ရှင်ကြီး ကျားထက်ဆိုး

Saturday, March 17, 2012



ကျော်သူ ရေးသားသည် -

"---အရွေးချယ်ခံမည့် လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့် စိတ်ဓါတ်က အရေးကြီးပေသည်---"

ကျွန်တော်ကျော်သူသည် ၁၉၈၄ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ရိုက်ကူးသော “ချစ်ကြိုး လေးနှစ်မျှင်” ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့သူဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာ ဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက် ၂၀၀၃ ခုနှစ်တွင် “အမေ့နို့ဖိုး” ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆုကိုရရှိခဲ့ကာ ယင်းဇာတ် ကားနှင့် အကယ်ဒမီပေါင်း (၇) ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိအောင် ရိုက်ကူးဖန်တီးခဲ့သော သူတစ်ယောက်လည်းဖြစ်သည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မတိုင်ခင်အထိ နိုင်ငံတော်အကျိုးပြုဇာတ်ကားများ၊ နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေ သာကပွဲများ၊ ရုပ်မြင်သံကြားဇာတ်လမ်းများအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရံပုံငွေရှာဖွေရေး ဘောလုံးပွဲများ၊ ဗီဒီယိုဇာတ်လမ်း များကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မှစ၍ ကျွန်တော့်အား ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက အနုပညာလုပ်ခွင့်များကို ပိတ်ပင်ထားသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ သို့သော် ကျွန်တော်သည် ရုပ်ရှင်လောကနှင့် ဝေးကွာ သွားသည်တော့မဟုတ်။ အနုပညာသမားများ၏ သတင်းများ၊ အနုပညာလောကအတွင်းဖြစ်ပေါ်နေသောပြဿနာများကို အတွင်းကျကျသိ ရှိနေသူဖြစ်သည်။ အနုပညာလောကတွင် ကျင်လည်ခဲ့စဉ်က အနုပညာမောင်နှမများ၊ ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့သော် ၂၀၀၁ ခုနှစ်မှစ၍ ရုပ်ရှင်ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချပေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် တစ်ဖက်တစ်လမ်းမှပါဝင်၍ အများပြည်သူတို့အား တတတ်တအား ကူညီဖေးမကာ ကုသိုလ်ဖြစ်ပေးဆပ်ခဲ့သည့် အချိန်မှစ၍ အနုပညာသမားအချို့သည် ကျွန်တော့်နှင့် လက်တွဲရိုက်ကူးခြင်းကို မပြုလုပ်ကြတော့ပေ။ အဘယ့်ကြောင့်ဆို ကျွန် တော်လုပ်ကိုင်ပေးဆပ်နေသောလုပ်ငန်းသည် လာဘ်ပိတ်ခြင်း၊ နာမ်နှိမ်ခံရခြင်း စသည့်အယူဝါဒအစွဲများကြောင့်ပင် ဖြစ်တော့သည်။ မည် သို့ဖြစ်စေ ကျွန်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက် အနေဖြင့် ဒိဋ္ဌိအယူဝါဒများအား တိုက်ဖျက်ကာ မိမိ၏ခံယူချက်၊ ဘဘ ဦးသုခ၏ ရည်ရွယ်ချက်များကို ကြံ့ကြံ့ခံကာ အများပြည်သူတို့အတွက်ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။

ဘဘဦးသုခ ကွယ်လွန်သွားသည့်အချိန်မှစ၍ ကျွန်တော်တို့၏ ပေးဆပ်မှုလုပ်ငန်းများအား နာရေးကူညီမှုတင်မက၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည့်လူသားတို့၏ မဖြစ်မနေကြုံတွေ့ရမည့် အခက်အခဲများကို တိုးချဲ့၍ ကူညီဖေးမပေးခဲ့သည်။ ထိုသို့ နာရေးကိစ္စ အခက်အခဲများနှင့် ရန်သူမျိုးငါးပါးဒဏ် ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမပေးဆပ်ခဲ့သလို ရုပ်ရှင်အနုပညာသည်များကိုလည်း များစွာ ကူညီဖေးမ ပေးဆပ်ခဲ့ရသည်။

ယခု ၂၀၁၂ ခုနှစ်၊ မတ်လတွင် မြန်မာ့ရုပ်ရှင်လောကသားများ၏ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာတွင် အာဏာရှင်စနစ်အား တိုက်ဖျက် လိုခြင်း၊ အနိမ့်ကျဆုံးဖြစ်နေသော မြန်မာ့ရုပ်ရှင်အား မြှင့်တင်လိုခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ် စည်းစည်းလုံးလုံး ညီညီညွှတ် ညွှတ်ဖြစ်စေလိုခြင်း စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည် ဖွဲ့စည်းတော့မည်ဟု ကျွန် တော် သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ကျေးဇူး မကင်းခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းအား အရှိန်အဟုန်မြှင့်မားစွာဖြင့် တိုးတက် ပြောင်းလဲမှုကို အမှန်တကယ် မျက်ဝါးထင်ထင်မြင်တွေ့လိုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ကျွန်တော်သည် ရုပ်ရှင်ရိုက်ခွင့်မရရှိသေး သော်လည်း တဖက်တလမ်းမှ မြန်မာ့ရုပ်ရှင်လုပ်ငန်းအား တိုးတက်စေလိုသောဆန္ဒဖြင့် မိမိတွင်ရှိသော လူမှုရေးစိတ်ဓါတ်၊ အနုပညာ စိတ်ဓါတ်၊ ခိုင်မြဲသောသီလတို့ဖြင့် ပြန်လည်၍ကျေးဇူးဆပ်လိုပါသဖြင့် အဓိကသရုပ်ဆောင်အလွှာမှ ဝင်ရောက်အရွေးချယ်ခံရန်အတွက် စဉ်းစားမိတော့သည်။

ထို့ကြောင့် မိမိနှင့်ရင်းနှီးသော အနုပညာလက်တွဲဖော်တစ်ယောက်ဖြစ်သော ရုပ်ရှင်တည်းဖြတ် ပညာရှင်တစ်ဦးအား မိမိ၏ကိုယ်စားလှယ် အဖြစ်လက်ဆင့်ကမ်းကာ ကွန်ပြူတာစာရိုက်၍ မြန်မာ့ရုပ်ရှင်အစည်းအရုံးသို့ အဓိကသရုပ်ဆောင်အလွှာတွင် ဝင်ရောက်ရွေးချယ်မှု လျှောက်လွှာအား တလေးတစားဖြင့် သွားရောက်ယူငင်ခိုင်းခဲ့သည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးစသည့် လူမှုရေး လုပ်ငန်းများကို လုပ်ကိုင်နေ၍ ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူဖြစ်ခဲ့ပါ။ ယင်းနေ့ နံနက် (၁၀း ၀၀) နာရီခန့်တွင် ကျွန်တော်၏မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ ကျွန်တော့်ထံသို့ “ကိုယ်တိုင် လာမယူ၍ မပေးနိုင်ကြောင်း” ရုပ်ရှင် အစည်းအရုံး ရွေးကောက်ပွဲအဖွဲ့ဝင်များကပြောကြားကြောင်း အကြောင်းကြားခဲ့သည်။

ဤတွင် ကျွန်တော်မှ ပြန်လည်၍မေးခွန်းများပြန်လည် မေးမြန်းချင်တော့သည်။

● ကျွန်တော့်ကဲ့သို့ အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာတစ်ဦးအား ကိုယ်တိုင်ကိုယ် ကျလာယူမှပေးမည်ဟု ပြောခဲ့သော် လည်း ဇာတ်ပို့/ရံအလွှာမှ လူရွှင်တော်တစ်ဦးအား တယ်လီဖုန်းဖြင့် လျှောက်လွှာတောင်းခံခြင်းကို အဘယ့်ကြောင့်ပေးခဲ့သနည်း .. ?
● နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်ညွှန်းအလွှာမှ ဇာတ်ညွှန်းဆရာတစ်ဦးအားလည်း အဘယ့်ကြောင့် လျှောက်လွှာပေးခဲ့သနည်း .. ?

ထို့အပြင် ယင်းစစ်မှန်သောရွေးကောက်ပွဲအား အကောင်အထည်ဖော်မည်ဟု ကြွေးကြော်နေသော အနုပညာသမားများထဲတွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) အပြီး ကျွန်တော် အဖမ်းခံရပြီး ပြန်လည် လွတ်မြောက်လာသောအချိန်တွင် အနုပညာရှင် တစ်ဦး၏ ဈာပနအခမ်းအနား၌ “မောင်မောင် … မင်းက အချိန်မတန်သေးဘဲ လုပ်တာကိုး” ဟု ဆရာကြီးပုံစံနဲ့ပြောဆိုခဲ့သော အခွင့်အရေးသမားတစ်ဦး ပါဝင်နေခြင်းနှင့် ဗိုလ်ချုပ်ခင်ညွှန့် အထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာစဉ် သွားရောက်တွေ့ဆုံကြသော အနုပညာ သမားများထဲမှ “ကျော်သူက တစ်ချိန်လုံးမူးနေတာ၊ ဂျပန်မှာ တော်တော်ဒုက္ခပေးခဲ့တယ်” ဟု ပြောကြားခဲ့သော ကိုယ့်ဂုဏ်မြင့်၍ အခြား သူအား အပုပ်ချခဲ့သော ခွက်ပုံး အနုပညာသမား ပါဝင်နေခြင်းတို့အား ကျွန်တော် များစွာ တွေးတောစဉ်းစားမိတော့သည်။

ယခု မြန်မာ့ရုပ်ရှင် အစည်းအရုံးအား ပြန်လည်ဖွဲ့စည်းမည်ဖြစ်သော ရုပ်ရှင်အနုပညာသည်များပြောကြားကြသော မြန်မာ့ရုပ်ရှင်လောက အနုပညာမောင် နှမ များအား စည်းလုံးညီညွှတ်စွာဖြင့် မိသားစုစိတ်ဓါတ်ထားကာ တစ်ဦး၏အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာ သမားများ၏ သာရေး/နာရေးကိစ္စများကို ဝိုင်းဝန်း၍ ကူညီဆောင်ရွက်လိုခြင်း စသည့်စကားများသည် ကျွန်တော်အတွက်မဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ကျွန်တော် မြန်မာ့ရုပ်ရှင်အစည်းအရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ နိုင်ငံတော်က အရေးယူ ပိတ်ပင်ထားသော အနု ပညာသမားများ၏ အသက်ရှင်သန်မှု၊ အနုပညာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် ထိုစဉ်အခါက နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်း ကျွန်တော်တို့ စဉ်းစားပေးရန်၊ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှု၊ အကြံပေးမှု၊ အသနားခံမှုများကို စဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့ပါ၍ ယင်းကဲ့သို့ ပိတ်ပင်ခံထားရသောအနုပညာသမားများ ပြန်လည်၍ အနုပညာလောကတွင် သက်ဝင်လှုပ်ရှား ပါဝင် ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍ မရပေ။

သို့သော် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများအပိတ်ပင်ခံခဲ့ရသော ကျွန်တော်၏ကိစ္စရပ်အား မည်သည့် အနုပညာသမားများ၊ မည်သည့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များတို့က နိုင်ငံတော်အုပ်ချုပ်သူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြ စဉ် တစ်ခွန်းတပါဒမှ ပြောကြားပေးခဲ့ခြင်း မရှိချေ။

မြန်မာ့ရုပ်ရှင်အနုပညာလောကမှ နိုင်ငံတော်၏ အနုပညာလုပ်ခွင့်ပိတ်ပင်ခံရသူ အနုပညာ ရှင်များထဲတွင် ကျွန်တော်သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး အနုပညာသမားဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကျွန်တော်သည် ရုပ်ရှင် လောက ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော လူမှုရေး လုပ်ငန်းကြီးအား တိုးတက်မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့် မြန်မာ့ရုပ်ရှင်လောကတွင် ရှိကြသော အဓိကသရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ ဇာတ်ပို့/ရံများ၊ လူကြမ်းသရုပ်ဆောင် များမှအစ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဋ္ဌာနမှဝန်ထမ်းများ (ဥက္ကဋ္ဌမှအစ သန့်ရှင်းရေးအဆုံး) ကြုံတွေ့နေရသော နာရေး၊ ကျန်းမာရေးကိစ္စရပ်များအား မနားမနေ ကူညီဖေးမပေးနေသူတစ်ဦးဖြစ်သည်။ သို့သော် ကျွန်တော်သည် ကုသိုလ်ရေးလုပ်ငန်းဖြစ်သော လူမှုရေးလုပ်ငန်းများ ထမ်းရွက်ပေးနေရသည့်အတွက် ကျွန်တော်၏ကျေးဇူးရှင်များဖြစ်ကြသော အများပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ် ထိတွေ့ ပေးဆပ်နေရမှုကို ကျေနပ်ပီတိဖြစ်ခဲ့ပါသည်။

ယနေ့ ကျွန်တော့်၏မိတ်ဆွေဖြစ်သူ တည်းဖြတ်ပညာရှင်အား လမ်းကြုံ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဆောက်အဦးသို့ ဝင်ရောက်ပို့ ဆောင်ခဲ့ပါသည်။ ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော်ယာဉ်အား ခေတ္တရပ်နား၍ ကျွန်တော်၏မိတ်ဆွေ ကားပေါ်မှဆင်း ချိန်တွင် မော်တော်ယာဉ်အနီးတွင်ရှိသော လူကြမ်းသရုပ်ဆောင်တစ်ဦးနှင့်တွေ့ဆုံ၍ လွန်ခဲ့သောနှစ်ရက်ခန့်က ယင်းလူကြမ်းသရုပ်ဆောင် အစ်မဖြစ်သူ၏ နာရေးကိစ္စရပ်အား အဆင်ပြေမှုအားမေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယိုဒါရိုက်တာတစ်ဦးရောက်လာကာ “ဟေ့လူ … ဒီနေရာက ကားရပ်ရတဲ့နေရာမဟုတ်ဘူး” ဟူ၍ ရင့်သီးစွာပြောဆိုခြင်းကို ခံခဲ့ရသည်။ ကျွန်တော်နားလည်သည်မှာ အဆောက်အဦးများ တွင်ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို ပြုလုပ်ရန် ထားရှိသော မော်တော်ယာဉ်ခေတ္တရပ်နားရန်နေရာပင် မဟုတ်ပါလား။ ကျွန်တော် သည် မော်တော်ယာဉ်အား စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ကျွန်တော်၏အပေါ် ယခင်စစ်အစိုးရ လက်ထက်ရှိပြန်ကြားရေးဋ္ဌာနက ပိတ်ပင်ထားခဲ့မှုများကို ပြန်လည်ပွင့်လင်းအောင် လုပ်ပေးရ မည်ဖြစ် သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊ ကျွန်တော့်အား ယခုကဲ့သို့ ရွေးကောက် ပွဲကော်မတီတွင် ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ ရင့်သီးစွာဆက်ဆံခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော်ရှိ အနုပညာ သမားများ လုပ်ရမည့် လုပ်ရပ်များ မဟုတ်ပေ။

မည်သို့ဖြစ်စေကာမူ ကျွန်တော်သည် မည်သည့်အစိုးရ တက်တက်၊ မည်ကဲ့သို့ ရုပ်ရှင် အစည်းအရုံး ပေါ်ပေါက်ပေါ်ပေါက် ကျွန်တော့်၏တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည်တို့ကို သေတပန် သက်တစ်ဆုံးလုပ်ကိုင် ပေးဆပ်သွားရမည် ဖြစ်တော့သည်။

အဆုံးသတ်ရသော် မြန်မာ့ရုပ်ရှင်လုပ်ငန်း တိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင် အနုပညာသမားများ စည်းလုံး ညီညွှတ်အောင်၊ အစိုးရအဖွဲ့အစည်းမပါဝင်သော NGO စစ်စစ် မြန်မာ့ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်လာ အောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ ညီရင်းအစ်ကို မောင်နှမသဖွယ် တစ်ဦး၏ကိစ္စရပ်များကို စုပေါင်းဖြေရှင်းပေးနိုင်အောင် စသည့် ရည်ရွယ်ချက်များဖြင့် ပြန်လည်၍ ဖွဲ့စည်းမည်ဖြစ်ရာ အနုပညာသမားစစ်စစ်များအနေဖြင့် အရွေးချယ်ခံမည့် လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့် စိတ်ဓါတ်က အရေးကြီးပေသည်။

မြန်မာ့ရုပ်ရှင်အနုပညာဖြင့် ဘဝကိုရပ် တည်နေသောသူများအတွက် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဟူ၍ မဖြစ်အောင် အထူး သတိပြုစေလိုတော့သည်။

ညွှန်း - ကျော်သူFacebook - http://www.facebook.com/ActorKyawThu

10 comments :

  1. မောင်ကောင်း( ရန်ဂွန်း) said... :

    မြန်မာ့ဘိုင်စကုပ်လောက ခေတ်မီတိုးတက်ဖို့ ဝေးပါသေးတယ် ပြင်ပစီးပွားရေးသမားအချို့ ဖွတ်ကလိဒင်္ဂါးပေါလွန်းလို့ စက်ကရိယာအကောင်းစားကြီးတွေ ဝယ်ထောင်ထားတာတောင် ဖုန်တက်နေပေါ့ အဓိက ကတော့ဗျာ လူတွေစိတ်ဓါတ်တွေလိုတာပါ၊ ဘယ်အဖွဲ့အစည်းမဆို သနားငဲ့ညာမှု၊ ဖေးကူမမှု၊ လေးစားချစ်ခင်ဦးထိပ်ပန်မှုတို့ မဲ့ ကုန်တဲ့အပြင် Teamwork ဆိုတာကိုပါ နားမလည်ကြတော့ပဲ ငါ တကော ကောနေမှတော့ ဂွမ်းပြီပေါ့ဗျာ၊ ကိုကျော်သူရေ နောင်ဘဝ နောင်ဘဝ သံသရာမလွတ်သေးသ၍ မြန်မာ့ဘိုင်စကုပ်လောကနဲ့ အကြောင်းဆက်ချင်ရင်တော့ ခုကထဲက ဆုပန်ထားပေါ့ဗျာ။

  1. Kyaw Zaw said... :

    ကိုကျော်သူရေ ခင်ဗျားတို့ ရုပ်ရှင်အစည်းရုံးတင်ဘယ်ဟုတ်မလဲ မြန်မာပြည်မှာ ဖွဲ့ထားကြတဲ့ ပြည်တွင်းဖြစ် NGOs တွေ(အများစု)က အမှန်ဖက်ကရပ်တည်ပြီး ဘာလုပ်လို့တုန်း စားဖား အခွင့်ရေးသမားတွေ လုပ်စားနေတဲ့သူတွေက အများစုဖြစ်နေတယ်။

    Kyaw Zaw

  1. Unknown said... :

    ရှက်စရာကောင်းလိုက်တာ။
    ဦးကျော်သူရဲ့ ချေးပဲ စားဖို့ကောင်းကြတယ်။

  1. Anonymous said... :

    U kyaw,
    pls dont waste your time by talking about these people.the peoples are laughing about these people's funny policy.we support your care fpr myanmar people health and education charity job.that is very important for the country.

  1. Anonymous said... :

    ကိုကျော်သူ ရေ ခင်ဗျား အခု လူမှု ရေး တွေ လုပ်နေ တာ လေးစား ပါ တယ် ။ ထောက်လှမ်း ရေး ခေတ် က ရဲနိုင်ဝင်း တို့ နဲ့ ပေါင်း ပြီး Living Colour က အကျိုးအမြတ် တွေ အ ကုန်လုံးကို ထောက်လှမ်း ရေး တွေ နှိပ်စက် ခဲ့တယ့် မိသားစု တွေ ကို အခု ပြန်လှူ နိုင် ရင် ရာဇဝင် ပိုကောင်းသွား မယ် ထင်တယ်။

  1. ကိုပေါက်စ said... :

    တိုတိုပြောရရင်...ကိုကျော်သူနေရာမှာ ကိုကျော်သူ
    ဖြစ်နေလို့ပါပဲ..(မနာလိုစိတ်တွေပေါ့)

  1. Anonymous said... :

    @ Anonymous (March 17, 2012 8:29 PM)

    It is exactly what I want to say.
    There may be many people remembering Dr. Ye Naing Win, U Kyaw Thu, Living Color and their deep friendship.
    It is also questionable that how U Kyaw Thu knew what other person said to U Khin Nyunt about him.
    Anyway, we have to appreciate U kyaw Thu as nowaday U Kyaw Thu.

  1. Anonymous said... :

    ကိုကျော်သူရေ ရှင်ကြီးကတော့ ကျားထက်ဆိုးမှာပဲ ၊ ကိုကျော်သူပြောတဲ့ အခွင့်အရေးသမား ခွက်ပုံးအနုပညာ သမားတွေက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ဦးစီးတော့မယ်လေ ဘယ်သူက ဥက္ကဋ္ဌလုပ်မယ် ဘယ်သူက အတွင်းရေးမှုးလုပ်မယ်ဆိုပြီး ရာထူးတွေတောင် ခွဲနေကြပြီ လုပ်လိုက်တဲ့အစည်းအဝေးကလည်း မနက်ဆိုရင် အိုရီရင်တယ်ဟောက်စ် ၊ အက်စ် အက်စ် ညနေဆိုရင် ခိုင်လီ ၊ အက်စ် အက်စ် နဲ့ အမြည်းကောင်းတဲ့ဆိုင်တွေ လုပ်နေကြတော့ ရှင်ကြီးကတော့ ရှင်ကြီးပါပဲ ၊ကိုကျော်သူက အချိန်မတန်သေးပဲ တကယ်လုပ်ခဲ့တာကိုး သူတို့ကတော့ အချိန်စောင့်ပြီး အန်တီစုလွတ်တဲ့အချိန် ကိုသူရလွတ်တဲ့အချိန်ကျမှ လုပ်ကြတာ ၊ သူတို့ပဲတော်တာလား ကိုကျော်သူပဲ ဆနှူစောတာလား ကျွန်တော်တို့လဲ ဝေခွဲမရပါ သူတို့မှာက စားကောင်း သောက်ကောင်း ရ သုံးလုံးကိုခိုင်က အားကိုးရတယ်လေ အားကိုးကောင်းတာ အခုတော့ မင်းသားမင်းသမီးတွေ အခွန်ရှောင်လို့မရတော့ဘူး လွှတ်တော်မှာ တရားဝင်ပြောပြီလေ ပြည်သူ့လွှတ်တော်မှာပြောတယ် အတည်ပြုတယ် ဆိုတာ အဲဒါမျိုးကို ခေါ်တယ်ဆိုတာ ကိုကျော်သူပြောတဲ့ ဆရာကြီးပုံစံ အခွင့်အရေးသမား ခွက်ပုံးအနုပညာသမားတွေ မသိဘူးလားမသိဘူး။ ရုပ်ရှင်အရေးတက်ကြွလှုပ်ရှားသူများဆိုပြီး ရုပ်ရှင် ဗီဒီယိုလောကသားများသို့ ပန်ကြားချက်ဖြန့်တဲ့စာမှာ ရုပ်ရှင်အစည်းအရုံးအား ဌာနဆိုင်ရာများမှ ချုပ်ကိုင်မှု မရှိသော 100% NGO အဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းရေး (ပြည်သူ့လွှတ်တော်မှာအတည်ပြုပြီး)လို့ဖော်ပြထားတာ ခွက်ပုံးတို့လက်ချက်ပဲ ပြည်သူ့လွှတ်တော်မှာတင်ပြချက် အမေးအဖြေတွေ ဆုံးဖြတ်ချက်တွေမှာ ဒီနေ့အထိ မတွေ့ရသေးဘူး။ ကိုကျော်သူကိုသာ ကိုယ့်ဂုဏ်မြှင့်ပြီး အခြားသူကိုသာ အပုတ်ချခဲ့တာမှုတ်ဘူး ရုပ်ရှင်အနုပညာသမားတွေကိုလည်း လိမ်တာ ဒီတော့ ကိုကျော်သူရေ ကျားထက်ဆိုးတဲ့ ရှင်ကြီးတွေ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ရောက်မလာဖို့ ဦးဆောင်ပေးပါ

  1. Golden Eye said... :

    ကိုကျော်သူရေ ခင်ဗျားပြောတဲ့ခွက်ပုံးက ထောက်လှမ်းရေး ခေတ်တုန်းကလည်း အနုပညာလောကရဲ့ ထောက်လှမ်းရေးသတင်းပေး ယောင်ယောင် လုပ်ခဲ့တော့ ခင်ဗျားဂျပန်မှာ မူးနေလို့ ထိန်းရတယ်ဆိုပြီး ဂုဏ်ဖော်ခဲ့တာပေါ့ သူမူးတာတော့ ဘယ်သိမလဲ ခွက်ပုံးကိုး ။ ခွက်တင်ပုံးတာမှုတ်ဘူး။ ဗျပ်လဲ ပုံးသေးတယ်၊ နောင်ကျရင် ရုပ်ရှင်အစည်းအရုံးမှာ ၀ိုင်းဖွဲ့ကြတာပေါ့၊ ဒါရိုက်တာလေးက ခင်ဗျားကိုမောင်းထုတ်တာ ခင်ဗျားက ယောက်ျားကြီးဖြစ်နေတာကိုး သူက တက်သစ်စလေးမင်းသမီးတွေဆိုရင် သိပ်တင်ပေးတတ်တာ၊ သူတင်ပေးတဲ့တက်သစ်စဆိုရင် သူ့ဇာတ်ကားတွေမှာ အမြဲပါတယ်။ သိသာပါတယ်။ တစ်ချို့ဆိုရင် နှစ်ကြိမ်လောက်တောင်ဖျက်ရဘူးနေပြီ။ ရုပ်ရှင်လောကကို ဦးဆောင်မယ့် ရုပ်ရှင်အစည်းအရုံးမှာ လောင်းကစားနဲ့လူမှုအကျင့်သိက္ခာပျက်ပြားသူတွေ မပါဖို့ လိုအပ်ပါတယ်။ ရှင်ကြီးဆိုတာကတော့ ပုဂံခေတ်က အရည်းကြီးတွေဖြစ်လို့ ရှင်ကြီးတွေသာ နေရာရရင် ရုပ်ရှင်လောကနဲ့ အရည်းကြီးတွေ တွေ့ကြပြီပေါ့ ကိုကျော်သူရေ ကျားထက်ဆိုးတဲ့ ဖြစ်ရပ်တွေတွေ့ရအုံးမှာ၊ ဌာနဆိုင်ရာကို တိုက်ခိုက်ကြရုံနဲ့အထင်ကြီးစရာမဟုတ်တာကို အနုပညာသမားတွေ နားလည်ရမယ်။ ကိုကျော်သူ့ ဆောင်းပါးလေးကို ထောက်ခံပါတယ်။ ကိုကျော်သူ ဒီထက်ကောင်းတဲ့ဆောင်းပါးလေးတွေကို ထပ်ရေးပါအုံး

  1. အပေါ်မှာ ရေးထားတဲ့ comment တခု ဖတ်မိလို့ပါ။ကိုရဲနဲ့ ပေါင်းပြီး Living Color ဆိုင်ဖွင့်ပြီး စီးပွားရှာတာ အပြစ်မှမဟုတ်တာ။ ကိုယ့်စီးပွားကိုယ်လုပ်တာပဲ ။ကိုရဲ ကလဲ ထောက်လှမ်းရေးမဟုတ်သလို ဦးမောင် ကလဲ သူ့စီးပွားသူ လုပ်တာ။ ထောက်လှမ်းရေးနှိပ်စက်လို့ ဘ၀ ပျက်ခဲ့ရတဲ့ လူတွေ ဒုနဲ့ ဒေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved