စာကူးခြင်း

Monday, February 6, 2012

ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ စာမေးပွဲခန်းထဲ ခိုးချတဲ့ နည်းလမ်းတခု။ ဒီနည်းလမ်းက အခန်း ၀င်ပေါက်မှာ ကြိုက်သလောက်ရှာ၊ ပေါ်မယ် မဟုတ်။

ဗြိတိန်နိုင်ငံ Kent တက္ကသိုလ်မှာ စာခိုးချတဲ့ ကျောင်းသားအရေအတွက်က တနှစ်တနှစ်ကို ရာနဲ့ချီ ရှိတယ်လို့ ဆိုတယ်။
http://www.kentonline.co.uk မှာ ရေးထားတာပါ။
စာမေးပွဲခန်းထဲ ခိုးကျ ကူးချကြသလို စာစီစာကုံးရေးဖို့ အိမ်စာပေးလိုက်ရင်လည်း တခြားတယောက်ဆီက ကူးရေးတာ၊ တယောက်ယောက်ကို ရေးခိုင်းတာမျိုး လုပ်ကြတယ်လို့ ဆိုတယ်။

ပြီးခဲ့တဲ့စာသင်နှစ်အတွင်း စာ မသမာမှုပေါင်း ၇၁၂ ခု ရှိတယ် တဲ့။ ဒါဟာ ၂ နှစ်အတွင်း ၁၅ ရာခိုင်းနှုန်း တိုးတက်လာတာပါ တဲ့။

စာစီစာကုံးအတွက် တလ ငါးပေါင် (£5 a month) ထက် ပိုမပေးရတဲ့ ၀က်ဆိုက်တွေကို အားကိုးကြသူတွေ အများအပြားရှိတယ်လို့ သတင်းက ဆိုတယ်။ လစဉ်ကြေးပေးထားရင် အဲဒီဝက်ဆိုက်မှာရှိတဲ့ စာစီစာကုံးတွေကို ကြိုက်သလောက် ကူးပေတော့ ဆိုပဲ။

တချို့ကလည်း ရှဲဒိုးတွေ ထားကြတယ်။ ရှဲဒိုးဆရာများကတော့ ဈေးကြီးတယ်လို့ ဆိုရမယ်၊ တမျက်နှာကို ၃၅ ပေါင် ယူတယ် တဲ့။ နောက်ကွယ်ကနေ ရေးပေးတဲ့ အနှီ ရှဲဒိုးဆရာတို့က ကျောင်းသား အမှတ်ကောင်းကောင်းရဖို့ အာမခံသတဲ့။

စာခိုးချမှုတွေထဲမှာ စာမေးပွဲခန်းထဲ အိုင်ပေါ့၊ လက်ကိုင်ဖုန်း၊ စာတို၊ စာရှည် စသဖြင့်တို့ ယူလာတာလည်း ပါဝင်တာပေါ့။

အိမ်စာကို ကိုယ်တိုင် မရေးဘဲ အင်တာနက်ထဲ အဆင်ပြေတဲ့ဟာကို အပိုဒ်လိုက်၊ အပိုဒ်လိုက် ကော်ပီကူးတာမျိုးကို ဖမ်းမိဖို့ ကွန်ပျူတာနည်းပညာတွေ တပ်ဆင်ထား ၀ယ်ထားတဲ့ကျောင်းတွေ ရှိပါတယ်။ ဒီကျောင်းလည်း ဒါမျိုးနည်းပညာ ရှိတယ် တဲ့။

ပညာရေးရှေ့တန်းရောက်တဲ့ အနောက်တိုင်းက ဒီလို တက္ကသိုလ်မျိုးမှာတောင် ဒီလို ဖြစ်ရပ်မျိုးတွေ ရှိနေပါတယ်။

ပညာရေးနောက်တန်းရောက်နေတဲ့ မြန်မာပြည်က သိပ် အားငယ်စရာ မလိုတော့ဘူးပေါ့။

အင်္ဂလိပ်လို သင်တဲ့ အာရှတက္ကသိုလ်တွေမှာတော့ ကော်ပီကူးတာကို အမိဖမ်းရတာ ပိုလွယ်မယ်လို့ ယူဆရတယ်။ အင်္ဂလိပ်စာက အာရှသားတို့ရဲ့ မိခင်ဘာသာရပ် မဟုတ်ဘူးလေ။ ကျောင်းသားတွေ ရေးလာတဲ့ အိမ်စာကို စင်းလုံးချော ဖြစ်နေရင် ဒါ မသင်္ကာစရာ ဖြစ်နိုင်တယ်။

တချို့အရေးအသားတွေမှာလည်း စာပိုဒ်တချို့ စာကြောင်းတချို့က မိုးပျံနေအောင် ကောင်းနေတတ်တယ် (အကျအပေါက်၊ အားနည်းချက် မပါဝင်တာမျိုး)။ ဒါဆိုရင်တော့ ကော်ပီ နဲ့ ကိုယ်ပိုင်စိတ်ကူးကို ရောသမမွှေထားတဲ့ အရေးအသားပေါ့။

စာခိုးချတာကို လျော့နည်းအောင် လုပ်ဖို့က အချိန် အတော် ပေးရမယ်လို့ ယူဆရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved