မြန်မာထောက်လှမ်းရေး ဓာတ်ပုံရိုက်နည်း ပြောင်းလဲ

Tuesday, February 14, 2012

(photo: AAPP)
ဟောဒါက ၂၀၀၈ မတ်လ ၂၇ ရက်နေ့က ဓာတ်ပုံ။
NLD ရုံးရှေ့မှာ ရိုက်ထားတာ။
ဒီပုံမှာ ရုံးရဲ့ မျက်နှာချင်းဆိုင်က ထောက်လှမ်းရေးတပ်ဖွဲ့အသီးသီးက သတင်းယူသူ၊ ဓာတ်ပုံရိုက်သူတွေကို တွေ့နိုင်ပါတယ်။

အခမ်းအနားလုပ်တဲ့နေ့တွေဆိုရင် ရုံးရှေ့မှာ လူတွေ အရမ်းများတယ်။ ရုံးထဲလူမဆံ့လို့ ရုံးရှေ့ထွက်ထိုင် ထွက်ရပ်နေကြတာကြောင့်ပါ။ အဲဒီလို အခြေအနေ ဆိုရင် တချို့ထောက်လှမ်းရေးတွေက ကားလမ်းကူးလာပြီး ရုံးရှေ့အထိ လာတယ်။ ဓာတ်ပုံရိုက်သူကို ဘေးကနေ ကပ်ပြီး လုံခြုံရေးပေး၊ ညွှန်ကြားတဲ့သူ ရှိတယ်။ ဘယ်နားကိုရိုက်၊ ဟိုလူ့ကိုရိုက် ဒီလူ့ကိုရိုက် စသဖြင့်။

အခမ်းအနား မရှိတဲ့နေ့တွေ ဆိုရင် ရုံးက ခြောက်ကပ်ကပ်။
ဝင်တယောက် ထွက်တယောက်လောက်ပဲ။
အဲဒီတုန်းကလည်း ၀င်ထွက်သွားလာသူကို ဓာတ်ပုံလှမ်းရိုက်ကြတာပဲ။
ပုံအနေအထား ကောင်းကောင်း ရဖို့အတွက် ဓာတ်ပုံဆရာဘေးက ထောက်လှမ်းရေးတယောက်က လက်ခုပ် လှမ်းတီးတတ်တယ်။ အသံလာရာဘက်ကို ကြည့်လိုက်တာနဲ့ ဟိုဆရာက ကင်မရာခလုတ်နှိပ်ပြီးသား။

နိုင်ငံခြားသားတယောက် NLD ရုံးထဲ ၀င်ပြီဟေ့ ဆိုရင်တော့ ထောက်လှမ်းရေးတွေ ပြာယာခပ်တော့တာပဲ။
အဲဒီ လူရဲ့ ပုံကို အဆက်မပြတ် ရိုက်ကြရော။ သံတမန် ဆိုရင်တော့ ကားနဲ့ ကားနံပတ်ကို မှတ်တမ်းတင်ထားလိုက်တယ်။ ဒါဆို သူတို့အလုပ် ပြီးလောက်ပြီ။

နိုင်ငံခြားသားက သံတမန် မဟုတ်ဘူး၊ သံရုံးကားနဲ့ မလာဘူး ဆိုရင် သူတို့ ပို အလုပ်ရှုပ်တယ်။

အဲဒီလူ NLD ရုံးကနေ အဲဒီလူ ထွက်ပြီ ဆိုရင် နောက်က တကောက်ကောက် လိုက်ကြတာပဲ။ ဓာတ်ပုံတခုတည်းနဲ့ အလုပ်မဖြစ်တော့ဘူး၊ ဒီလူက ဘာလဲ၊ ဘယ်မှာတည်းသလဲ ဆိုတာ လိုက်ကြည့်ကြရ၊ ပုံစံပေးကြရတယ် (ဖမ်းပြီး လေဆိပ်ပို့၊ အစောဆုံးလေယာဉ်နဲ့ ရန်ကုန်ကနေ ကန်ထုတ်လိုက်တာမျိုး)လို့ ယူဆရတယ်။

ဓာတ်ပုံရိုက်တဲ့ပညာ အထူးသဖြင့် ခပ်ဝေးဝေးက လှုပ်ရှားနေသူတယောက်ရဲ့ ပုံကောင်းကောင်းရအောင် ရိုက်တဲ့ ပညာက လူတိုင်း မတတ်လေတော့ သူတို့လည်း အလုပ်ဖြစ်မယ့်ဓာတ်ပုံဆရာတွေ ငှားပြီး ရိုက်ခိုင်းကြတာလည်း ရှိတယ်။

ရုံးထဲကို ဘယ်သူ ၀င်ထွက်သွားလာတယ်ဆိုတာကို အထက်ကို တင်ပြဖို့အလုပ်က သူတို့ အလုပ်ပဲ ဆိုတော့ ဓာတ်ပုံရရေး နည်းမျိုးစုံ ကြိုးစားကြတယ်။ နည်းမျိုးစုံနဲ့ ရိုက်ကြတယ်။

ဒီနေ့ကာလမှာတော့ အသွင်ပြောင်းသွားတယ်။ NLD ရုံးရှေ့မှာ ဓာတ်ပုံရိုက်ပြီဆိုရင် အဲဒီလို မရိုက်တော့ဘူး။
NLD ရုံးဝန်းကျင်မှာက ထောက်လှမ်းရေးအရေအတွက်ထွက် သတင်းသမားအရေအတွက်က ပိုများသွားပြီ။

ဒီကနေ့ Ah Bayah/Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံတွေအရ ဆိုရင် -

ဒါကြောင့် ပလက်ဖောင်းပေါ် မရပ်တော့ဘဲ ဆိုင်ထဲကနေပဲ ရိုက်တယ်။

ဒီလိုရိုက်တယ် တဲ့။
ဆိုင်နံရံကို အပေါက်ဖောက်ပြီး ရိုက်တယ်။


ရိုက်တဲ့ ဓာတ်ပုံဆရာက ဒီလူ လို့ ဆိုတယ်။


မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတော့ ထောက်လှမ်းရေးတွေလည်း အပြောင်းအလဲတွေ လုပ်နေရပြီပေါ့လေ။ ။




3 comments :

  1. Anonymous said... :

    What's a pity " Htauk Lhan Yay" . Shame on you.

  1. Anonymous said... :

    ဓါတ်ပုံခိုးရိုတ်တဲ့ ထောက်လှမ်းရေးခမျ သူ့ကို ပြန်ပီးဓါတ်ပုံခိုးရိုတ်ခံလိုက်ရတာ မတိရှာဘူး.. ကျွတ်စ်... ကျွတ်စ်

  1. Anonymous said... :

    တန်ပြန် ထောက်လှန်းရေး လုပ်ထားတာပေါ့။ ဒါတွေကို သိထားပြီးရင် လျှို့ ဝှက်ထားသင့်တယ်လို့  ထင်တယ်။ အခုလို ထုတ်ပြထားလိုက်တော့၊ သူတို့ လုပ်နေတာတွေကို၊ သိသွားတာကို သိသွားပြီး၊ ဒီ့ထက်ဆိုးတာတွေ လုပ်လာနိုင်ပါတယ်။ ချောင်းကြည့်ပေါက်ထဲက အသံတိတ်ပြောင်းတပ် သေနတ်တွေ တကယ်တမ်းထွက်လာရင်လည်း၊ သက်သေပြလို့  ရတာပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved