသူကြီးတွေဟာ သူတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းရဲ့ အမည်နာမအတိုင်း ရပ်တည်ခဲ့ကြရဲ့လား။ ဒါမှမဟုတ် သာမန်ရာဇ၀တ်မှု တရားမမှုတွေမှာ ငွေသြဇာကို နာခံခဲ့ကြပြီး နိုင်ငံလုံခြုံတည်ငြိမ်ရေးလို့ တစ်လျှောက်လုံး ခေါ်ဝေါ်သုံးစွဲခဲ့ကြတဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့ အမှုတွေမှာဘယ်လို စီရင်ချက်တွေ ဖတ်ကြားခဲ့ကြတယ် ဆိုတာ ကတော့ သူတို့ကိုယ်တိုင်နဲ့ `မိုးနတ်မင်း´ကသာ အသိဆုံးဖြစ်လိမ့်မယ်ဗျာ။ ဘယ်သူသိသိ မသိသိ ကာယကံရှင်ပြည်သူတွေကတော့ ကောင်းကောင်းကြီး သိခဲ့ကြပါတယ်ဗျ။

အိန္ဒိယက သတင်းတစ်ပုဒ်

တရားဥပဒေစိုးမိုးမှုဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး ကျွန်တော် မကြာ သေးခင်တစ်ရက်က ဖတ်ခဲ့ရတဲ့ အင်တာနက်သတင်းတစ်ပုဒ် အကြောင်း ဖောက်သည်ချချင်တယ်ဗျာ။

အဲဒီသတင်းဟာ အိန္ဒိယကလာတဲ့ သတင်းဖြစ်ပါတယ်။ သတင်း အပြည့် အစုံက ဒီလိုဗျ။ မနှစ်က ဇွန်လထဲမှာ ဘာဘာရမ်ဒက်လို့ခေါ် တဲ့ ယောဂီကြီး တစ်ဦး ဦးဆောင်ပြီး မြို့တော်ဒေလီက ရမ်လီလာနယ်မြေမှာ အကျင့်ပျက် ခြစားမှု ဆန့်ကျင်ရေးဆန္ဒပြပွဲကြီးတစ်ခု ပြုလုပ်ခဲ့တယ်။ အစိုးရ အရာရှိ ကြီးငယ်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတဲ့ အိန္ဒိယနိုင်ငံမှာ လူထောင်ပေါင်းများစွာတို့က ယောဂီကြီးရဲ့ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ တစ်ညမှာတော့ ညသန်းခေါင်အချိန်မှာ ရဲတွေ အလုံးအရင်းနဲ့ ၀င် ရောက်လာပြီး အဲဒီဆန္ဒပြပွဲကို ဖြိုခွဲခဲ့တယ်ဗျ။ ရဲတွေဟာ အိပ်ပျော်နေတဲ့ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်၊ ထွက်ပြေးတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ လိုက်ပစ်ခဲ့ကြတယ်ဗျာ။ အဲဒီဖြစ်ရပ်မှာ လူ ၃၀ လောက် ဒဏ်ရာရသွားပြီး အဲဒီထဲက အမျိုးသမီးကြီးတစ်ယောက်ကတော့ ရတဲ့ဒဏ်ရာ တွေကြောင့် စက်တင်ဘာလထဲမှာ ကွယ်လွန်သွားခဲ့တယ်ဗျ။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယတရားရုံးချုပ်က ဖေဖော်ဝါရီလထဲမှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ အဲဒါကတော့ အဲဒီဖြိုခွင်းမှုမှာ ပါဝင်ခဲ့ကြတဲ့ ရဲတွေကို တရားရုံးတင်စစ်ဆေးဖို့ ဖြစ်တယ်ဗျ။ နောက်ပြီး သေဆုံးသွားတဲ့ အမျိုးသမိးကြီးအတွက်လည်း အသက်ဖိုး လျော်ကြေးငွေ ရူပီး ငါးသိန်း အစိုးရကပေးရမယ်လို့ စီရင်ချက်ချမှတ်ခဲ့တယ်ဗျာ။

အားလုံးသိကြတဲ့အတိုင်း အိန္ဒိယဟာ လူဦးရေသန်းပေါင်း တစ်ထောင် ကျော်ရှိပြီး မတူကွဲပြားတဲ့ လူမျိုးများစွာတို့ မတူကွဲပြားတဲ့ ပထ၀ီဒေသ အသီးသီးမှာ ပေါင်းစည်းနေထိုင်နေကြတဲ့ ဧရာမနိုင်ငံကြီးတစ်ခုဖြစ်တယ်ဗျ။ ၁၉၄၇ခု လွတ်လပ်ရေး ရအံ့ဆဲဆဲမှာ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ လုပ်ကြံ သတ်ဖြတ်ခံရပြီး ပါကစ္စတန်နိုင်ငံ ခွဲထွက်သွားမှုနဲ့လည်း ကြုံတွေ့ ခဲ့ရတယ်ဗျ။ ဒါ့အပြင် ပါကစ္စတန်နဲ့ရော တရုတ်နဲ့ပါ စစ်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ရပြီး ပြည်တွင်းမှာလည်း ဟိန္ဒူ-မူစလင် ပဋိပက္ခ၊ ကက်ရှ်မီးယားပြဿနာ၊ မော်ဝါဒီသူပုန်၊ နာဂသူပုန်တွေနဲ့ လုံးထွေးနေခဲ့ရတဲ့ နိုင်ငံဖြစ်တယ်ဗျ။ ဒါပေမယ့် အိန္ဒိယတပ်မတော်ဟာ နိုင်ငံရေးထဲ ဘယ်တုန်းကမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘဲ နိုင်ငံ့လွတ်လပ်ရေးဖခင် အမျိုးသား ခေါင်းဆောင်ကြီးတွေ ရေးဆွဲပြုစုပြဋ္ဌာန်း ခဲ့ကြတဲ့ အခြေခံဥပဒေကို တစ်သမတ်တည်း ကာကွယ်စောင့်ရှောက်ခဲ့တယ်ဗျ။ တပ်မတော်က စစ်ဘောင် ပါလီမန်ဘောင် သတ်သတ်မှတ်မှတ် ခွဲခွဲခြားခြား နေထိုင်ခဲ့တဲ့အတွက် နိုင်ငံရေးသမားတွေက လည်း စစ်တပ်က အာဏာသိမ်းမယ့် အန္တရာယ်ကို စိုးရိမ်ပူပန်ခြင်းမရှိကြဘဲ ကိုယ့်အလုပ်ကိုယ် စိတ်အေးအေးထား လုပ်နိုင်ခဲ့ကြတယ်။ ဒါကြောင့်မို့လဲ အိန္ဒိယနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုဟာ အခြေခံအားဖြင့် ခိုင်ခိုင်မာမာ တည်ရှိနေ ခဲ့တယ်ဗျ။ လွတ်လပ်စွာ ပြောခွင့်ဆိုခွင့် ပေးထားတဲ့ ဒီမိုကရေစီထုံးစံတိုင်း ပူညံ ပူညံတွေ မပြတ်ရှိခဲ့ပေမယ့် တရား ဥပဒေစိုးမိုးမှုရှိတဲ့ အချက်ကြောင့် အိပဲ့ အိပဲ့လျှောက်လှမ်းရင်းနဲ့ပဲ အခု အချိန်မှာတော့ အိန္ဒိယဟာ ထွန်းသစ်စ စီးပွားအင်အားရှင် နိုင်ငံကြီး တစ်ခုအဖြစ်သို့ တရွေ့ရွေ့ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်ဗျာ။

အိန္ဒိယဖွဲ့စည်းပုံရဲ့ အားသာချက်

ကျွန်တော်ကတော့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ အိန္ဒိယရဲ့ နိုင်ငံရေးဖွဲ့စည်းမှု ပုံစံကို အတော်ကလေး နှစ်သက်မိတယ်ဗျ။

(၁) အင်္ဂလန်ကို ပါလီမန် မိခင်နိုင်ငံလို့ ခေါ်တွင်သလို အိန္ဒိယကို ဒီမိုကရေစီမိခင်နိုင်ငံလို့တောင် တင်စားခေါ်ဝေါ် ခဲ့ကြတာ ဘာကြောင့်လဲ။

(၂) အိန္ဒိယက ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရအကြား အာဏာခွဲဝေမှုစနစ် ဘယ်လိုအားသာချက်တွေရှိလို့ ပြည်နယ်တွေအားလုံး လိုလိုက ကျေနပ်နေကြတာလဲ။

(၃) ဆိုရှယ်လစ်စနစ်ကို (မြန်မာများနည်းတူ) မူလပန်းတိုင်ထားခဲ့တဲ့ နေရူး၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ မျိုးဆက်နောက်ပိုင်း ဘယ်လို စီးပွားရေးမူဝါဒတွေ ပြောင်းလဲ ချမှတ်အကောင်အထည်ဖော်ခဲ့လို့ အိန္ဒိယဟာ တရုတ်နဲ့ နင်လား ငါလား ရှေ့တန်းရောက်လာတာလဲ။

အိန္ဒိယနိုင်ငံဆီက စိတ်ဝင်စားဖွယ် လေ့လာစရာတွေ အများကြီး ရှိပါတယ်။ ပေါ်လစီမိတ်ကာများလည်း လေ့လာမိကြမယ်ထင်ပါတယ်။

လောလောဆယ် ကျွန်တော်တို့ဆွေးနွေးနေတဲ့ တရားဥပဒေစိုးမိုးရေး တည်ဆောက်မှုကိစ္စနဲ့ ဆက်စပ်တာကို ပြောရရင်ဖြင့် အိန္ဒိယနိုင်ငံကြီးမှာ နိုင်ငံရေးတည်ငြိမ်မှု (နှိုင်းယှဉ်သောအားဖြင့်) ရှိနေတာ၊ စီးပွားရေး တိုးတက်နှုန်းမြန်ဆန်လာတာတွေဟာ တရားရေးမဏ္ဍိုင် အံ့သြလောက်အောင် လွတ်လပ် ကြံ့ခိုင်ခဲ့လို့ပဲ ဖြစ်ကြောင်းပါဗျာ။

၂၉- ၀၂- ၂၀၁၂

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved