အိမ် ၆၆ လုံး ပါသွားပြန်တဲ့ ရေနံချောင်းမီး

Thursday, March 8, 2012



မကွေးတိုင်း ရေနံချောင်းမြို့နဲ့ ၁၅ မိုင်အကွာက စမ်းကန်ကြီးရွာမှာ ဒီနေ့နေ့လည် ၁၂နာရီလောက်က မီးလောင်ခဲ့လို့ အိမ်ခြေ ၆၆လုံး မီးထဲပါသွားတယ်လို့ သိရပါတယ်။ စမ်းကန်ကြီးရွာကိုသွားဖို့ လမ်းပန်း ခက်ခဲလွန်းတာကြောင့် ရေနံချောင်းမြို့က မီးသတ်ကား ၂စီးဘဲ ခဲရာခဲဆစ် ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူရှိမနေတဲ့ နေအိမ်တခုကနေ မီးစလောင်တာဖြစ်ပြီး မီးလောင်တဲ့ ကြာချိန် ၅ နာရီလောက်အတွင်းမှာကို အရှိန်ပြင်းပြင်းနဲ့ မီးကူးမြန်တာကြောင့် ပစ္စည်းတွေ ရွှေ့ပြောင်းသယ်ချိန် မရလိုက်ဘူး၊ ရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတော့ မီးဘေးလွတ်တယ်လို့ သိရပါတယ်။ ဘာအကြောင်းကြောင့် လောင်ရတယ်ဆိုတာတော့ မသိရသေးပါဘူး။

မီးဘေးဒုက္ခသည်တွေဟာ မီးမလောင်ပဲ ကျန်ရစ်တဲ့ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ လောလောဆယ် ခိုလှုံနေရပြီး ပတ်ဝန်းကျင်ရွာတွေက အစားအသောက်တွေ ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

အခုအချိန်ဟာ ခြောက်သွေ့တဲ့ ရာသီရောက်လာနေပြီး အဲ့ဒီအရပ်ဟာ ရေရှားပါးတဲ့အရပ်ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေဟာ မီးရေးထင်းရေးအတွက် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မနေ့ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့က မြို့မဈေးကြီး မီးလောင်ခဲ့လို့ ဈေးတခုလုံးနီးပါး ပျက်စီးသွားပြီး အနီးအနားက လူနေအိမ် ၁၃ လုံးလည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved