ပြည်တွင်းစစ် ဘာလဲ ဘယ်လဲ (အပိုင်း ၄)

Sunday, January 8, 2012

~



သူပုန်ကြီး (Burma Media Wash)

ကိုယ်ဖျောက်ဝိဇ္ဇာက လိုလား တက်ကြွစွာ ပြောပြလေသည်။

“ပြောရရင်တော့ဗျာ .. စစ်ပွဲဆိုတဲ့ လူသတ်ပွဲတွေ ချုပ်ငြိမ်းမှ တိုင်းပြည်ကောင်းစားရေးကို ငြိမ်းချမ်းတည်ငြိမ်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှာ။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အချို့ခေါင်းဆောင်များက ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့်, အရာမထင် မအောင်မြင်ခဲ့ဘူးဗျာ .. ။ ဘာကြောင့် မအောင်မြင်ခဲ့ရသလဲ ..

ကိုယ်ဖျောက်ဝိဇ္ဇာ က၊ ဆင်ခြင် တွေးဆရမည့် အကြောင်းအရာများကို ဆက်သည်။

“ပြည်တွင်းစစ်ရပ်စဲရေး အသံဗလံတွေ’ဟိန်း’လာတော့.၊ အစိုးရ စစ်ဘက်ခေါင်းဆောင်ပိုင်းမှာ၊ ပွက်လော ရိုက်လာခဲ့တယ်.။ ပြည်တွင်းငြိမ်းချမ်းရေး ရသွားပြီ ဆိုပါစို့ .. ။ တောတွင်း လက်နက်ကိုင်တွေ မြေပေါ်တက်လာမယ်။ နိုင်ငံရေးစင်မြင့်မှာ အနည်းနှင့်အများ တွင်ကျယ်လာနိုင်တော့ ..

ကိုယ်ဖျောက်ဝိဇ္ဇာ က၊ သူ့စကားကို လေးနက်စေလို၍ ’တုန့်’လိုက်သည်။ ပြီးမှ အကြောင်းနှင့်အကျိုး ဆက်စပ်ပြီးရှေ့ကို ဆက်သည်။

“တောကလူတွေ မြေပေါ်တက်ပြီး တွင်ကျယ်လာနိုင်တယ်။ ဒါကို, အစိုးရ စစ်ခေါင်းဆောင် တချို့က၊ ကြိုတင်ပြီးတော့ကို မရှုစိမ့်ဘူး .. ။ မလိုတမာ ဖြစ်တယ် .. ။ ဒါဟာ .. သူတို့ရဲ့ ကလေးဆန်လွန်းမှုပဲ .. ။ မညှာမတာပြောရရင်, သူတို့ရဲ့ နိုင်ငံရေး စိတ်ဓါတ် အောက်တန်းကျမှုပဲ .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက၊ အမှန်အတိုင်း သမိုင်း တင်ရစ်ရမည့် အကြောင်းအရာဖြစ်၍ ’ဒဲ့’ ပြောချလိုက်ခြင်းဖြစ်ပေလိမ့်မည်။ ကျန်ရှိနေသေးသည်ကိုလည်း တတွဲတည်း ဖွင့်ပြောသည်။

“နောက်အကြောင်းတစ်ရပ် ရှိသေးတာက ဒီလိုဗျ .. ။ ပြည်တွင်းစစ် ရပ်စဲသွားရင် စစ်မက်ရေးရာများ လျော့နည်းသွားမယ်။ ဒီတော့ စစ်ဗိုလ်တွေက တိုင်းပြည်အတွက် သူတို့ရဲ့ အရေးပါ တွင်ကျယ်မှု, သူတို့ရဲ့အခန်းကဏ္ဍ မှေးမှိန်သွားလေမလားလို့ စိုးရိမ်လာတယ် .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက ’လူသည်ဖေါက်ပြန်တတ်သည်’ ဟူသော သဘောသဘာဝကို ဆက်လက် ဆွေးနွေးသည်။

“အဲ…အစကတော့.၊ တိုင်းပြည်အတွက် အသက်ပင်သေသေ, အစတေးခံရရင်လည်း ခံရပါစေ ဆိုတဲ့ကောင်းမြတ်တဲ့ စိတ်နဲ့ စွန့်လွှတ် စွန့်စားခဲ့ကြတာပဲ.။ ဒါပေမယ့် လွတ်လပ်ရေးလည်းရပြီးရော လွတ်လပ်ရေးတိုက်ပွဲ ကာလတုန်းက ဆင်းရဲဒဏ်ကို ခံနိုင်ခဲ့ကြသူ အတော်များများဟာ၊ ချမ်းသာဒဏ်ကို မခံနိုင်ကြတော့ဘူး .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက လူ့မနော လူ့သဘော အခြေခံ အကြောင်းရင်းပေါ် ရပ်တည်ပြီး ဆက်လက် ဆွေးနွေးသည်။

“သြဇာရှိန်ဝါရာထူးရာခံတွေအတွက် စားမာန်ခုတ်ပြီ .. ။ တချိန်က ရဲဘော်ရဲဘက် သေဘော်သေဘက် ငတ်ဘော်ငတ်ဘက် စိတ်ဓါတ်ကောင်းကို မထိန်းနိုင်ကြတော့ဘူး။ တစ်ဦးကိုတစ်ဦး မာန်ဖီလာကြတယ်။ ခွက်စောင်းခုတ်လာကြ၊ စားခွက် လုလာကြတယ်။ ခက်လိုက်ပုံက .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက မချင့်မရဲ အားမလိုအားမရ ဆက်၍ပြောသည်။

“ခက်လိုက်ပုံက တိုင်းပြည်ငြိမ်းချမ်းရေးထက်၊ သူတို့ရဲ့အရေးပါ တွင်ကျယ်မှုနဲ့ သူတို့ရဲ့ အခန်းကဏ္ဍ မြင့်မားရေး ဆိုတဲ့’အဆိပ်’က ငယ်ထိပ်ထိ ပြင်းပြင်း ထန်ထန် တက်လာခဲ့တယ်။ ဒီမှာတင် ’မင်းဘာလဲ ငါဘာလဲ’က, စလိုက်တာ၊ အတ္တ မာန လောဘ ဒေါသတို့ တက်ပြီး မောဟပါဖုံး .. ။ အဲ .. ဇက်ကြိုး သတ်မရ ဖြစ်လာပါလေရော .. ”

ကိုယ်ဖျောက်ဝိဇ္ဇာက လူ့သဘောလူ့မနော ဖေါက်လွှဲဖေါက်ပြန် ဖြစ်တတ်သည်ကို ဆက်သည်။

“စစ်တပ်အင်အားကို ချုံ့တာနဲ့အမျှ နောင်လာမယ့် တပ်ဖွဲ့စည်းပုံသစ်အရ စစ်ခေါင်းဆောင် ရာထူးနေရာတွေ လျော့နည်းသွားမယ် .. ။ စစ်တပ်အင်အား ကျူံ့သွားတာနဲ့အမျှ ဘတ်ချက်က လျော့ကျတော့မယ်။ ဒါရဲ့အကျိုးဆက်က စစ်ဗိုလ်တွေရဲ့ ဖြတ်စားလပ်စားဂွင် ကျဉ်းသွားမယ်.။ အဲဒီလိုတွေ ဖြစ်သွားမှာကို အစိုးရစစ်ခေါင်းဆောင် အချို့ကအတ္တနဲ့ ယှဉ်ပြီး စိုးရိမ်ပူပန်တာလည်း ရှိသေးတယ် .. ”

ဖေါ်ပြခဲ့သော အကြောင်းအချက်နှစ်ရပ်က၊ စစ်ခေါင်းဆောင်တို့အား နိုင်ငံရေးခေါင်းဆောင်အချို့နှင့် လက်ချင်းချိတ်ဆက် ပုန်းခုတ်ဖို့ရာ တွန်းအားပေးခဲ့သည် ဟု၊ ကိုယ်ဖျောက်ဝိဇ္ဇာ က ဆိုသည်။ ဤသည်ကိုလည်း ကိုယ်ဖျောက်ဝိဇ္ဇာ က၊ အထုပ်ဖြေလေသည်။

“တောကပြန်လာနိုင်တဲ့ တောပြန်တွေကို မရှုစိမ့် မနာလိုတာရယ် .. ၊ မယှဉ်ပြိုင်ရဲတာကြောင့်ရယ် .. ၊ စစ်ဗိုလ်တွေကလည်း နီးစပ်ရာ နိုင်ငံရေးသမားတွေကို’မွေး’။ နိုင်ငံရေးသမားတွေကလည်း၊ နီးစပ်ရာ စစ်ဗိုလ်တွေကို’မွေး’.။ အပြန်အလှန် အသုံးချကြဖို့ပဲ.။ ခု, ပြည်တွင်းစစ် ရပ်စဲရေးကိစ္စ ပေါ်လာတော့၊ အောက်တန်းကျတဲ့ စစ်ဗိုလ်တွေနဲ့ အောက်တန်းကျတဲ့နိုင်ငံရေးသမားတွေက အပြန်အလှန် အသုံးချကြတယ် .. ။ ဒီအချက်တွေကပြည်တွင်းစစ် အပြုတ်တိုက်ရေးအတွက် မီးလောင်ရာလေပင့်ဖြစ်ကုန်ပါလေကော .. ”

ကိုယ်ကျိုးကြည့်ဖေါက်ပြန်ရေးသမားများဖြစ်ကြသည့် စစ်ခေါင်းဆောင် အချို့နှင့် နိုင်ငံရေးခေါင်းဆောင် တချို့တို့၏ မရင့်ကျက်မှု, သဘောထားသေးမှု, အလိုရမ္မက်ကြီးမှု စသည်တို့ကို နှောင်းလူတို့ သင်ခန်းစာ ယူနိုင်စေဖို့၊ ကိုယ်ဖျောက်ဝိဇ္ဇာ က၊ အတော်အသင့် အထုပ်ဖြေပြခဲ့ပြီးဖြစ်သည်။

ကိုယ်ဖျောက်ဝိဇ္ဇာသည် မြို့ခိုဘက်သားတို့၏ အတွင်းသရုပ်ကို ဖေါ်ထုတ်ခဲ့ပြီး၊ တောခိုဘက်သားတို့ကို လှည့်ကြည့်လိုက်ပြန်တော့၊ တောတွင်း လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ’အထုပ်’များကို’၊ မကြည့်ချင်, မြင်လျက်သား’တွေ့နေရပြန်သည် ထင်ပါ့။ ကိုယ်ဖျောက်ဝိဇ္ဇာကြီးက နောက်ထပ် အထုပ်များကို ဆက်၍, ဆက်၍ ဖြေပါလေသည်။

“အချို့ လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တွေက၊ ပြည်တွင်းစစ်ကို ရပ်စဲမယ်.။ ငြိမ်းချမ်းရေးကို ရယူမယ် .. ။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းမယ် ..

ဤသို့သဘောတရားရေးအမြင်ရှိသော်လည်း၊ လက်တွေ့ ပါမလာသည်ကို ရုပ်လုံးပေါ်လာအောင်၊ ကိုယ်ဖျောက်ဝိဇ္ဇာကြီး, အထုပ် ဖြေရပြန်သည်။

“တကယ်တန်းကျတော့၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်မရှိဘူး။ ’မရဲပဲ, ကျွဲပြဲစီး’သလို ဖြစ်သွားလေမလားလို့ စိုးရိမ်ပြီး၊ မြေပေါ်တက်ဖို့ မ၀ံ့မရဲဖြစ်ခဲ့ကြတယ် ..

ကိုယ်ဖျောက်ဝိဇ္ဇာကြီးက အထုပ်ဆက်ဖြေသည်။

“အချို့တော်လှန်ရေးခေါင်းဆောင်တွေကျတော့ .. ၊ ဒီမိုကရေစီအရ တနေ့နေ့မှာ မိမိတို့က.၊ အစိုးရ ဖွဲ့နိုင်မယ်ထား။ အဲဒီ, တနေ့နေ့ကို ပါလီမန်သက်တမ်း ဘယ်နှစ်ဆက် လိမ်ပိန် စောင့်ဆိုင်းနေရမှာလဲလို့၊ နိုင်ငံရေး ကုန်သည်နည်းနဲ့ ဈေးတွက်, တွက်, တယ် .. ”

အထုပ်ဖြေသည့်ကိုယ်ဖျောက်ဝိဇ္ဇာကြီး အားမလိုအားမရဖြစ်လာရပြီ။ ဖြေလက်စအထုပ်ကို ဆက်ဖြေနေရသည်။

“ခက်တာက, အာဏာရှိအစိုးရဖြစ်မှ နိုင်ငံရေး လုပ်ချင်တာကလား .. ။ အတိုက်အခံ နိုင်ငံရေးသမားရဲ့ အခန်းကဏ္ဍကို တန်ဘိုး ထားရကောင်းမှန်း မသိဘူး။ အတိုက်အခံ နိုင်ငံရေးသမားနဲ့ အစိုးရနိုင်ငံရေးသမားတို့.၊ တိုင်းပြည် အကျိုးရှိရာရှိကြောင်း ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ အပြိုင် ကြိုးစားနေကြရတာကို၊ နားမလည်ဘူး .. ”

အထုပ်တွေများလွန်းလို့ ကိုယ်ဖျောက်ဝိဇ္ဇာက မရပ်မနားဘဲ ဆက်ရပြန်သည်။

“၀ါဒရေးရာအကြောင်းပြတော်လှန်ရေးသမား ဆိုသူများက၊ အာဏာရှင်စိတ်အခံက ရှိနှင့်ထားလို့၊ ဒီမိုကရေစီနယ်ပယ်က အတိုက်အခံရဲ့တန်ဘိုးကို မမြင်ဘူး .. ။ ဒါကြောင့်, မကွဲမပြားေ၀၀ါးပြီး မပြတ်မသားဘ၀မှာ ’ငေးငေးငိုင်ငိုင်’နဲ့ ဇာတ်မျောနေခဲ့တယ်ခင်ဗျ .. ”

ထိုထိုအကြောင်းအရာတို့အပြင်၊ တော်လှန်ရေးလက်နက်ကိုင် ထိပ်သီး သူပုန်အဖွဲ့ကြီး အတွင်းက၊ ရင်နာဘွယ်အဖြစ်သနစ်ကို၊ ကိုယ်ဖျောက်ဝိဇ္ဇာက အလေးထားကာ မချွင်းမချန်ဆက်လက်တင်ပြသည်။

“နာမည်ကြီးတော်လှန်ရေးလက်နက်ကိုင်သူပုန်ပါတီကြီးတခုမှာတော့ နိုင်ငံရေး လမ်းစဉ်နှစ်ရပ် အားပြိုင်ခဲ့ကြတယ်ဗျ။ ဇာတ်လမ်းက ဒီလိုခင်ဗျ ..

“အပြုတ်တိုက်ရေးလမ်းစဉ်ကို အသေ ဆက်လက်စွဲကိုင်မယ်.။ မြေပေါ်မတက်ဘူး.။ ပြည်တွင်းစစ်ကို အရှိန်မြှင့်ပြီး အစိုးရ တက်လုပ်မယ် .. ။ အဲဒါက တအုပ်စု .. ”

ကိုယ်ဖျောက်ဝိဇ္ဇာ က၊ နောက်တအုပ်စုအကြောင်းကို တပါတည်း ဆက်သည်။

“နောက်တအုပ်စုကတော့ပြောင်းပြန်ခင်ဗျ။ ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေအကြုံတွေက၊ သင်ခန်းစာ တပုံတခေါင်းကို ပေးထားတယ်။ အပြုတ်တိုက်ရေးခေတ် ကုန်သွားပြီ .. တဲ့.။ သေနတ်ပြောင်းဝက အာဏာ မထွက်တော့ဘူး. တဲ့ ..”

ထိုအုပ်စုက လက်ရှိ အခြေအနေကို သုံးသပ်ပြီး၊ ရှေ့လုပ်ငန်းစဉ်ကို ချမှတ်သည် တဲ့ .. ။

“အခြေအနေအရပ်ရပ်က တရံမလပ် ပြောင်းလဲ ဖြစ်ထွန်းနေတယ်။ ဒါကြောင့်, ပြည်တွင်းစစ်ရပ်.။ ငြိမ်းချမ်းရေးယူ .. .။ မြေပေါ်ပြန်တက်…။ စည်းရုံးရေးကို တဆင့်ပြီး တဆင့် ဒီမိုကရေစီအရ ချဲ့ထွင် .. ။ ပြည်သူက ရွေးချယ် တင်မြှောက်တဲ့အခါ အစိုးရ နိုင်ငံရေးသမားလုပ် .. ။ မတင်မြှောက်သေးတဲ့အခါမှာ အတိုက်အခံနိုင်ငံရေးသမားလုပ် .. ”

ကိုယ်ဖျောက်ဝိဇ္ဇာ၏ အပြောအရ၊ နှစ်အုပ်စုစလုံး၏ လမ်းစဉ်တွေက၊ ပြောင်းပြန် ဆန့်ကျင်နေသည်မှာ၊ ရှင်းလှ, ပြတ်လှပါပေသည်။ အကယ်၍ ပြည်တွင်းစစ် ရပ်စဲ, မြေပေါ်ပြန်တက် အုပ်စုဘက်က၊ အင်အားသာသည် ဆိုပါစို့ .. ။

အပြုတ်တိုက်ရေးပေါ်လစီကို ဆုပ်ကိုင်ထားသည့် အုပ်စုခေါင်းဆောင်က၊ လက်ရှိ ရယူထားသော ပါတီ ဥက္ကဋ္ဌရာထူးမှ ဆင်းပေးရမည်။

အခြေအနေ ဘယ်ပုံဖန်လာသည်ကို ကိုယ်ဖျောက်ဝိဇ္ဇာက ဆက်သည်။

(အပိုင်း၅သို့) ---

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)



~

1 comments :

  1. Anonymous said... :

    သူပုန်ကြီး(Burma Media Wash)ပြော -

    ဆရာအယ်ဒီတာလူကြီးမင်းခင်ဗျား-

    တနေရာမှာ
    “လက်ချင်းချိတ်ဆက် ပုန်းခိုဖို့ရာတွန်းအားပေးသည်” ဟု မှားယွင်းဖေါ်ပြမိသည်ကို

    “လက်ချင်းချိတ်,စက်ပုန်းခုတ် ဖို့ရာ တွန်းအားပေးခဲ့သည်”ဟု ပြန်ပြင်ပေးလို့ဖြစ်နိုင်ပါက
    ပြန်ပြင်ပေးပါရန် မေတ္တာရပ်ပါသည်။

    စက်ပုန်းခုတ် = တိတ်တိတ်ပုန်းအမှုဆောင်ရွက်သည်။
    ခိုးကြောင်ခိုးဝှက်ကြံစည်လုပ်ကိုင်သည်။
    နိုင်ငံရေးကိစ္စတို့တွင်စစ်ဗိုလ်အစုတ်အပြတ်များနှင့်နိုင်ငံရေးသမားအမည်ခံအစုတ်အပြတ်များ လက်ကြိတ်ထိုး စက်ပုန်းခုတ်နေသည်။

    အပေါ်ကရှင်းပြချက်သည်အားလုံးသောမိတ်ဆွေများအတွက်သူပုန်ကြီး၏လက်ဆောင်မွန်ပါခင်ဗျာ..။သူပုန်ကြီးကိုလည်း...
    ဆုံးမစကား
    လက်ဆောင်များ
    ပေးနိုင်ကြပါစေဗျား...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved