အမျိုးသမီး နှင့် ကာယဗလ

Sunday, March 4, 2012


ဓာတ်ပုံ - Reuters

တင်ဆက်သူ— နိုင်ဦး—119
Email—-intensemuscle@gmail.com
http://myanmarfitness.com/ladies

ယနေ့ကမ္ဘာပေါ်တွင်ကာယဗလ နှင့် ကြံ့ခိုင်မှုမဂ္ဂဇင်းများ လစဉ်ရာ နှင့်ချီပြီး ထွက်ရှိနေကြသည်။ ထိုစာအုပ်များ အားလုံးတွင်တော့ မည်သည့်ကြွက်သား အစိတ်အပိုင်းကို မည်ကဲ့သို့ လေ့ကျင့်ရမည်ကို နည်းစနစ် ရာပေါင်းများစွာဖြင့် တင်ပြကြသော်လည်း ကျန်းမာကြံ့ခိုင်လိုသော အမျိုးသမီးများအတွက်ကား မှန်ကန် တိကျသော အင်ဖော်မေးရှင်း အစစ်အမှန်များကား ရှားပါးနေဆဲဖြစ်သည်။

အမျိုးသမီးကြံ့ခိုင်မှုမဂ္ဂဇင်းများလည်း ပေါ်ထွက်နေသော်လည်း ထို မှန်ကန်သော အင်ဖော်မေးရှင်းပေးနိုင်သည့် မဂ္ဂဇင်းများ နှင့် မြန်မာအမျိုးသမီးများကား မည်သို့ မျှ မနီးစပ်နိုင်ကြသေးပေ။ ထို့ ကြောင့် အမျိုးသမီးအများစုသည် သာမန်သင်တန်းခန်းမများတွင် လေ့ကျင့်ကြကာ မိမိတို့ ရည်မှန်းချက်ပြည့်ဝအောင် လေ့ကျင့်ရမည့် နည်းလမ်းများကိုမူ တိတိကျကျ ရှာမတွေ့ နိုင်ကြသေးပဲ လုံးလည်ချာလည် လိုက်နေရပေတော့သည်။

ယခုကျွန်တော့်အနေနှင့် အမျိုးသမီးလေ့ကျင့်နည်းစနစ်များ၊ ထားရှ်ိရမည့် ရည်မှန်းချက်များ နှင့် နားလည်မှုလွဲနေသော ယုံတမ်းစကားများအကြောင်းကို အနည်းငယ် ရှင်းလင်း တင်ပြထားပါသည်။ အမျိုးသမီးများ နှင့် ပါတ်သက်ပြီး တတ်နိုင်သလောက် ပိုမိုကာအကြံပြုပြီး အဆက်မပြတ် ဆောင်းပါးများ၊ စာအုပ်များကို တင်ဆက်လိုသည့်အာသီသလည်း ထားရှိပါသည်။ တစ်နေ့ နေ့ တော့ဖြစ်လာမည်ဟု ယုံကြည်ပါသည်။

ကျွန်တော်ရေးသော ဤဆောင်းပါးလေးကတော့ အမျိုးသမီးနည်းပြများ နှင့် အမျိုးသမီးအားကစားသမားများအတွက် အနည်းငယ်သော အင်ဖော်မေးရှင်းပေးနိုင်ပြီး အကျိုးပြုမည်ဆိုပါက ကျေနပ်ပါပြီ။

အမျိုးသမီးများ နှင့်ပါတ်သက်ပြီး လေ့ကျင့်နည်းပရိုဂရမ်တစ်ခုမရေးဆွဲမှီ အလျင်-

1-အမျိုးသမီးများ၏ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်အကြောင်းကို အလျင်လေ့လာသင့်သည်။
2-အမျိုးသမီးများအတွက် ကာယလေ့ကျင့်ခန်းများသည်မည်မျှအရေးပါပုံကို ရှင်းလင်း တင်ပြသင့်သည်။
3-အမျိုးသမီးများ နှင့်ပါတ်သက်သော လေ့ကျင့်နည်းစနစ်များအကြောင်းကို သိရမည်။
4-မိမိတပည့်အမျိုးသမီး၏စိတ်ဓါတ် နှင့်ခံယူချက်၊ ကျန်းမာရေးအခြေအနေ နှင့်၊ ကြိုးစားနိုင်စွမ်းရှိမှု့ 

အပေါ် မူတည်ပြီး လေ့ကျင့်နည်းပရိုဂရမ်ကို သင့်လျော်အောင် ရေးဆွဲပေးတတ်ရမည်။

1-အမျိုးသမီးများ၏ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်အကြောင်းကို စပြောရလျင်-အမျိုးသမီးများ၏ ကိုယ်တွင်း အဆီသိုလှောင်နိုင်စွမ်းမြင့်မားမှုကို သတိပြုရမည်။ အမျိုးသမီးများသည် ဗီဇအားဖြင့် အမျိုးသားများ နှင့် စာလျင် အဆီကို ကိုယ်တွင်းတွင် ပိုမိုသိုလှောင်တတ်ကြသည်မှာလည်းကောင်းတို့ ၏ မဗီဇလိင်ဟိုမုန်း အီစထရိုဂျင်ကြောင့်ဖြစ်သည်။ အမျိုးသားရောအမျိုးသမီးပါ ကိုယ်တွင်းမှ အီစထရိုဂျင် ထုတ်လွှတ်တတ်ကြသော်လည်းအမျိုးသားများတွင်မူ အလွန် နည်းပါးတတ်သည်။ အများအားဖြင့်အမျိုးသမီးများတွင်အဆီစတက်လာသည်ဆိုပါက ခန္ဓာကိုယ်အောက်ပိုင်းတွင်သာ အများဆုံး စတင်သိုလှောင်တတ်သည်။

ဒုတိယအရေးပါသောအချက်တစ်ချက်ကအမျိုးသမီးများ၏ ကိုယ်တွင်းမှ တက်စတိုစတီရုန်းထုတ်လွှတ်မှုနည်းပါးတတ်သည်။ တက်စတိုစတီရုန်းသည် အမျိုးသားလိင်ဟိုမုန်းဖြစ်ပြီး၊ ထိုဟိုမုန်းသည်ကြွက်သားထု တက်စေရန်များစွာအထောက်အကူပြုသည်။ တက်စတိုစတီရုန်း၏ နောက်ထပ်အရေးပါသော အချက်တစ်ချက်က ထိုဟိုမုန်းများလေလေ ကြွက်သားမျှင်များလာလေလေဖြစ်ပြီး၊ ထိုကြွက်သားမျှင်များကအဆီကို အဓိကလောင်ကျွမ်းစေသောအဆီဖြိုချသည့် စွမ်းအင် အရင်းအမြစ်ဖြစ်သည်။

ထို့ ထက်ပိုပြီးအရေးပါသည့် အချက်တစ်ချက်က ကိုယ်တွင်းကြွက်သားထုထည်သည် ကိုယ်တွင်းဇီဝဖြစ်စဉ်ပေါ်သို့  တိုက်ရိုက် သက်ရောက်မှုရှ်ိသည်။ ကိုယ်တွင်းကြွက်သားထုထည်များလေလေ အဆီလောင်ကျွမ်းမှုများလေလေဖြစ်သည်။

ဓာတ်ပုံ - www.lesfemmesdemesreves3.blogspot.com

အမျိုးသမီးများ၏ ကိုယ်တွင်းဇီဝဖြစ်စဉ်များသည်လစဉ်ရာသီဓမ္မတာစက်ဝန်းအတွင်းတွင်ပြောင်းလဲမှုများ ဖြစ်ပေါ်တတ်သည်။ ထိုအချက်ကိုသတိမထားဘဲ နည်းပြများကမိမိတို့ ၏တပည့်များကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းများပြုလုပ်စေမိပါက မူးဝေအော့အန်ခြင်း၊ ကြွက်တတ်ခြင်း၊ အအေးမိတုပ်ကွေး နှင့်ဖျားနာခြင်းများ နှင့်စိတ်ကျခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုကြောင့်ထိုအချိန်များတွင် လေ့ကျင့်ခန်းများကို လျော့ချစေခြင်း၊ ပြင်းအား အင်တန်စစ်တီး လျော့ချပေးခြင်းများ ပြုလုပ်စေသင့်ပါသည်။ ထို့ အပြင် ရေ များများသောက်စေခြင်း၊ အိပ်ရေး၀၀ အိပ်စေခြင်း စသည့်အချက်များကိုလည်း ဂရုပြုစေရန် တိုက်တွန်းသင့်ပါသည်။

အမျိုးသမီးများသည်ကိုယ်ဝန်ဆောင်စဉ်တွင် ကိုယ်တွင်းဇီဝဖြစ်စဉ်များ ပြောင်းလဲတတ်သည်။ အထူးသဖြင့် ထိုအချိန်တွင်ခန္ဓာကိုယ်တွင်းမှ progesterone ဟူသော ဟိုမုန်းများ အလွန်အကျူး ထွက်ရှိပြီး အစား စားလိုစိတ်များ တိုးပွားလာပြီး မကြာခဏ ဗိုက်ဆာနေတတ်သည်။ ထိုအချက်သည် ကိုယ်အလေးချိန် တက်လာစေသည့် အဓိကအချက်ဖြစ်သည်။ ထို့ အပြင် သိုင်းရွိုက်ဟိုမုန်း၏ စွမ်းဆောင်ရည် ကျဆင်းသွားပြီး ကိုယ်တွင်းဇီဝဖြစ်စဉ် နှေးကွေးသွားတတ်သည်။ မီးဖွားပြီးသော်လည်း ကိုယ်တွင်းဇီဝဖြစ်စဉ်က နှေးကွေး မြဲနှေးကွေးနေခြင်းကြောင့် အမျိုးသမီးအများစုသည် ထိုအချိန်တွင် ကိုယ်ခန္ဓာ ပုံပျက်လွယ်ခြင်းဖြစ်သည်။

2-အမျိုးသမီးများအတွက် ကာယလေ့ကျင့်ခန်းများ၏ အရေးပါပုံကို ရှင်းပြရမည်ဆိုပါက၊ အမျိုးသမီးများသည် အလေးဖြင့် မဖြစ်မနေ လေ့ကျင့်သင့်သည့် အဓိက အကြောင်းအရင်းက အလေးဖြင့်လေ့ကျင့်ပါက ကြွက်သားထု တက်စေခြင်းကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်တွင်းတွင်ကြွက်သားစစ်စစ်များလာလေလေ

ကိုယ်တွင်းဇီဝဖြစ်စဉ် မြန်လာလေလေပင်ဖြစ်သည်။ ကိုယ်တွင်းဇီဝဖြစ်စဉ်မြန်လေလေ အဆီလောင်ကျွမ်းမှုနှုန်းများလေလေပင်ဖြစ်သည်။ သုတေသီများက ကိုယ်တွင်းတွင်ကြွက်သားထု တစ်ပေါင်တက်လာပါက ပျမ်းမျှအနေနှင့် မလိုအပ်သောအပိုကယ်လိုရီ30-မှ 50အထိ လောင်ကျွမ်းစေနိုင်ကြောင်းကို တင်ပြကြပါသည်။ ထိုပမာဏသည်မများပြားသော်လည်း တစ်နှစ်ကြာလျင် အဆီသုံးပေါင်မှငါးပေါင်အတွင်း ကျစေနိုင်သည်။ ဤသည်ကကြွက်သားစစ်စစ် တစ်ပေါင်တက်လာခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ အကယ်၍သာ ငါးပေါင်လောက်တက်လာပါက မည်မျှအကျိုးရှိမည်နည်း။

အမျိုးသမီးအများစုကအလေးများဖြင့်လေ့ကျင့်ရမည်ကို ကြောက်ရွံ့ သည့် အခြေခံအကြောင်းအရင်းမှာ ၎င်းတို့ ၏ ကိုယ်ခန္ဓာသည် အမျိုးသားများကဲ့သို့  ကြွက်သားများ ထွက်လာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။ အဲဒါမှားပါသည်။ ကြွက်သားထုတက်စေသော တက်စတိုစတီရုန်းသည် အမျိုးသမီးများတွင် အမျိုးသားများထက် အလွန် နည်းပါးပါသည်။ အကယ်၍စတီးရွိုက် နှင့်အခြားသော ဟိုမုန်းဆေးများအသုံးမပြုသူ ဆိုပါက အမျိုးသားများကဲ့သို့ ကြွက်သားများထွက်လာမည်ကို စိုးရိမ်စရာလုံးဝမလိုပါ။ တဖြည်းဖြည်းခြင်းသာ ကြွက်သားထု တက်လာပြီး၊ အဆီ ကျသွားမည်ဖြစ်သည်။

နောက်ထပ် အင်မတန် အရေးကြီးသောအချက်တစ်ချက်မှာအမျိုးသမီးများသည်ရာသီလာပြီးတိုင်း အရိုးသိပ်သည်းမှုများလျော့နည်းသွားပြီးအရိုးများကျိုးလွယ်ခြင်း၊ ကြွပ်ဆတ်ခြင်းများ ဖြစ်တတ်သည်။ မြောက်များစွာသော လေ့လာတွေ့ ရှိချက်များက သင့်လျော်သောအလေးများဖြင့် လေ့ကျင့်ခန်းများပြုလုပ်သော အမျိုးသမီးများသည် အရိုးပွခြင်း၊ ကြွပ်ဆတ်ခြင်းများကို သာမန် အမျိုးသမီးများထက် ပို၍ ကာကွယ်ပေးနိုင်ကြောင်းကို တင်ပြထားကြပါသည်။ ဤအချက်တစ်ချက်တည်းဖြင့်ပင်အမျိုးသမီးများ အလေးဖြင့်လေ့ကျင့်ရန် လုံလောက်ပါသည်။

3-အမျိုးသမီးများ နှင့်ပါတ်သက်သောလေ့ကျင့်နည်းစနစ်များအကြောင်းကို မစတင်မှီ အလျင် နည်းပြများသည် မိမိ၏သင်တန်းသူတပည့်မများ၏ သက်ဆိုင်ရာ ရည်မှန်းချက်များကို သတိပြုရမည်ဖြစ်သည်။

သူမသည် အဆီချလိုသည်လား၊ ကိုယ်ခန္ဓာ အနည်းငယ်ထွားကျိုင်း အချိုးအစား လှပလိုသည်လား၊ လက် ရှိခန္ဓာကိုယ်ကို ထိန်းထားလိုသည်လား စသည်ဖြင့် သိအောင် ဂရုစိုက်ရမည်။ သို့ မှသာသက်ဆိုင်ရာပရိုဂရမ် ရေးပေးနိုင်မည်ဖြစ်သည်။
ကျွန်တော့်အမြင်ကတော့အမျိုးသမီးများသည် ခန္ဓာကိုယ်တည်ဆောက်ပုံကို ကြိုးစားပြုပြင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင် ကြွက်သားထုထည်ထက် အဆီတစ်သျှူးများက သာမန်ထက် ပိုနေတတ်သည်။ နောက်တစ်ချက်က ကိုယ်တွင်းအဆီတစ်ပေါင်သည် ကိုယ်တွင်းကြွက်သားတစ်ပေါင်ထက် ခန္ဓာကိုယ်တွင်းတွင် ပို၍နေရာယူတတ်သည်ကို မမေ့သင့်ပါ။ ဒါကြောင့် ကိုယ်တွင်းမှ အဆီတစ်ပေါင်ကျပြီး၊ ကြွက်သားတစ်ပေါင်တက်လာလျင်ပင် ခန္ဓာကိုယ်အချိုးအဆစ် အတော်ပင် ပြောင်းလဲ လှပသွားနိုင်ပါသည်။

ထို့ ကြောင့် အမျိုးသမီးများအနေ နှင့် အလေးများဖြင့် လေ့ကျင့်ခြင်းသည် အဓိကအားဖြင့် အဆီများများကျစေရန်၊ ကြွက်သား အတင့်အသင့် တက်စေရန် နှင့်စုစုပေါင်းကိုယ်အလေးချိန် ကျစေရန်အတွက်သာ ရည်ရွယ်သင့်ပါသည်။ ကိုယ်အလေးချိန် သာမန်ရှိသော အမျိုးသမီးများသည် ခန္ဓာကိုယ် တင်းရင်းလှပစေရန်အတွက်လည်း အလေးများဖြင့်သာ လေ့ကျင့်သင့်ပါသည်။

4-အမျိုးသမီးများ နှင့်ပါတ်သက်ပြီးပရိုဂရမ်ရေးဆွဲပေးမည်ဆိုလျင် နည်းပြဆရာအနေ နှင့်ရည်မှန်းချက်ပေါ် မူတည်ပြီး၊ တစ်ပါတ်လျင်နှစ်ရက်မှလေးရက်အထိ လေ့ကျင့်ရက် သတ်မှတ်ပေးနိုင်ပါသည်။ ကျွန်တော့်အမြင်ပြောရလျင် အမျိုးသမီးများအတွက် လေ့ကျင့်ချိန်တစ်ချိန်လျင် ခန္ဓာကိုယ် တစ်ကိုယ်လုံးကို လည်ပါတ်အောင် ကစားသော( circuit whole-body training) သည် အသင့်လျော်ဆုံးဖြစ်သည်။

ကြွက်သားအုပ်စုတစ်ခုစီအတွက် နှစ်ကျော့မှသုံးကျော့စီသာ ကစားသင့်ပါသည်။ အလေး နှင့်အကြိမ်အရေအတွက်သည်ကား ရည်မှန်းချက်အပေါ်မူတည်ပြီး ကွဲပြားခြားနားသင့်ပါသည်။ အမျိုးသမီးများသည်အခြေခံလေ့ကျင့်ခန်းများဖြင့်သာ လေ့ကျင့်သင့်ပါသည်။ ကျွန်တော်နမူနာပရိုဂရမ်လေးတစ်ခု တင်ပြပေးလိုက်ပါသည်။

လေ့ကျင့်ခန်း အကြိမ် အကျော့

အိပ်ထမတင် 15-25 3

အလေးထမ်းခုံပေါ်တက် 10-15 2

45ဒီဂရီရင်အုပ်အပေါ်တွန်း 5-6 2

တန်းခို 5-6 2

မတ်တပ်ရပ်ဒမ်ဘယ်ဆုံတွန်း 5-6 2

မတ်တပ်ရပ်ကေဘယ်ကြိုးဖိချ 5-6 2

မတ်တပ်ရပ်ဒမ်ဘယ်ကွေး 5-6 2

အရေးကြီးသည်က ကိုယ်တွင်းအဆီပမာဏ အပြောင်းအလဲ ဖြစ်စေရန်လေ့ကျင့်ခန်း၊ ကာဒီရို နှင့်အာဟာရကိုသင့်တော်သလို ချိန်ညှိ လေ့ကျင့်သင့်ပါသည်။ ထိုအာဟာရ နှင့်ကာဒီရိုအကြောင်းကို နောက်ပိုင်းတွင် အကျယ်ရှင်းပြပါဦးမည်။ သိလိုသည်များကိုလည်း မေးမြန်းနိုင်ပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved