နည်းပညာသုံးပြီး လောကကို အကျိုးပြုပါ

Saturday, February 11, 2012

ဘားကမ့်ပ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်း၊ ဓာတ်ပုံများကို Yangon Press International သတင်းဌာန ဖေ့စ်ဘုတ်မှာအခုလို ဖော်ပြထားပါတယ်။

"ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခု နည်းပညာ လူငယ်ရှင်များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။
ကျွန်မတို့ရဲ့ ကမ္ဘာကြီး ကောင်းမွန်ဖို့ ကျွန်မတို့ရဲ့ လူသားတွေ ကောင်းမွန်ဖို့ ကျွန်မတို့ရဲ့ နိုင်ငံသားတွေ ကောင်းမွန်ဖို့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ ကောင်းမွန်ဖို့ အတွက် ဘယ်လို နည်းပညာတွေသုံးမလဲ ဆိုတာ စဉ်းစားစေချင်တယ်။

အခု ကျွန်မ ဒီခေါင်းစဉ်ကို ဘာဖြစ်လို့ သဘောကျလဲ ဆိုတာ barcamp ရဲ့ အခြေခံသဘောတရားကိုက အများ ပါဝင်ခြင်း၊ အများကနေပြီးတော့ လွတ်လွတ်လပ်လပ် ဆွေး နွေးခြင်း၊ မျှဝေခြင်း၊ နောက်ဆုံးမှာ ဒီမျှဝေခြင်း ဆိုတာ ဆိုစကားရှိတယ် မဟုတ်လား ဆရာစား ချန်ခြင်း ဆိုတာ ဒီစိတ်ဟာ ကောင်းတာ မဟုတ်ဘူး။

ကျွန်မတို့ အရှေ့တိုင်းရဲ့ အဆိုအမိန့် စကားပုံတခုပေါ့ ဖဖောင်းတိုင် တတိုင်ကနေ ဖယောင်းတိုင် အများကြီးကို ညှိလိုက်ရင် မူလဖဖောင်းတိုင်ကလည်း အလင်းရောင် မလျော့သွားဘူး။ အားလုံးကလည်း အလင်းရောင် ပိုလာတယ် ၊ အဲဒီတော့ ပညာနဲ့ ပတ်သက်လို့ မျှဝေခြင်းဟာ ပညာတွေ လျော့သွားမှာ မဟုတ်ဘူး အများအတွက် ပညာတွေ တိုးပွားစေတယ်။ ကျွန်မတို့ လောကကြီး အတွက် အလင်းရောင်ဆိုတာ ပိုများလာပါတယ်။ ပညာဆိုတာ အလင်းရောင်ပါ။ ဒါပေမဲ့ ပညာ ဆိုတာ မမှန်မကန်တဲ့ နည်းနဲ့ သုံးလိုက် ရင် အမှောင်ထုလည်းဖြစ်သွားနိုင်တယ် ။ ဒီနည်းပညာကို အလင်းရောင်လို သုံးပြီးတော့ လောက ကို ပိုပြီး အကျိုးပြုပါ။

ကျွန်မတို့နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာ ကျန်ရစ်ခဲ့တယ် ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး ဒီနောက်မှာကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကို ရောက်ဖို့ ဆိုတာ အခု နည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေ အများကြီး လိုတယ်။

အားလုံးဝိုင်းလုပ်ရမဲ့ အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့သာ မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်နိုင်ဖို့ အခွင့်အရေးတွေ ရှိတယ်။ အရင်တုနုးက ဒီနည်းပညာခေတ်မရောက်ခင်က မရှိတဲ့ အခွင့်အရေးတွေကို ကျွန်မတို့ အခုရထားပြီး ကိုယ်ရတဲ့ အခွင့်အရေးတွေကို မှန်မှန်ကန်ကန်သုံးပါ၊ တန်ဖိုးရှိအောင်သုံးပါ၊ အများအတွက်သုံးပါ၊ အဲလို သုံးလို့ရှိရင် အင်မတန် ကျေနပ်မှု ရရှိနိုင်တယ်။

ခေတ်ရှေ့ပြေးနေတဲ့ နည်းပညာကို သင်နေတဲ့လူတွေဟာ အတိတ်ကိုလည်း မေ့လို့မရပါဘူး။ အတိတ်ကိုလည်း သိထားရမယ်၊ သမိုင်းကိုလည်း သိဖို့လိုတယ်၊ သမိုင်းနောက်ခံသိမှ နောင်လာမည့် အနာဂတ်အတွက် မှန်ကန်တဲ့ လုပ်ငန်းတွေကို လုပ်နိုင်မှာပါ။ ဒါကြောင့် လူငယ်တွေဟာ အတိတ်နဲ့ အနာဂတ်ကို ဆက်ပေးတဲ့ တက်ကြွတဲ့ ပစ္စုပ္ပန်တွေ ဖြစ်ပါစေ"



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved