ပုသိမ်မှာ ပိုက်ဆံရဖို့ ကွန်ကရစ်လမ်းခင်း

Monday, March 12, 2012


"လမ်းခင်းဖို့အတွက် စည်ပင်က ၂၅ ရာခိုင်နှုန်းပဲ ကျခံပြီး ရပ်ကွက်က ၇၅ ရာခိုင်နှုန်းကျခံရပါတယ်"

ပုသိမ်မြို့မှာ မလိုအပ်ဘဲ ရပ်ကွက်ဘက်လမ်းတွေကို ကွန်ကရစ်လမ်းတွေ ခင်းနေပါတယ်။

ရေ၀ပ်တတ်တဲ့လမ်းတွေ မြို့လယ်ခေါင်လမ်းတွေကို ကွန်ကရစ်လမ်းခင်းတာ အကြောင်းမဟုတ်ပေမယ့် ရပ်ကွက်ဘက်က မလိုအပ်တဲ့ လမ်းတွေကို ကွန်ကရစ်လမ်း ခင်းဖို့ ပိုက်ဆံ လိုက်လံကောက်ခံနေတာ အခြေခံ လူတန်းစားတွေအတွက် အလွန် ဒုက္ခရောက်နေပါတယ်။

လမ်းခင်းဖို့အတွက် စည်ပင်က ၂၅ ရာခိုင်နှုန်းပဲ ကျခံပြီး ရပ်ကွက်က ၇၅ ရာခိုင်နှုန်းကျခံရပါတယ်။ ပြီးတော့ ကိုယ့်လူနဲ့ကိုယ်ခင်းလို့မရဘဲ စည်ပင်က ခင်းခိုင်းတဲ့ ကန်ထရိုက်နဲ့ပဲ ခင်းနေရပါတယ်။

မြို့အင်္ဂါရပ်နဲ့ညီအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းတွေ လိုက်ခင်းနေတာဖြစ်ပေမယ့် အမှိုက်ကားကတော့ မြို့ထဲမြို့ပေါ် လမ်းတိုင်းကို တစ်ပတ်တစ်ခါ လာရင် ကံကောင်းပါ။

အခြား မည်သည့် လုပ်ငန်းမှ မယ်မယ်ရရ မလုပ်ဘဲ လမ်းပဲ ခင်းနေတာဟာ စည်ပင် တိုင်းညွှန်မှူးနဲ့ ရင်းနှီးတဲ့ ကန်ထရိုက်တာ ဦးကျင်ဆိုင် မှတဆင့် တိုင်းစည်ပင်ညွှန်မှူးက ကော်မရှင်တွေ မတရား ရနေတယ် လို့ အဲဒီ စည်ပင် ညွှန်မှူးနဲ့ ရင်းနှီးတဲ့ မြို့ပေါ် က မြို့ခံလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီကရတဲ့ ပိုက်ဆံတွေနဲ့ အဲဒီ ညွှန်မှူးဆိုသူဟာ ညတိုင်းလိုလို KTV, မာဆက်မှာ အပေါင်းအသင်းတွေနဲ့ ပျော်မြူးနေကျပါ။

လမ်းတွေ ကွန်ကရစ်လမ်းခင်း လမ်းစုံလမ်းခွတွေမှာ ပန်းတွေစိုက် စတီးလက်ရမ်းတွေ တပ်ပြီး ဟန်ပြလုပ်ကိုင်နေပေမယ့် မြို့အင်္ဂါရပ်နဲ့တကယ်ညီညွတ်သာယာလှပဖို့ အမှိုက်သိမ်းစနစ်တောင် ကောင်းကောင်း အကောင်အထည် မဖော်နိုင်သေးပါဘူး။

ရပ်ကွက်ဘက်တွေ လမ်းကြားတွေ နဲ့ ကမ်းနားလမ်းတလျှောက် (ငွေဆောင်ဇက်ဆိပ်နားတ၀ိုက်) မှာ စွန့်ပစ်အမှိုက်တွေဟာ ကွန်ကရစ်လမ်းတွေ တဖြူးဖြူးဖြစ်နေတဲ့ ပုသိမ်မြို့အင်္ဂါရပ်နဲ့ မလိုက်ဖက်လှပါဘူး။

လူကြီးအမြင်ကောင်းအောင် လမ်းမကြီးတလျှောက် မြို့ထဲမြို့လယ်မှာ ဟန်ပြတွေလုပ်နေပေမယ့် ရပ်ကွက်ဖက်တွေမှာတော့ ခြံစည်းရိုးခတ် အိမ်ဆောက် အိမ်ပြင်တာတွေရှာပြီး ပိုက်ဆံတောင်းတာက လွဲလို့ စည်ပင်က ဘာအလုပ်တစ်ခုမှ လုပ်ဆောင်ခြင်း မရှိပါဘူး။

ပိုက်ဆံရမယ့် ကွန်ကရစ်လမ်းခင်းတဲ့အလုပ်တစ်ခုပဲ စိတ်ဝင်စားနေတဲ့ ညွှန်မှူးကို မြို့တော်အင်္ဂါရပ်နဲ့အညီ သာယာလှပဖို့ စည်ပင်အနေနဲ့ လုပ်စရာအလုပ်တွေအများကြီး ရှိတယ်ဆိုတာ ညွှန်မှူး အပါအ၀င် အထက်လူကြီးတွေ သိရှိဖို့ ပုသိမ်မြို့ခံတွေကပြောကြားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved