စာဖွံ့၊ ဇင်းဖွံ့နဲ့ ကြောက်ချေးပန်းနေတဲ့ မင်းတြားကြီး

Friday, January 28, 2011 5 comments


မီဒီယာများကို ထိတ်လန့်နေသည့် မင်းတြားကြီး

မင်းတြားကြီးခမျာ မီဒီယာကိုတော်တော် ကြောက်နေပုံရပါတယ်။ လွှတ်တော်ထဲကို မီဒီယာတွေ ခေါ်ဖို့ မခေါ်ဖို့ တောင် အဖြေပေးဖို့ ခက်နေရှာတယ်။ (ဒီသတင်းကို ရှု)

မင်းတြားကြီးခမျာ ဉာဏ်နီဉာဏ်နက်တွေ ဉာဏ်ပြာ ဉာဏ်ဝါတွေ ထုတ်နေပုံပဲ။ ပြန်ကြားရေး ဝန်ကြီးရဲ့ အမေးကို ချက်ချင်း အဖြေ မပေးတာ ဘာကြောင့်ပါလိမ့်။ မိဘုရားခေါင်ကြီးနဲ့ တိုင်ပင်ချင်လို့ ဖြစ်မယ် ထင်ပါရဲ့။ အဲ ... တိုင်ပင်ချင်လို့ ဆိုတာထက် ဒီမေးခွန်းအတွက် ဘယ်လိုဖြေလိုက်ဆိုပြီး သူ့ကတော် ဒေါ်ကြိုင်ကြိုင် ဆီက အမိန့်မကျသေးလို့ဖြစ်မယ်။ နောက်တော့ ပြောလိမ့်မပေါ့။

ဒါပေမယ့် မနက်ဖြန်ဆိုရင်ပဲ ၂၉ ရက်တောင်ရှိပြီ။ ၃၁ ရက်နေ့မှာ လွှတ်တော်က စတော့မှာ။ အခုထိ မီဒီယာကို ဘာလုပ်မယ် မသိသေးဘူး။ ဒါပေမယ့် နိုင်ငံတကာရှေ့မှာလည်း ဒီမိုကရေစီ ဘလာဘလာ ဘာညာကွိကွ ဆိုတာက ပြချင်သေးတော့ မီဒီယာအတုတွေကို ခေါ်ရပါမယ်။ မီဒီယာအတုဆိုတာက အစိုးရ သေဆိုသေ၊ ရှင်ဆိုရှင်တဲ့ ရုပ်သေးမီဒီယာ။ သတင်းစာတို့၊ မြန်မာ့အသံ၊ မြန်မာ့ရုပ်သံ၊ မြဝတီ အဲဒါတွေကိုပြောတာပါ။ နိုင်ငံတကာကလည်း အရူးမှမဟုတ်ဘဲ ... ဒီ မီဒီယာတွေက အစစ်မဟုတ်ဘူး ဆိုတာ သိသပေါ့။ အဲဒီလို သိတယ် ဆိုတာကိုလည်း မင်းတြားကြီးက သိနေပြန်တော့ အကြပ်ရိုက် နေတော့တာပေါ့။

ဒီလောက်တောင် မီဒီယာလွတ်လပ်ခွင့်တွေ လွှတ်ရှိတဲ့ တိုင်းပြည်ကြီးမှာ မျှော်တဲ့သူက မျှော်သေးတယ် ... နေ့စဉ် သတင်းစာ ထုတ်ခွင့်တဲ့။ ဆင့်အဝှာကို ဟိုအကောင် မျှော်တာကမှ နည်းနည်း သေချာသလောက် ရှိသေးတယ် မဟုတ်ဘူးလား။

ပြန်ကြားရေးဝန်ကြီးကို သူ့နားမှာကပ်ဖားလေ့ရှိတဲ့ ပုဂ္ဂလိက မီဒီယာ မောင်တွေက တောင်းသတဲ့။ သတင်းစာ ထုတ်ခွင့်လေးပေးသနားပါ၊ ဒါက သူတို့ အိပ်မက်ပါ ဘာညာဆိုတော့၊ ဝန်ကြီးက တခွန်းပဲ ပြန်ပြောတယ် “မင်းတို့ ပေးတာတွေတော့ ယူပါမယ်။ ဒါပေမယ့် မင်းတို့ကို မယုံဘူး၊ မယုံဘူး ဘယ်တော့မှ မယုံဘူး” တဲ့။ ကိုတာတေ ကတော့ သမိန်ပေါသွပ် လေသံနဲ့ ပြောလိုက်ချင်သေးရဲ့ “ရယ်ရတယ်ဟေ့ ဗြဲ” လို့။ မီဒီယာမောင်တွေ ကွဲတော့တာပါပဲ။

ဝန်ကြီးကတော့ ပေးချင်ရှာမှာပါ။ ဒါမှလည်း သူ့ခမျာ အထုပ်နဲ့ အထည်နဲ့ ဖြစ်မှာကိုး (တပတ်တခါထုတ်တဲ့ ဂျာနယ်နဲ့တောင် ဆူဖြိုးနေတဲ့ဟာ)။ ဒါပေသိ ... မင်းတြားကြီးက “နိုး” ဆို ဘယ်တော့မှ “ယက်စ်” မှာ မဟုတ်မှန်း သိတော့ “မယုံဘူး” တလုံးတည်းနဲ့ အပီ ရိုက်ထည့်လိုက်ပုံရပါတယ်။

ဒီတော့ မီဒီယာ မောင်များက တမျိုးကြံပြန်ပါတယ်။ “သတင်းစာ မပေးရင်လည်း နေပေါ့။ ဒါပေမယ့် စိစစ်ရေး မတင်ဘဲ ထုတ်ခွင့်ပေး ...။ တကယ်လို့ အမှားပါတယ်လို့ ယူဆရင် ဂျာနယ်ကို ပိတ်ပေးမယ်” ဆိုပြန်တော့လည်း ဝန်ကြီးက “နိုး” ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကြောက်တယ်လေ။ ဂျာနယ်ပိတ်တာက နောက်။ ဂျာနယ်မှာ ပါသွားလို့ ပြည်သူက ဖတ်မိသွားမှာက အရင်။ အဲဒီလိုဖြစ်သွားလို့ကတော့ ဂျာနယ်တိုက် ပိတ်တာက တပိုင်း၊ မင်းတြားကြီးက သူ့ကို အမျက်တော်ရှမှာ။ ဒါမျိုးတော့ ဝန်ကြီးတို့က ဘယ်စွန့်စားပါ့မလဲ။ “အဘ” “အဘ” လို့ အခေါ်ခံပြီး ခြင်းကြီးတွေ၊ ပုံးကြီးတွေ၊ ဆာလာအိတ်ကြီးတွေပဲ စောင့်စားတော့မပေါ့။

အခုလည်း ပုဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတဲ့။ လုပ်ပြန်ပြီ။ အတိုကောက်တော့ “စာဖွံ့” လို့ ပြောရမလား “ဇင်းဖွံ့” လို့ နာမည်တပ်ရမလားမသိဘူး ... အဲဒီဟာကို စာပေနဲ့ စာနယ်ဇင်းက ထလုပ်ပါတယ်။ ဒါကလည်း ပုဂ္ဂလိကအဖွဲ့တခုက သတင်းသမားဆု ချီးမြှင့်မယ်ဆိုပြီး ထအလုပ်မှာ မစားရတဲ့အမဲ သဲနဲ့ ပက်တဲ့ သဘော သက်သက်ပါ။ ဟိုလူတွေ ခမျာတော့ သတင်းသမားဆု ချီးမြှင့်မယ့်အစီအစဉ် ပျက်သွားရှာတယ်။

အဲဒီကော်မတီကြောင့် ပုဂ္ဂလိက စာနယ်ဇင်းတွေ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်သလဲတော့ မသိဘူး ... ထူထောင်လိုက်တဲ့ ဆရာ ၂ ပါးကတော့ စက်မှုဇုန်ထုတ် ဆာ့ဖ်ကားကြီးများ ဝယ်စီးခွင့် ရသွားသတဲ့။ ဘယ်သူလဲ ဆိုတာ သိချင်ရင်တော့ စက်မှုဇုန် ဆာ့ဖ်ကားကြီးစီးနေတဲ့ အယ်ဒီတာကြီးများကို ရန်ကုန်မှာ ရှာကြည့်ပေတော့။ ၂ ယောက်တည်းပါ။

ကဲ အခုတော့ လွှတ်တော် တက်ပြီး သတင်းယူခွင့်တဲ့။ စာဖွံ့တို့ ဇင်းဖွံ့တို့လည်း အိပ်မက် မမက်နဲ့၊ စိတ်ကူး မယဉ်ကြနဲ့။ မင်းတြားကြီး ကြောက်ချေးပန်းနေတယ်။ တောက်ရမ်း စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ကျမှပဲ ဆာ့ဖ်ကားကြီးပေါ်မှာ နေ့စဉ်သတင်းစာ အိပ်မက်တွေ မက်ကြပေတော့။

ရန်ကုန်သားတာတေ

ရန်ကုန်မြို့မှ ပေးစာ

1 comments

ကျွန်တော် အကူအညီ တစ်ခု တောင်းချင်လို့ပါ။ ကျနော်တို့ အခက်အခဲ တခုကို တင်ပြပြီး မီဒီယာ တွေအနေနဲ့ ကူညီစေချင်ပါတယ်။

ရန်ကုန်မြို့လယ်ခေါင် (၃၃) လမ်း နှင့် အနော်ရထာထောင့် မှာရှိတဲ့ လူနေထိုင်တဲ့ တိုက်တစ်လုံးကို Naing group နဲ့ စည်ပင်ပေါင်းပြီးဖျက်တာ လူနေခန်းတွေကျန်ခဲ့တယ်။
အဲဒါ ရွှေမျက်မှန်ဆိုတဲ့ဆိုင်ရယ် အခြားလူနေခန်းရယ် ကျန်နေတာ။

အခုတော့ ရွှေမျက်မှန်ဆိုင် တဆိုင်ပဲ ကျန်တော့တယ်။ ဒါပေမယ့် ပိုက်ဆံလည်း အလျော်မပေး၊ အစားထိုးပြီးလည်းပြန်မပေးဘူး။ နယ်တွေမှာ လယ်သိမ်းသလို သိမ်းနေတယ်။

အခုလည်း လူတွေနေနေရဲ့သားနဲ့ ။ အတင်းဖျက်နေတယ်။ ဆွဲချမယ်လို့လည်း ပြောနေတယ်။ ရွှေမျက်မှန်ဆိုင်ကလည်း မတရားသဖြင့်
တောင်းဆိုမှုတွေ တခုမှ မလုပ်ပါဘူး။ သူတို့ အခန်းအတိုင်းအတာအတိုင်းပဲ ပြန်ရချင်တာပါ။
ဒီလိုပဲ လက်လွတ်ပြီး ကိုယ့်ပိုင်တဲ့ အခန်းက လက်လွတ်ထွက်ပေးရမှာလား။

ကူညီပေးပါဦး။ မီဒီယာဆိုတာ အားတခုပါ။ ကူညီမယ့်သူမဲ့လို့ အကူအညီတောင်းဆိုပါတယ်။



ဦးမြတ်ခိုင်ရဲ့ မော်နီတာဂျာနယ်ကို ဘာကြောင့်ပိတ်

5 comments

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မပြီးနိုင် မစီးနိုင် လက်ထပ်ပွဲထဲက တခုဖြစ်တဲ့ ညစာစားပွဲ ဓာတ်ပုံတွေကို စိစစ်ရေးမတင်ဘဲ ဖော်ပြလိုက်လို့ အပိတ်ခံရတာလို့ ဆိုပါတယ်။ ဦးမြတ်ခိုင်ရဲ့ ဖေ့စ်ဘုက ဓာတ်ပုံတွေနဲ့ အပိတ်ခံရတဲ့စာမျက်နှာတွေကို ဖော်ပြပေးလိုက်ပါတယ်။














ကိုဇာဂနာ့မွေးနေ့ သီးညီအစ်ကိုများရဲ့ ပဒေသာကပွဲ

1 comments







ပြည်သူချစ် အနုပညာရှင် ကိုဇာဂနာရဲ့ အသက် ၅၀ ပြည့် ရွှေရတု မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သီးညီအစ်ကို အဖွဲ့ကတင်ဆက်တဲ့ ပဒေသာကပွဲနဲ့ အငြိမ့်ပါ။ ဇန်နဝါရီ ၂၇ ရက် ညက ထိုင်းနိုင်ငံ ချင်းမိုင် Art Museum မှာ ကျင်းပပါတယ်။ ဒီပွဲကရတဲ့ ငွေတွေကို ကိုဇာဂနာ့အတွက် လှူဒါန်းမယ်လို့ သိရပါတယ်။ ကြယ်သီး၊ ဇီးသီး၊ ပန်းသီး၊ မြစံပယ်ငုံ၊ ရွှေရည်တို့ ၅ ယောက်တည်း ကြဲတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ ထူးခြားတာကတော့ ပထမဆုံးတင်ဆက်တဲ့ နတ်ယိမ်း အကပါ။ မြူးကြွတဲ့ အကတွေ၊ နတ်ဒိုးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပန်းရောင်တောက်တောက် နတ်ဝတ်စုံတွေက လူတွေကို အထူး ဖမ်းစားထားပါတယ်။

နောက်တော့ လူနဲ့ အရုပ် အတူကတဲ့ ရုပ်ကြီးစင် အကပါ။ အဲဒီမှာ အရုပ်ကို ပန်းသီးက ကြိုးဆွဲပြီး လူမင်းသား ဇီးသီးကိုတော့ ကြယ်သီးက ကြိုးဆွဲပါတယ်။ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် စတဲ့ အကတွေ ကိုလည်း မင်းသမီးလေးတွေက တင်ဆက်ပါတယ်။ အဲဒီမှာတော့ တခြား မင်းသမီးငယ်လေးတယောက်က ရွှေရည်နဲ့ မြစံပယ်ငုံကို အားဖြည့် ထားပါတယ်။

ဒီပွဲမှာ သီးညီအစ်ကိုအဖွဲ့ကို မြင်ရတာ အားရစရာလည်း ကောင်း၊ ရင်မောစရာလည်း ကောင်းလှပါတယ်။ ပွဲအစီအစဉ်တွေ အားလုံး သူတို့ချည်း ဝင်ချည်ထွက်ချည်၊ အခု အဝတ်အစားတမျိုး၊ နောက်အဝတ်အစား တမျိုးနဲ့ ဖျော်ဖြေနေတာကို ကြည့်ပြီး မောရတာပါ။ မြန်မာ့ဆိုင်းကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် တီးပြခဲ့ပါသေးတယ်။ ဆိုင်းဝိုင်း အပြည့် မဟုတ်ပေမယ့် တခြားသော မြန်မာ ဆိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပန်းသီးက ပတ္တလား၊ ဇီးသီး၊ ကြယ်သီးတို့ပါ ပါဝင်တီးခတ်ထားတာပါ။ မြမန်းဂီရိ သေလာတောင် သီချင်းကြီးနဲ့ ရှမ်းရိုးမက အိုးစည်သံ မြူးမြူးကြွကြွ သီချင်းတို့ကို ဆက်တိုက်တီးပြတာ နားထောင်လို့တော်တော်ကောင်းပါတယ်။

အစီအစဉ်တွေအားလုံး ပရိသတ်ကို ဖမ်းစားနိုင်တယ်လို့ ယူဆရပါတယ်။ အနည်းငယ် လစ်ဟာမှုလေး တွေကိုတော့ ပရိသတ်က ခွင့်လွှတ်ခံစားတာတွေ့ရတယ်။ လူနည်းနည်းနဲ့ ဝိုင်းရတဲ့ပွဲ ဆိုတာကို ချင်းမိုင်ပရိသတ်က နားလည်နေပါတယ်။

အငြိမ့်ခန်း စဖွင့်တာကတော့ လွမ်းမောဖွယ် ကောင်းလှပါတယ်။ ကိုဇာဂနာနဲ့ လူရွှင်တော်အဖွဲ့က ပိတ်ကားပေါ်မှာ ခွန်းထောက်ဆိုပြီး စဖွင့်တာပါ။ သီးညီအစ်ကိုတွေက ခွန်းထောက် မဆိုတော့ဘဲ မင်းသမီး ရွှေရည်ရဲ့ အကနဲ့ စပါတယ်။ “ဗေဒါလမ်း” သီချင်းနဲ့ မြစံပယ်ငံကကပြီး ရွှေရည်ကတော့ ကြယ်သီး ရေးစပ် ထားတဲ့ မြတ်ဆရာဆိုတဲ့ သီချင်းနဲ့ ကပါတယ်။ ပြက်လုံးတွေကတော့ ခါတိုင်း ခွင်တွေလောက် မကောင်းဘူးလို့ ပြောရမှာပါ။ လူရွှင်တော် ၃ ယောက်တည်းနဲ့ စီစဉ်ရလို့ ဖြစ်မှာပါ။ အငြိမ့်ခွင်ကိုတော့ အရှေ့ပိုင်းက တင်ဆက်မှုတွေလောက် အားမရပါဘူး။

အဆုံးသတ်ပြီးသွားတဲ့ အချိန်မှာ သီးညီအစ်ကို ၃ ယောက်၊ မင်းသမီး ၂ ယောက်နဲ့ တခြား မင်းသမီး ငယ်လေးတွေစုပေါင်းပြီး ကိုဇာဂနာအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းရင်း တင်ဆက်တဲ့ ဆီမီးခွက် ယိမ်းကို ကြည့်ရပါတယ်။

ဆရာသမားအတွက် အားကြိုးမာန်တက် ပင်ပင်ပမ်းပမ်း တင်ဆက်သွားကြတဲ့ သီးညီအစ်ကို အဖွဲ့သားများကို ချီးကျူး ဂုဏ်ပြုပါတယ်။




 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved