လားရှိုးရောက် ဒေါ်အောင်ဆန်းစုကြည်

Sunday, March 18, 2012

NLD ရဲ့ မှတ်တမ်းဓာတ်ပုံတွေပါ။

ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြို့ကို မနေ့က ရောက်ရှိသွားပြီး မဲဆွယ်ဟောပြောပါတယ်။

လားရှိုးဟာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင်ရဲ့ မဲဆန္ဒနယ်မြေပါ။

သူဝင်ပြိုင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ မှာ အကျုံးဝင်တဲ့ ဒေသများကတော့ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံ မြို့တွေ ဖြစ်ပါတယ်။

သူ့နဲ့ပြိုင်ဖို့ ကြံ့ခိုင်ရေးပါတီက ရွေးထားတဲ့ ကိုယ်စားလှယ်လောင်းက ဒေါက်တာနန်းကိန်ဖောင်းတစ် လို့ သိရပါတယ်။

ဒီနယ်ဟာ ကြံ့ခိုင်ရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်း (
ယခု ဒုသမ္မတ) နိုင်ခဲ့တဲ့ နေရာပါ။ သူက လွှတ်တော်ထဲရောက်ပြီး ဒုသမ္မတ ဖြစ်သွားတဲ့အတွက် ဒီနယ်မြေဟာ လွှတ်တော်ကိုယ်စားလှယ်လှစ်လပ်တဲ့နယ်မြေ ဖြစ်နေပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင်ကတော့ NLD ရဲ့ ရှမ်းပြည်နယ်ခေါင်းဆောင်တဦးပါ။ အပျော်တမ်းလုပ်သလို ဖြစ်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက ဒီဒေသကမဲဆန္ဒရှင်တွေအများအပြား သူ့ကို မဲပေးခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲအပြီး နှစ် ၂၀ အတွင်းမှာတော့ ရှေ့နေ စိုင်းမြင့်မောင်ဟာ၊ တခြား အရွေးခံရသူတွေလိုပါပဲ၊ လွှတ်တော်ထဲ မရောက်ဘဲ အစိုးရဧည့်ဂေဟာကိုပဲ ရောက်ရောက်သွားပါတယ်။

လာမယ့် ၁ ရက်နေ့ မဲပေးကြပြီးရင်တော့ မဲအများဆုံးရသူဟာ စိုင်းမြင့်မောင် ဖြစ်မလား၊ ကြံ့ခိုင်ရေးက ဒေါက်တာ ဖြစ်မလား၊ နာမည်ကျော်ကျားဖြူပါတီက ကိုယ်စားလှယ်ကပဲ မဲအများဆုံးရမလား ဆိုတာ သေချာပေါက် သိရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လားရှိုးခရီးစဉ်အကြောင်း ပြန်ဆက်ရရင် - Yangon Press International သတင်းဌာနရဲ့ Facebook www.facebook.com/ygnpress မှာတော့ အခုလို ရေးထားတာ တွေ့ရပါတယ် -

"ယမန်နေ့ က လားရှိုးမြို့ ရန်တိုင်းအောင်ကွင်း၌ လူထုဟောပြောပွဲ ကျင်းပပြီးနောက် ယနေ့နံနက်၈ နာရီတွင် သိန္နီမြို့ရှိ ဘုန်းတော်ကြီး တကျောင်းသို့ သွားရောက်မည်ဖြစ်ကာ ယင်းနောက် လားရှိုးမြို့သို့ ပြန်လာမည် ဖြစ်သည်။ လားရှိုးမြို့သို့ ပြန်လာသည့်နောက် လားရှိုး တက္ကသိုလ် ကျောင်းသားများနှင့် တွေ့ဆုံရန်ရှိသည်ဟု သိရသည်"










1 comments :

  1. Anonymous said... :

    oh..Amay Su...Do...Amay Su...
    Cheers....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved