IC တီးဝိုင်း မိသားစုက ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က သွားတွေ့ပါတယ်။
မကြာသေးမီက ဂီတလောကသမားများ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ ကြိမ် တွေ့ဆုံရာမှာ သူတို့ မပါဝင်ပါဘူး။
တွေ့မယ်ဆိုတဲ့သတင်း မရလို့၊ ခရီးလွန်နေကြလို့ လာမတွေ့ဖြစ်ဘဲ ခုမှ သွားရောက် တွေ့ဆုံတာဖြစ်တယ်လို့ သိရပါတယ်။
NLD က စီစဉ်တဲ့ ကြာသပတေးနေ့ (ဒီဇင်ဘာ ၃၀ ရက်နေ့) တိုင်းရင်းသားပညာရေးရန်ပုံငွေမှာ ပါဝင်ကူညီဖို့ ထင်ရှားတဲ့ တီးဝိုင်းများ၊ အဆိုတော်များက အသင့် ဖြစ်နေပါပြီ။ အဲဒီပွဲကြော်ငြာမှာတော့ IC တီးဝိုင်း နဲ့ IC အဆိုတော်များရဲ့ နာမည်ကို မတွေ့ရပါ။
လေးဖြူက အဲဒီပွဲကို ဧည့်သည်အဖြစ်နဲ့ လာမယ်၊ အခြေအနေပေးရင် စင်ပေါ်တက် ဖျော်ဖြေမယ် လို့ Burma VJ Media Network ကို ပြောပါတယ်။
တွေ့ဆုံပွဲမှာ IC မန်နေဂျာဟောင်း ကိုကိုလွင်က ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းတော်သားများ၊ အဆိုတော်များနဲ့ မိတ်ဆက်ပေးပါတယ်။
လေးဖြူနဲ့ မိတ်ဆက်ပေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က လေးဖြူကို "သိတယ်" လို့ ပြောပါတယ်။
လေးဖြူရဲ့ ၁၉၉၅ မှာ ထွက်တဲ့ ပါဝါ သီချင်းခွေတခု အမည်က ပါဝါ ဖြစ်ပါတယ်။ မူလက ပါဝါ ၅၄ လို့ အမည်ပေးခဲ့တာပါ။ ၅၄ ဆိုတာကို ကျေးဇူးရှင် စိစစ်ရေးဌာနက ဆင်ဆာဖြတ်ပါတယ်။
အဲဒီ ဂဏန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်နံပါတ်နဲ့ တူနေတာပါ။
ဒီဖြစ်ရပ်ကြောင့်ပဲ နိုင်ငံရေးလောကမှာ လေးဖြူ၊ ပါဝါ ဆိုတာတွေကို သီချင်းနားမထောင်ဘဲ အမှတ်ထင်ထင် ဖြစ်သွားသလို ဂီတလောကမှာလည်း ၅၄ ဟာ တက္ကသိုလ်ရိပ်သာလမ်းက အိမ်နံပါတ်မှန်း သိသွားကြပါတယ်။
အခုတော့ ပါဝါ ၅၄ ကို ဖန်တီးခဲ့သူများနဲ့ နိုင်ငံရေးပါဝါ၅၄ အိမ်ရှင်တို့ တွေ့ဆုံကြပါပြီ။ ထပ်မံ တွေ့ကြဦးမယ်လို့ ဆိုပါတယ်။
သြော် ကိုလေးဖြူကလဲအမျိုးတွေအကုံလုံးခေါ်လာတယ်နော် ။