၂ လုံး ၃ လုံး ခေါင်းပြန်ထောင်ပါပြီ

Wednesday, February 29, 2012

(ဓာတ်ပုံ - independent.co.uk)

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ၂လုံး၊၃လုံး၊ဘောလုံးဒိုင်များ

( ပြည်ထဲရေးဝန်ကြီး သိစေလိုပါသည် )

၂လုံး၊ ၃လုံး လောင်းကစားမှာ မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၂စု ကျော်မျှ နိုင်ငံသားများ၏ ၀င်ငွေများအား ဂုတ်သွေးစုပ်နေသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။

အစိုးရက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ၂လုံး၊ ၃လုံးထီနှင့် ဘောလုံး လောင်းကစားအမျိုးမျိုးကို ကင်းစင် ပပျောက်အောင် ဆောင်ရွက်မည်ဟု သိရသည့် အခါ အလွန်ပင် ၀မ်းသာမိပါသည်။

ကျွှန်တော်တို့နိုင်ငံတွင် ၂လုံး၊၃လုံးနှင့် ဘောလုံး လောင်းကစားသူများမှာ အများအားဖြင့် ၀င်ငွေ နည်းပါးသော ကျေးလက်ပြည်သူများဖြစ်ပါသည်။

သူတို့၏ရိုးသားမှုအပေါ် လောင်းကစား၏ မက်လုံးပေးမှုများကြောင့် မိသားစု စားဝတ်နေရေး ပြေလည်စေခြင်း အလို့ငှာ ရှိစုမဲ့စုနှင့် မျှော်လင့်ကာ ကစားကြပါသည်။

သို့သော် သူတို့မျှော်လင့်သလိုမဖြစ်ပဲ အချို့ဆိုလျှင် အိမ်ထောင်များပျက်စီးခြင်း၊ ရက်ကွက်ထဲမှ ထွက်ပြေးခြင်း၊ မိမိ ကိုယ်ကိုယ် အဆုံးစီရင်ခြင်း စသော ဆိုးရွားလှသည့် အဖြစ်များကို ကျွှန်တော်တို့ မကြာခဏ တွေ့မြင်ကြားသိနေကြရပါသည်။

မိရိုးဖလာဥယျာဉ်လုပ်ငန်းဖြင့် အတော်အသင့် အဆင်ပြေသော ကျွှန်တော်တို့သားစုတွင်ပင် အဖေ၏ ဘောလုံးလောင်းခြင်း၊ အမေ၏ ၂လုံး၃လုံး လောင်းခြင်းတို့ကြောင့် တစ်နှစ်ပြီးတစ်နှစ် ငွေကြေး အများအပြား ဆုံးရှုံးနေရပါသည်။

ဤသို့ လောင်းကစားခြင်းကြောင့် ပြည်သူများ၏၀င်ငွေများမှာ လောင်းကစားဒိုင်များနှင့် လိုင်းကြေးကောက်သော အကျင့်ပျက် ရဲများထံသာ ရောက်ရှိနေရပါသည်။ ကျွှန်တော်တို့မြိတ်မြို့တွင် ၂၀၁၁ ခုနှစ် ၆လပိုင်း ၇လပိုင်း လောက်ကတော့ လောင်းကစားဒိုင်များ ရပ်နားသွားကြပါသည်။ ယခုပြန်၍ ယခင်အတိုင်း မြို့ပေါ်ကျေးရွာ အနှံအပြားမှာ လောင်းကစားဒိုင်များ ပြန်လည် လုပ်ကိုင်နေသည်ကိုတွေ့ရပါသည်။

ကျွှန်တော်တို့ မြို့သစ်ဈေးထဲတွင် လောင်းကစားဒိုင်များသည် ရဲအဖွဲ့များအား လိုင်းကြေးပေးပြီး ပြောင်ပြောင်တင်းတင်းပင် ရောင်းချနေကြပါသည်။

ပြီးခဲ့သော ၁လပိုင်းက လူကြီးလာမည်ဆို၍ လောင်းကစားဒိုင်များအား ရဲများက တစ်ပါတ်နားရန် ပြောသည်ဟုသိရပါသည်။ ယခုပြန်၍ ရောင်းချနေပြန်သည်။

တစ်ကယ်ဖမ်းလျှင် တစ်ကယ် မလုပ်ရဲကြပါ။ ထိထိရောက်ရောက်နှင့်ကင်းစင်ပပျောက်အောင် ဆောင်ရွက်ပေးကြပါဟု နိုင်ငံအကျိုးကို လိုလားသော နိုင်ငံသားတစ်ယောက်အနေနှင့် ရေးသားလိုက်ပါသည်။

2 comments :

  1. ဖမ်းမည့်သူတွေကလည်း(နယ်ထိန်း) အဲဒီကရတဲ့ပိုက်ဆံနဲ့
    ရှင်သန်နေရတာလေ....။
    အဲဒီတော့........

  1. ဘုန်းဘုန်း said... :

    လောင်းကစားမှုတွေနဲ့ ပတ်သက်လို့ တစ်ခါတုန်းက ဆရာတော်တစ်ပါး မိန့်ခဲ့တာလေးကို ပြောပြချင်ပါတယ်။
    အဲဒီအချိန်တုန်းက ချဲဂဏန်းပေးတဲ့ ဘုန်းကြီးတချို့ တော်တော်နာမည်ကြီးနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရဟန်းသာမဏေတွေအနေနဲ့ လောင်းကစားမှုတွေမှာ မပါဝင် မပတ်သက်ကြဖို့ ညွှန်ကြားပါတယ်။ ဒီညွှန်ကြားချက်ကို ရှင်းလင်းဖို့ ကျောင်းထိုင်ဆရာတော်တွေရော အာဏာပိုင်အဖွဲ့အစည်းက လူတွေကိုရော ဖိတ်ကြားပြီး အစည်းအဝေးလုပ်ပါတယ်။
    အဲဒီအစည်းအဝေးမှာ ညွှန်ကြားချက်တွေ ဘာတွေ ဖတ်ပြီးတဲ့နောက် ဆရာတော်တစ်ပါးက အခုလို ၀င်ဆွေးနွေးပါတယ်-
    “ဒီလောင်းကစားမှုတွေ ရှိနေတဲ့အတွက် ဒကာမတွေအနေနဲ့ လောင်းကစားဘက်ကို မဲပြီး ဆွမ်း၊ ဆွမ်းဟင်း ချက်ချိန်တောင် သတိမရနိုင်အောင် ဖြစ်နေကြပါတယ်။ ဒီတော့ ဘုန်းကြီးတို့ ဆွမ်းခံသွားရင် ဆွမ်း၊ ဆွမ်းဟင်း ကောင်းကောင်း မရပါဘူး။ ဘုန်းကြီးတို့ ဟင်းကောင်း ကျွေးကောင်း မစားရပါဘူး။ ဒါကြောင့် ဒီလောင်းကစားမှုတွေ လုံးဝ ပပျောက်သွားစေချင်ပါတယ်။
    ဒီလို ပပျောက်သွားဖို့အတွက် အခက်အလက်ကလေးတွေကို သွားပြီး ခုတ်နေလို့ကတော့ မရနိုင်ပါဘူး။ နောင်တစ်ချိန် ပြန်ပြီး စည်ပင်လာမှာပဲ။ အဓိကက အမြစ်ကို ရှင်းထုတ်ပစ်ရမှာပါ။ အဲဒီ အမြစ်ဘယ်မှာ ရှိတယ်ဆိုတာကို အခုတက်ရောက်လာကြတဲ့ အာဏာပိုင်တွေက အသိဆုံးပါ။ ဆိုလိုတာက- ကိုယ့်ရပ်ကွက်ထဲမှာ လောင်းကစားမှုလုပ်နေကြတဲ့ ဒိုင်တွေ ဘယ်မှာ ရှိတယ်ဆိုတာ ရပ်ကွက်အာဏာပိုင်တွေနဲ့ ရဲတွေက အသိဆုံးပါ။ ဒါတွေကို အရေးမယူဘဲနဲ့ အမြစ်ကို ရေလောင်းသလို အကာအကွယ်ပေးထားကြပြီး၊ ဘာမှ မဟုတ်တဲ့ အခက်အလက်လောက်ကိုပဲ ချိုးဖို့ ဖဲ့ဖို့ စိတ်ကူးနေကြမယ်ဆိုလို့ကတော့ ဘုန်းကြီးတို့လဲ ကောင်းကောင်းမွန်မွန် စားရမှာ မဟုတ်သလို တက်လာတဲ့ အာဏာပိုင်ပုဂ္ဂိုလ်တွေလဲ ကောင်းကောင်းမွန်မွန် စားကြရမှာ မဟုတ်ပါဘူး”တဲ့။
    အဲဒီလိုလဲ ပြောလိုက်ရော အားလုံး တက်လာတဲ့ ဆရာတော်တွေရော လူတွေရော တစ်ပါးနဲ့ တစ်ပါး တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး၊ ရယ်ကာမောကာနဲ့ အစည်းအဝေးပြီးသွားပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved