ပြည်တွင်းစစ် ဘာလဲ ဘယ်လဲ

Thursday, January 5, 2012

~





သူပုန်ကြီး (Burma Media Wash)

ဗြိတိသျှကိုလိုနီနယ်ချဲ့ခေတ် ..
ဂျပန်ဖက်ဆစ်ခေတ် ..
တကျော့ပြန်ဗြိတိသျှကိုလိုနီနယ်ချဲ့ခေတ် ..
လွတ်လပ်ရေးရပြီးပါလီမန်ဒီမိုကရေစီခေတ် ..
ဗိုလ်နေ၀င်း ဦးဆောင်ဗိုလ်ကျလူပါးဝတဲ့ ၁၉၆၂မှ၁၉၈၈ထိ စစ်အာရှင်ခေတ် ..
ဗိုလ်စောမောင် ဗိုလ်သန်းရွှေ တို့ ဦးဆောင်ဗိုလ်ကျလူပါးဝတဲ့ စစ်အာဏာရှင်ခေတ် ..
မဲလိမ်မဲခိုး ကြံ့ဖွံ့ပါတီခေတ် .. ။

ထိုထိုခေတ်ကာလ စစ်အနိဋ္ဌာရုံများကို ပြည့်စုံတိကျဖေါ်ပြနိုင်ဖို့ရာ .. ၊ အချိန်များစွာ မြှုပ်နှံပြီး စေ့စပ်သေချာ ကျယ်ပျံ့စွာ တစိုက်မတ်မတ် လုံ့လဥဿာဟ ထုတ်၍ .. ၊ သမာသမတ်ကျကျ သုတေသန ပြုရပေလိမ့်မည်။

ထိုသုတေသနအလုပ်ကိုကျနော်သူပုန်ကြီးက၊ ဒီတသက်မှာ စွမ်းဆောင်နိုင်မည် မဟုတ်ပါ။ သို့ပါ၍’ထားလိုက်ပါလေ´ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး၊ စွမ်းသမျှဖြင့်သာ သရုပ်သကန် အဟုတ်အမှန်ကို ပေါ်အောင်, ဖေါ်ဆောင်ရပေတော့မည်။

ထို့ကြောင့် “ပြည်တွင်းစစ်ဘာလဲဘယ်လဲ” ကို .. ၊ ရှုဒေါင့်စုံသမျှဖြင့် ဖေါ်ပြနိုင်ရန်အလို့ငှာ…၊ Burma Media Wash ၀ိုင်းတော်သားများ ပါဝင်သော ’ဟင်းလေးအိုး’ စကားဝိုင်းကို စီစဉ်ထားလေသည်။

ကိုင်း .. ပြောနေကြာသည်။ ယခုပင်လျှင်’ဟင်းလေးအိုး’စကားဝိုင်းကို ’စ’ပါတော့မည်။

စကားဝိုင်းကိုစီနီယာကြီး’ဦးအလံမလှဲ’က၊ ပြောလည်းပြော .. , မေးလည်းမေး .. ၊ ’ပြော, မေး’နည်းဖြင့် ၊ ဈေးဦး ဖေါက်လေပြီ။

“ဟေး .. သူပုန်ကြီး .. ။ ပြည်တွင်းစစ်ကြောင့်၊ အစိုးရဘက်က စစ်သားတွေလည်း ကျတယ် .. ။ တော်လှန်ရေး လက်နက်ကိုင် အယုတ်တရက် အစည်းတွေဘက်က စစ်သားတွေလည်း ကျတယ်။ ဟိုဘက်ဒီဘက် တိုက်ပွဲကျတို့ရဲ့ မယားတွေက မုဆိုးမဖြစ် .. ။ လူမမယ်လေးတွေက ဖတဆိုးဖြစ် .. ။ ကောင်းကြသေးရဲ့လား ဗျာတို့ရယ် .. ”

ဦးအလံမလှဲက နောက်ဆက်တွဲ ဆိုးကျိုးဆီ၊ တဆင့်တိုးပြီး တက်လိုက်သည်။

“အဲဒီ မုဆိုးမ သားအမိတွေခမျာ၊ ဒုက္ခဗလပွရဲ့ ဒဏ်ရာဒဏ်ချက်ကြောင့်ဘ၀ပျက် .. ။ သူတို့သာမက၊ တိုင်းသူပြည်သား လူအများနဲ့တကွ၊ တိုင်းပြည်ပါ ဖွတ်ဖွတ်ညက်ညက် ကျေ .. .။ ကဲ…တရားခံ ဘယ်သူလဲ”

ဦးအလံမလှဲ, က ’ဒိတ်’ကို ကိုင်လိုက်သည်။ ကျနော် သူပုန်ကြီးက’ဒိတ်’ အကြောင်းကို မပြောမီ၊ ’ဒေါ်ရိတ်ကြီး’အကြောင်းကို ဦးစွာ ’ဟ’ချင်သည်။

“အာစရိ .. ။ ဒေါ်ရိတ်ကြီး ဆိုတဲ့ နာမည်ကို ကြားဖူးသလား .. ”

ဦးအလံမလှဲအာစရိက မျက်မှောင်ကျုတ်ကာ စဉ်းစားပြီးမှ ဖြေသည်။

“သြော် .. ဒေါ်ရိတ်ကြီးတဲ့လား .. ဟဲ .. ဟဲ .. ။ ဟိုးတုန်းကတော့ တိုက်ပွဲကျရဲ့မယား, မုဆိုးမကြီး .. .။ နောက်ပိုင်းမှာတော့ .. ပဉ္စလက်ကြိုးကိုင် စစ်ဘုရင် အာဏာရှင်ကြီးရဲ့မိဖုယားခေါင်ကြီး .. ဟဲ…ဟဲ .. ”

“ဒါ့ထက်, ဦးအလံမလှဲအာစရိ, ရဲ့။ မိဖုယားခေါင်ကြီးရဲ့ ဇာတာက နန်းမတော်မယ်နုရဲ့ဇာတာနဲ့ ခပ်ဆင်ဆင်ဆို .. ”

“ဟယ် .. ဒီဇာတာနဲ့ ပတ်သက်လို့ ကိုယ်ကစိတ်မထားတတ်ပဲ ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ရင် အကုသိုလ်ရမယ်။ သူပြုတဲ့ကံသူ့ထံပြန်မှာပဲ။ တကယ်တော့ တမြေထဲနေ တရေထဲသောက်တွေပါ။ ဒို့သွေး, ဒို့သား အချင်းချင်းမို့၊ ဒေါ်ရိတ်ကြီးအတွက် စိတ်မကောင်းစရာပေပဲ.။ စိတ်မကောင်းစရာ ဝေဒနာက၊ အပူဓါတ်လိုပဲ ဘေးဘီကို ဟပ်တယ်။ ဒို့များကလည်း, ဘာမျှ မတတ်နိုင်။ ဒါကြောင့်…ရှောင်လေ ဝေးဝေး၊ ဒေါ်ရိတ်ကြီးရဲ့ဇာတာအရေး .. ”

ဦးအလံမလှဲက ကျနော်သူပုန်ကြီးအား တရားချပြီး ရယ်စရာ ရွှင်စရာဘက် ဦးလှည့်လိုက်သည်။

“ကဲ .. ၀မ်းသာရွှင်လန်းစရာကို အဦးအစပြောမယ်.။ ဗိုလ်ကုဋေကုဋာရွှေနဲ့ ဒေါ်ရိတ်ကြီးတို့ လင်မယား၊ ’နှစ်ပါးဂဟေ’ ဆက်ပုံအကြောင်း .. ဟဲ .. ဟဲ .. ”

ဦးအလံမလှဲက ကျနော်သူပုန်ကြီးရဲ့ အာရုံကို ဆွဲညှို့လိုက်၏။

“ဗိုလ်ကုဋေကုဋာရွှေ, က၊ သူ့ဆရာ တိုက်ပွဲကျရဲ့မယား, ဒေါ်ရိတ်ကြီးကို၊ လိုချင်လွန်းလို့ကို ယူတာ။ ဒေါ်ရိတ်ကြီးကလည်း ရုပ်ရည်မဆိုးဘူး။ ဗိုလ်ကုဋေကုဋာရွှေ, ကိုယ်တိုင်ကလည်းပဲ ပထမအိမ်ထောင် ရှိခဲဘူးလေတော့ ကိုယ်လည်း လူပျို မဟုတ်၊ သူလည်း အပျို မဟုတ်၊ blankချင်းအတူတူ၊ ဘာတွေ ကိန်းခန်းကြီးပြီး .. ၊ ’မာန်’ခံနေဖို့ လိုသေးလဲ .. ဟဲ .. ဟဲ .. ”

ဦးအလံမလှဲပြောခဲ့သော ’blankချင်းအတူတူ’ ဟူသည့်ဝေါဟာရကို ရုတ်တရက်မူ ဘာမှန်းမသိ။ သို့သော်လည်း blank ဆိုတာ’ဗလာ’။ ’ဗလာ’ဆိုတာ, ကင်းမဲ့ခြင်း, ကင်းရှင်းခြင်း, နေရာလွတ်, .. ။ ’သြော် .. ဒါ့ကြောင့် .. ဒီလိုကိုး’ ဟု မှန်းဆနိုင်သဖြင့် ပြုံးမိပါ၏။ ထိုစဉ် ဦးအလံမလှဲက၊ ဖြစ်လာသမျှ အ၀၀၏ အကြောင်းရင်းကို ရှင်းပြသည်။

“ဗိုလ်နေ၀င်းက’ညံ့မှ, ကြိုက်တယ်’ တဲ့။ ဒါကြောင့် ခိုင်းသမျှ လုပ်မယ့်သူလို့ အထင်ခံရတဲ့, ခပ်ညံ့ညံ့ထုံပေပေ ဗိုလ်ကုဋေကုဋာရွှေ, က’ကော်ကောင်’ နေရာ တက်လမ်းအ၀ကို ရောက်လာခဲ့တယ်။ အကြမ်းရမ်းဆုံး စစ်ဘုရင် အာဏာရှင်ကြီး ဖြစ်လာခဲ့တယ်.။ အာဏာရှင်တို့ရဲ့’ဘုန်း, သူခိုး’ အစဉ်အလာအရ ’လို.တ.ရ.ပြဒါးရှင်လုံး’ လက်ဝယ် ပိုင်စိုးလာခဲ့တယ်.”

ထိုသို့ ပိုင်စိုးလာသည်နှင့်အမျှ…’ရွှေ+ရိတ်’တို့မိသားစု, လိုသမျှ အကုန်ရသည်ကို၊ အာစရိ, ဦးအလံမလှဲက ဖြည့်စွက်ကာ ဖေါက်သည် ချပါလေသည်။

“လို.တ.ရ.ပြဒါးရှင်လုံး တန်ခိုးကြောင့်, နိုင်ငံခြားငွေ မျိုးစုံရယ် .. ၊ ကျောက်မျက်ရတနာတွေ, စိန်တွေ, ရွှေတွေရယ် .. ၊ အဲ .. တိုက်တာ နေအိမ်ကြီးတွေရယ်နဲ့.၊ ပြည်တွင်းမှာရော ပြည်ပမှာပါ.၊ အရာရာ, အနမတဂ္ဂ, ဖေါရောင်လာပါရော။ ပြည့်ဖြိုး ကြွယ်ဝတယ် လို့, မဆို .. ။ ဖေါရောင်လာတယ် လို့သာ ဆိုပါတယ်နော် .. ဟဲ .. ဟဲ .. ”

သြော် .. ‘ရွှေ+ရိတ်’တို့မိသားတစုလုံး၊ လောကနိဗ္ဗာန်ရဲ့ တိမ်ကြားက ဘုံဖျား အထွတ်ဆီသို့၊ အရှင်လတ်လတ် ရုတ်ချည်း ရောက်သွားကြပြီကိုး .. ။ ထိုအတွေးဖြင့် , အံ့သြနေသော ကျနော် သူပုန်ကြီးအား၊ ဦးအလံမလှဲက တရားသဘော နှော၍ပြောသည်။

“သူပုန်ကြီး .. ရေ့။ ’ရွှေ+ရိတ်’တို့မိသားစု တပြုံလုံး’ လောကနိဗ္ဗာန်စံဘ၀’နဲ့ ရွှင်ပျော်ပျော် ဇိမ်ကျပြီး၊ အောက်ခြေ လွတ်သွားပြီ။ သြော် .. ဒေါ်ရိတ်ကြီး, ဒေါ်ရိတ်ကြီး .. ။ ပထမယောက်ျား, တိုက်ပွဲ ကျသွားတုန်းက၊ ကိုယ်တိုင် ကြုံခဲ့ရတဲ့ တွယ်ရာမဲ့ မုဆိုးမဘ၀ကို မေ့သွားပြီ။ တိုက်ပွဲကျတို့ရဲ့ မယား, ဘ၀တူ မုဆိုးမတွေကို စာနာစိတ် မထားတော့ဘူး။ ရုပ်ဝတ္ထုပိုင်းမှာ ပေါကြွယ်ပေမယ့်၊ စိတ်ဓါတ်ပိုင်းမှာ မွဲပျာကျသွားပြီကိုး .. ”

ဦးအလံမလှဲကအကြောင်းနှင့် အကျိုးယှဉ်ပြီး၊ ယုတ္တိဗေဒနည်းကျကျဖြင့် ဆက်လက်၍ ပြောပြန်သည်။

“ဗိုလ်ကုဋေကုဋာရွှေရဲ့မူက၊ သူ့ရာဇပလ္လင် မလှုပ်ရင်ပြီးရော.။ တိုက်ပွဲမှာ သူ့တူ, သူ့သား, သူ့မြေး ဖိုးလပြည့် နေရွှေသွေးအောင် တို့လို သူ့သွေးရယ်လို့ တကောင်တမြီး ပါဝင်တာမှ မဟုတ်ပေပဲ”

ဦးအလံမလှဲ၏စကားသံက ရုတ်တရက် မာန်ပါပါ ကျယ်လောင်လာသည်။

“ဟင်း .. ဒီတော့ .. တိုက်ပွဲမှာ, ကျချင်သလောက်ကျစမ်း…။ သေချင်သလောက် သေစမ်း .. .။ တိုက်ပွဲကျရဲ့မယား, မုဆိုးမ နောက်တိုး, ခိုကိုးရာမဲ့တွေ .. ၊ လာကြဟေ့, လာကြ .. ။ ဟောဒီမှာ, မိန်းမ လိုချင်တဲ့ စစ်ဗိုလ်သိုး, စစ်သားသိုး, တွေ .. ။ အဆင်သင့်’ရယ်ဒီ’ပဲ .. ဆိုတဲ့သဘော သက်ရောက်နေပြီ .. ”

ဦးအလံမလှဲက စကားပြောရင်း မျက်နှာကြော တင်းလာ၏။ စကားသံကလည်း ပို၍ ထန်လာသည်။

“ဒါဟာ .. တိုက်ပွဲကျတွေရဲ့မယား, မုဆိုးမတွေရဲ့ ဒုက္ခကိုဖြေရှင်းတဲ့ ’နောက်လင်အစားထိုးမူ’ .. ။ တိုက်ပွဲကျတွေရဲ့မယား, မုဆိုးမတွေ ပပျောက်ရေးကို၊ လူသာဓုခေါ် နတ်သာဓုခေါ် စစ်ပြေငြိမ်းရေးနည်းနဲ့ မရှင်းဘူး။ ကလေက၀ ပေါက်ပန်းဈေး လမ်းဘေးနည်းနဲ့ ရှင်းတယ်။ သူ့သမီးရဲ့’ဟို’ကိစ္စ .. ။ ဟာ .. မပြောချင်ပါဘူး။ မပြောရက်ပါဘူး။ ကံဆိုးရှာသူလေးကို စာနာစိတ်နဲ့ သနားမိပါရဲ့ .. ”

ဦးအလံမလှဲက ပြောချင်တာကို တစ်တစ်ခွခွ အ၀ ပြောပြီး၍၊ ငြိမ်သွားလေပြီ.။ ဤတွင် ဦးမင်းနိုင်မင်းက ဆွေးနွေး တင်ပြလှာ၏။

>>> အပိုင်း(၂)သို့ဆက်ရန် >>>

အပိုင်း ၆ ပိုင်း ခွဲပြီး ဖော်ပြမည့် ဆောင်းပါးများနှင့် ပတ်သက်ပြီး စာရေးသူက အောက်ပါအတိုင်း စာရေးသား ပေးပို့ထားသည်။

လူနာမည်ကို ဖေါ်ပြတိုင်း လူကိုချသည်ဟု လှေနံဓါးထစ် မှတ်ယူက မှားပါသည်။ စစ်အာဏာရှင်တွေကို နာမည် ဖေါ်ပြပြီးချတာ မမှားပါ။ အလားတူပင်, ပြည်ပရေဒီယိုကို သုံးပြီး ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို ကြောင်တောင်နှိုက် မောင်ပိုင်စီးတာ.။ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ လျှောက်လှမ်းနေသည့် လမ်းကြောင်းကို ဘာမသိ ညာမသိပါပဲ, ပွဲဆူအောင် ၀င်နှောက်တာ .. ။ ဘုန်းကြီးရှေ့က သွားပြီး, နိုင်ငံရေး အမြတ်ထုတ်တာ .. ။ သေခါနီး အရွယ်ထိ ရှေးရိုးစွဲ လက်ဝဲ သူငယ်နာရောဂါနှင့် ဆွေမျိုးပေါက်ဖေါ်အတု ရောဂါ စွဲကပ်နေသေးတာ .. ။ ထိုရောဂါကို ဇက်ရဲလက်ရဲ ဖြန့်ဝေနေတာ .. ဟဲ .. ဟဲ ..

ဒီလို အမှောင့်ပရောဂ လုပ်ရပ်တွေကို ဖေါ်ပြ ဆေးကြောရာမှာ၊ သက်ဆိုင်သူများ၏ နာမည်များကိုဖေါ်ပြမှ ရှင်းလင်းမှာမို့၊ ရိုးတိုးရိပ်တိတ်လေးမျှ သက်သက်ညှာညှာ ဖေါ်ပြတာမမှားပါ။ မှားသည်ထင်လျှင် သက်ဆိုင်သူက တုန့်ပြန် ချေပနိုင်သည် မဟုတ်လော။

မဆလခေတ်က အတွေ့အကြုံတစ်ခုကို ဝေမျှပါမည်။ လုပ်သားနေ့စဉ် သတင်းစာတွင် သိပ္ပံဗထွေး၏ ဆောင်းပါးကို ချစ်စံဝင်းက ဝေဖန်သည်။ ချစ်စံဝင်း၏ ဝေဖန်ချက်ကိုပွဲဆူစေသည့်လုပ်ရပ်ဟု သတင်းစာအယ်ဒီတာချုပ်က မမှတ်ယူခဲ့။ ဖေါ်ပြပေးသည်။ ချစ်စံဝင်း၏ဝေဖန်ချက်ကို သိပ္ပံဗထွေးက ဒုတိယဆောင်းပါးဖြင့် ပြန်လည် ချေပသည်။ ထိုချေပချက်ကိုလည်း သတင်းစာအယ်ဒီတာချုပ်က ဖေါ်ပြပေးခဲ့ပြန်သည်။ ဒီအဖြစ်မျိုးတွေ အတော်များများ ရှိခဲ့ဘူးသည်.။ ပရိဿတ်က သတင်းစာ အယ်ဒီတာချုပ်၏ လုပ်ရပ်ကို လွန်စွာ နှစ်ခြိုက်ကြသည်။

ကျော်စွာဟိန်း ကိစ္စကို လူကြီးမင်းတို့သိတာ ရှိသလို၊ ကျနော်တို့သိတာတွေက တပုံတခေါင်းပါ။ တလောက အာဆီယံနှင့်နွယ်သည့်ပွဲကို ကျော်ဆွေဟိန်း သွားခဲ့သည်။ ဘယ်သူ့ကို မဆင်မခြင်တွေ့သဖြင့် ဘာဖြစ်ခဲ့သနည်း။ အတင်းပြောအပုတ်ချလိုက၊ နောက်ထပ်ပြောစရာ ရှိသေးသည်။ မပြောကောင်း၍ မပြောပါ။ ဟိုတခါက “တရုတ်မဖြူဖြူဖွေးဖွေး၊ ရေဆေးငါးအမလေးတွေနဲ့၊ ခေါက်ဆွဲ စားခဲ့လေသလား” ဆိုတဲ့ ရေးသားချက်ဟာ satire ပါ။ အဲဒီ satire လေးကိုထဲ့မှ စာက ရွှင်မှာပါ။

ဗဟုအကြောင်းကို ပြောရရင် အပုတ်နံ့တွေ လွှမ်းသွားလိမ့်မည်။ အဆိုးဆုံးက ပြည်ပမှာဆို အောင်နိုင်ဦး.။ ဒီမောင်က ဧရာဝတီနဲ့ လင်မယား ဖြစ်နေတော့၊ ကျုပ်တို့ ရေးတဲ့စာအမှိုက်ခြင်းထဲရောက်တော့တာပေါ့ဗျာ။

ထိုထို မချင့်မရဲကိစ္စများသည် ဧရာဝတီက ငွေကြေးအရ တစ်ပါးသူကိုမျှသာမက, အများသူတတွေကိုပါ အမှီသဟဲ ပြုနေရ၍ .. ၊ အကြောင်းကြောင်းတွေကို ထောက်ထားနေရသည်ကြောင့် ဖြစ်ရသည်ဟု ယူဆသည်။ ဘယ်သူ့ကိုမျှ မငဲ့ရပဲ, မကြောက်ရပဲ, လွတ်လပ်စွာ ခရီးဆက်စေခြင်သည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ဘာလုပ်မည်နည်း။ ကူစရာရှိတာ ၀ိုင်းကူပါမည်။

ယခုဆောင်းပါးသည် သေရေးရှင်ရေးဆောင်းပါး ဖြစ်သည်…။ လိင်တူချင်း လင်မယားလုပ်သည့်ကိစ္စမျိုး မဟုတ်။ ယောက်ျား တစ်ယောက်တည်းက မိန်းမနှစ်ယောက်ကို တပြိုင်တည်းယူသည့် ကိစ္စမျိုးလည်း မဟုတ် .. ။ ဒါကို “ဒဲ့” ပြောရမည့် လူရင်းချင်းဖြစ်နေ၍ “ဒဲ့” ပြောလိုက်ပါသည်။

ဤစာကို မျက်တောင်တဆုံးမျှ မကြည့်ပဲ၊ မျက်စိတဆုံး ကြည့်ပြီး ဖတ်ပါလေဟု ဧရာဝတီက လူထက်လူစွာများကို အလေးအနက် ပြောလိုက်ပါသည်။ ကျနော်က ထောက်ပြဝေဖန်သည်။ ကျနော့်ကိုလည်း မငဲ့မငြှာထောက်ပြ ဝေဖန်စေလိုသည်…။ ဒါတွေသည် ရင်ထဲကစကားဖြစ်ကြောင်းပါ ခင်ဗျား…။ ။ )


~

4 comments :

  1. Anonymous said... :

    Deep insight felt and knew well about pain Burma due to those bastards and parvenu groups.
    Carry on don't stop.
    Ayeyawaddi is still black list by political prisoners. These staffs are still under par.
    Money corruption shame on those staffs.
    They seemed not change chracters till they die.

  1. Anonymous said... :

    သူပုန်ကြီး(Burma Media Wash) ပြော -

    (၁)“ဟေး..သူပုန်ကြီး..။ပြည်တွင်းစစ်ကြောင့်၊အစိုးရဘက်ကစစ်သားတွေလည်းကျတယ်။တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်ကစစ်သားတွေလည်းကျတယ်။ဟိုဘက် ဒီဘက် တိုက်ပွဲကျတို့ရဲ့ မယားတွေက မုဆိုးမဖြစ်..။လူမမယ်လေးတွေက ဖတဆိုးဖြစ်..။
    ကောင်းကြသေးရဲ့လားဗျာတို့ရယ်..”ဟု ပြင်ပေးပါရန်
    ဘလော့ဂ်မတ်စတာအား မေတ္တာရပ်ပါသည်။
    (၂)တနေရာတွင်“တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က” ဟု ဖေါ်ပြရမည့်အစား၊
    “အယုတ်တရက် အစည်းတွေဘက်က” ဟု မှားယွင်း
    ဖေါ်ပြမိလျက်သားဖြစ်နေသောကြောင့်၊ဘလောဂ့်မတ်စတာအား အကြောက်တရားဖြင့် လက်အုပ်ချီကာလျှောက်ထားသည်မဟုတ်ပဲ၊မကြောက်တရားဖြင့် မေတ္တာရပ်သည်သာဖြစ်ကြောင်းပါ။
    (၃)တကယ်ပြောလိုသည့်အနှစ်စကားက“အကြောက်တရားကို ဆေးကြောပစ်ပြီး၊မကြောက်တရားကိုဆုပ်ကိုင်ကာ ဖြစ်လာသမျှ အ၀၀ ကို “အတ္တာဟိ အတ္တနော
    နာထော” ဖြစ်ကြောင်းပါခင်ဗျား..။

  1. ပြည်သူချစ်တဲ့ ပြည်သူ said... :

    တကယ်တော့ တောတွင်းက သူပုန်တွေလည်း စီးပွားရေး အာဏာရ ရေးအတွက် သူပုန်ဖြစ်နေ ကြတာပါ တကယ်တိုင်းပြည်ကို ချစ်တာလား လို့ မေးရင် ကြားကောင်းအောင်ဖြေပြပါလိမ့်မယ် ........
    သူတို့လည်း သူတို့ စီးပွားရေးအတွက် အဓိက လုပ်နေကြတာပါ မြန်မာပြည်မှာ မို့လို့ သူပုန် တွေ ဒီလောက်ပေါနေတာပါ ဘာလို့လဲ ဆိုတော့ မြေကြီးက ရွှေသီးတာ မြန်မာပြည်ပဲ ရှိတာကိုး .......
    အဲ နောက်ပြီးတော့ လက်နက်အားကိုး မြန်မာ စစ်အစိုးရ အဆက်ဆက်ကလဲ အာဏာ ခိုင်မြဲရေးနဲ့ ကိုယ်ကျိုးအတ္တအတွက် ပဲ ကြည့်ပြီး ပြည်သူတွေကို နှိပ်ကွပ်ခဲ့ကြတာပဲ ...... တကယ်တော့ အစိုးရကြောင့်လည်း ပြည်သူတွေ နစ်နာခဲ့တယ် ပြည်သူတွေ ခံခဲ့ရတယ် သူပုန်တွေ ကြောင့်လည်း ပြည်သူတွေ ဓါးစာခံ ဖြစ်ခဲ့ရတယ် တကယ်တော့ အစိုးရရော သူပုန်ရော သူတို့ ကျွဲနှစ်ကောင်ကြားက တကယ်နစ်နာခဲ့တာ မြေဇာပင် ပြည်သူတွေပါပဲ .....
    တိုင်းပြည်ကို တကယ်သာတိုးတက်စေချင်တယ် ပြည်သူကို တကယ်ချစ်တယ် ဆိုရင် ၁။ အနေနဲ့ ပြည်သူက ရွေးချယ် တင်မြောက်တဲ့ ပြည်သူ့အစိုးရပဲ ဖြစ်ရမယ် အာဏာဆိုတာ ပြည်သူ့လက်ထဲမှာပဲ ရှိရမယ် ..... တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိတာ မဟုတ်ဘူး ...... ပြည်သူ့ အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ ။ ပြည်သူသာအမိ ပြည်သူသာ အဖ ဖြစ်ရမှာ ။ နိုင်ငံ အကြီးအကဲ ဆိုတဲ့ အသုံးအနှုန်းကိုလဲ မသုံးသင့်ဘူး ....... နောက်ပြီးတော့ သူပုန်သူကန် ရှိနေရင်လည်း မဖြစ်ဘူး
    .... တိုင်းပြည်ကိုသာ တကယ်ချစ်တယ် တိုးတက်စေချင်တယ် ဆိုရင် အားလုံး တိုင်တိုင်ပင်ပင် နဲ့ ပြည်သူ့ရဲ့ စစ်မှန်တဲ့ ရွေးချယ် တင်မြောက်တဲ့ အစိုးရဖြစ်မှ သာ တိုင်းပြည်စည်းလုံးပြီး တိုးတက်မှာ ဖြစ်တယ်
    အနောက်တိုင်းမပြောနဲ့ အိမ်နီးချင်း တိုင်းပြည်တွေကတောင် မြန်မာဆို နှိမ်လိုက်တာ မကြုံဖူးရင် ကြုံစေချင်လိုက်တာဗျာ .......

  1. Tawthikho said... :

    အဲဒီလိုတော့ ၀ါးလုံးရှည်နဲ့မရမ်းသင့်ဘူး၊ တော်လှန်ရေးကို ဆင်းရဲပင် ပန်းဒဏ်ခံပြီး လုပ်နေတဲ့ ပညာတတ်လူငယ်ခေါင်းဆောင်တွေရှိတယ်။
    ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေတဲ့သူတွေအများကြီးရှိတယ်။
    ခင်ဗျားပြောတဲ့လူမျိုးတွေမရှိဘူးလို့မငြင်းပါဘူး ဒါပေမဲ့ တိုင်းပြည် အပေါ်ကောင်းစေချင်တဲ့ စေတနာနဲ့လုပ်နေတဲ့သူတွေအပေါ် ဒီပုတ် ထဲကဒီပဲဆိုတာမျိုးတော့ ၀ါးလုံးရှည်နဲ့မရမ်းနဲ့။
    ကျုပ်လဲ သူပုန်ဘဲ စီးပွားရေးတက္ကသိုလ်နဲ့ကျောင်းပြီးထားပြီး သူပုန် လုပ်နေတာဘာကြောင့်လဲ။
    ခင်ဗျားနဲ့ အမျိုးတူလူမျိုးတယောက်ရဲ့ ပါးစပ်ထဲကို မူးနေတဲ့စစ်သား တယောက်က ဘက်နက်ထဲ့ပြီးမွှေတာမြင်ရ ရင်ခင်ဗျားဘယ်လိုနေမ လဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved