သမ္မတကြီးဖတ်သင့်တဲ့ ဆောင်းပါး

Friday, March 9, 2012

ပြောတော့ပြောတာပေါ့၊ ဒါပေမဲ့ မပြောဘူး
~ လူထုစိန်ဝင်း/Facebook ~


ဒီလှိုင်းမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးပါ။

မတ်လ ၁ရက်က လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော် သမ္မတရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး တချို့က ထူးခြားတဲ့ မိန့်ခွန်းလို့ သဘောထားကြပြီး၊ တစ်ချို့ကတော့ သမ္မတကြီးပြောခဲ့သမျှ မိန့်ခွန်းတွေထဲမှာ အားရစရာမရှိဆုံး မိန့်ခွန်းလို့ ရှုမြင်ကြကြောင်း တွေ့ရတယ်။

၂၄ကြိမ်တိတိ

ထူးခြားတဲ့မိန့်ခွန်းလို့ ယူဆသူများက တိုင်းပြည်ရဲ့ သမတတစ်ဦးအနေနဲ့ ပြည်သူများကို " မိဘပြည်သူများ" လို့ သုံးနှုံးပြောဆိုတာဟာ ထူးခြားချက် ဖြစ်တယ်လို့ ထောက်ပြတယ်။ နှစ်ပေါင်း ၅၀လုံးလုံး "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" လို့ ကြွေးကြော်လာခဲ့ကြရာက ပြည်သူများက မိဘဖြစ်တယ်လို့ ပထမဆုံးအကြိမ်ပြောကြားလိုက်တာကို သတိထားခဲ့မိတယ်။ ကိုယ်တိုင်က " အစိုးရက မိဘလား ၊ ပြည်သူက မိဘလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးတာကြောင့် ပိုပြီး သတိထားမိတာ ဖြစ်တယ်။ သမ္မတရဲ့ မိန့်ခွန်း တစ်ခုလုံးမှာ " မိဘပြည်သူများ " ဆိုတဲ့ အသုံးအနှုံး ၂၄ကြိမ်တိတိ ပါတယ်ဆိုတာကို ရေတွက်ကြည့်လို့ သိရတယ်။ ပြီးတော့ Rule of Law ဆိုတဲ့ စကားက ကိုးကြိမ်ပါပြီး ဗမာလို တရားဥပဒေစိုးမိုးရေး ဆိုတာက တစ်ကြိမ် စုစုပေါင်း တရားဥပဒေစိုးမိုးရေး စကား ၁၀ကြိမ်ပါတာလဲ မှတ်သားထားလိုက်တယ်။

ပြည်သူကို အစီရင်ခံစာတင်ပြ

ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင်တိုင်းဟာ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို တစ်နှစ်တစ်ကြိမ် လွှတ်တော်ရှေ့မှောက်မှာ လာရောက်ပြောကြားတဲ့ အစဉ်အလာရှိကြတယ်။ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သမျှတွေကို ပြည်သူသိရှိအောင် အစီရင်ခံတင်ပြတဲ့ သဘောဖြစ်တယ်။ ရှေ့တစ်နှစ်အတွက် လုပ်မယ့်အစီအစဉ်တွေလဲ ပြောကြတယ်။ အဓိကအားဖြင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ကိစတွေကို ဦးစားပေးပြောကြတယ်။ ဒါ့အပြင် လတ်တလော လူတိုင်းစိတ်ဝင်စားနေတဲ့ အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားကြတယ်။ အခွန်အတုတ်လျှော့ချရေး ကိစ္စ၊ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စ၊ အလုပ်လက်မဲ့နှုန်း လျှော့ချရေး ကိစ္စတဲ့ အချိန်အခါအလိုက် ရှေ့တန်းရောက်နေတဲ့ ကိစ္စမျိုးတွေဖြစ်တယ်။

နားဝင်ချိုတဲ့ မိန့်ခွန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာလဲ ဒီမိုကရေစီဖော်ဆောင်ရေး ကိစ္စ၊ စည်းလုံးညီညွတ်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စ၊ လစာတိုးပေးရေး ကိစ္စ္စ၊ ငါးထောင်တန်ဖုန်းကိစ္စ၊ စတုတ္ထမဏ္ဍိုင်ကိစ္စ စတဲ့ စတဲ့ ကိစ္စတွေ အားလုံးပါဝင်တာ တွေ့ရတယ်။ သတင်းသမားတစ်ယောက်အနေနဲ့ အခေါက်ခေါက် အခါခါ ဖတ်ပြီး သေသေချာချာ လေ့လာဆန်းစစ်ပါတယ်။ အပေါ်ယံကြည့်ရင်တော့ အင်မတန် နားဝင်ချိုတဲ့ မိန့်ခွန်းဖြစ်တယ်။ " မိုးပေါ်ထောင်မပစ်ဘူး၊ ထိအောင်ပစ်တယ်" ဆိုတဲ့ စကား " ပြည်ပအားကိုး ပုဆိန်ရိုးတွေကို အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းကြ" ဆိုတဲ့ စကားတွေနဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တယ်။ မိဘပြည်သူများဆိုတဲ့ စကားကို ၂၄ကြိမ်တိတိ ထပ်ခါတလဲလဲ သုံးစွဲပြောဆိုသွားတာကိုလဲ ၀မ်းသာအားရ ကြိုဆိုပါတယ်။

ကောက်ချက်ဆွဲလိုက်တော့

ဒါပေမယ့် မိန့်ခွန်းနားမထောင်လိုက်ရသူတွေ၊ မဖတ်လိုက်ရသူတွေက ဘာတွေ ထူးထူးခြားခြားပြောသွားလဲလို့ မေးတဲ့အခါကျတော့ ဘာပြန်ပြောရမှန်းမသိတော့ဘူး။ ပြောတာတွေကတော့ အစုံပဲ။ လက်ဆုပ်လက်ကိုင် ပြောစရာ၊ ပြစရာတော့ တစ်ခုမှမရှိဘူး။ ငြိမ်းချမ်းရေး ကိစ္စပြောသွားတယ်။ လောလောဆယ်တော့ မငြိမ်းချမ်းသေးဘူး။ လစာတိုးရေး ကိစ္စ ပြောသွားတယ်။ ဘယ်တော့ ဘယ်လိုလုပ်ပေးမယ်ဆိုတဲ့ ကတိက၀တ်ပြုသွားတာ မရှိဘူး။ ငါးထောင်တန် ဖုန်းကိစ္စ ထည့်ပြောတယ်။ ခွင့်ပြုမယ် မပြုဘူးဆိုတာတော့ ပြောမသွားဘူး။ ပြန်ပြီး ကောက်ချက်ချလိုက်တော့ သမ္မတကြီးက " အားလုံးတော့ ပြောသွားတယ်။ ဒါပေမယ့် တစ်ခုမှတော့ ပြောမသွားဘူး" လို့ပဲ ပြောရလိမ့်မယ်ထင်တယ်။ အကြောင်းအရာတွေတော့ စုံအောင်ပြောသွားပါတယ်။ ဘာတစ်ခုမှတော့ ရှင်းရှင်းလင်းလင်း မသိလိုက်ကြရဘူး။ ဒါကြောင့် " ပြောတော့ပြောတာပေါ့ ဒါပေမယ့် မပြောဘူး" လို့ပဲ ပြောချင်ပါတယ်။

စိတ်ဘ၀င်မကျ

နိုင်ငံတော်သမ္မတကြီး အရင်က ပြောခဲ့တဲ့ မိန့်ခွန်းတွေကို ၀မ်းသာအားရကြိုဆိုခဲ့ကြတာ တွေ့ရပေမယ့် ဒီတစ်ခါတော့ သိသာထင်ရှားတဲ့ ကြိုဆိုမှုမျိုး မတွေ့ရဘူး။ အားမလို အားမရဖြစ်ပြီး ဘာသိဘာသာ နေလိုက်ကြတာများတယ်။ လစာတိုးရေး ကိစ္စနဲ့ ငါးထောင်တန် ဖုန်းကိစ္စ မျှော်လင့်ချက်တွေ ပြည့်ဝတော့မယ်ထင်ပြီး မိန့်ခွန်းအစအဆုံး ဂရုစိုက်နားထောင်ခဲ့ပြီး အဆုံးသတ်ကျတော့မှ စိတ်ဘ၀င်မကျ ဖြစ်သွားတယ်။ လစာတိုးရေး ကိစ္စ ချက်ချင်းအကောင်အထည်ဖေါ်မပေးနိုင်တာကို လူတွေက နားလည်နိုင်ပေမယ့်၊ ငါးထောင်တန် ဖုန်းကိစ္စကိုတော့ ဘယ်လိုမှ နားမလည်နိုင်ကြပါဘူး။ စီးပွားရေးသမားကတောင် လုပ်ပေးနိုင်တယ် ဆိုတာကို အစိုးရက ဘာတွေစဉ်းစားပြီး ဘာတွေငဲ့ကွက်နေတာလဲလို့ တွေးရခက်ကြီး ဖြစ်နေကြတယ်။ မြန်မာပြည်ရဲ့ ပွဲဦးထွက်ဆယ်လူလာဖုန်းတုန်းက လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ဗောင်းတော့ညိတ်၊ စိတ်တော်သိ စီးပွားရေး သမားတွေ လက်ဝါးချင်းရိုက်ပြီး " ရိုက်စား ” လုပ်တာ ခံခဲ့ရဖူးတာကို ပြန်ပြီး အမှတ်ရနေကြတယ်။

ကုတ်သွေးစုပ်တာကာကွယ်

မတ်လ၆ရက်နေ့ ဂျာနယ်တစ်စောင်မှာ ဂျီအက်အမ်ဖုန်းကို နှစ်သိန်း၊ WCDMA ဖုန်းကို နှစ်သိန်းခွဲနဲ့ ရောင်းပေးမယ်လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ ဒီလိုဆိုတော့ အရင်က ဂျီအက်အမ်ဖုန်းကို ဆက်သွယ်ရေးက ၁၅သိန်းပေးဝယ်ရသူတွေ အရမ်းနစ်နာတာပေါ့။ ငါးထောင်နဲ့တောင် ရောင်းနိုင်တဲ့ ပစ္စည်းကို တစ်ဆယ့်ငါးသိန်းနဲ့ ရောင်းတယ်ဆိုတော့ မတရားအမြတ်တင်ထားတာဖြစ်တယ်။ ဈေးကွက်စီးပွားရေး ဆိုပေမဲ့ ပြည်သူလူထုအပေါ် ကြိုက်သလို ကုတ်သွေးစုတ်တာမျိုးကိုတော့ တားဆီးကာကွယ်မှု ရှိရပါမယ်။ သုံးသူတွေက သူတို့ရဲ့ နစ်နာမှုများအတွက် အရေးဆို၊ တရားစွဲနိုင်တဲ့ ဥပဒေများ ပြဋ္ဌာန်းသတ်မှတ်ပေးသင့်တယ်။

လူလတ်တန်းစား နိုင်ငံ

အာဏာရှင်စနစ်တွေမှာ အာဏာလက်ကိုင်ရှိသူတွေနဲ့ သူတို့ရဲ့ အလိုတော်ရိ စီးပွါးရေးသမားတွေက တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ဘိုးဘွားပိုင်လို သဘောထားပြီး ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လေ့ရှိတယ်။ ကမ္ဘာပေါ်က ဘယ်လို အာဏာရှင်နိုင်ငံမှာမဆို တိုင်းပြည်ရဲ့စီးပွားချမ်းသာ ၇၅ရာခိုင်နှုန်းလောက်က ၁၀ရာခိုင်နှုန်းလောက်သာရှိတဲ့ ထိပ်ပိုင်းရေပေါ်စီ လူတန်းစားတွေလက်ထဲမှာ ရှိနေပြီး၊ ၉၀ ရာခိုင်နှုန်းရှိတဲ့ ပြည်သူတွေအားလုံးကတော့ လက်ကျန်၂၅ရာခိုင်နှုန်းကိုသာ မျှဝေသုံးစွဲနေရတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ သမိုင်းအစဉ်အလာအားဖြင့် အလွန်အကျွံ ချမ်းသာသူမျိုးတွေ မရှိသလို၊ အလွန်အကျွံဆင်းရဲသူလဲ မရှိခဲ့ပါဘူး။ လူလတ်တန်းစား နိုင်ငံတစ်ခုသာဖြစ်ခဲ့တယ်။

လက်ညှိုးညွှန်ရာ ရေဖြစ်

၁၉၆၂ ခုနှစ်နောက်ပိုင်းကစပြီး လူလတ်တန်းစား တဖြေးဖြေးပျောက်ကွယ်ခဲ့ပြီး အခုချိန်မှာတော့ လူလတ်တန်းစားလွှာ တစ်ခုလုံး ကွယ်ပျောက်သွားပြီလို့တောင် ဆိုနိုင်တယ်။ ဆင်းရဲချမ်းသာကွာဟချက် ကြီးမားလွန်းခြင်းဟာ အန္တရာယ်မျိုးစုံကို ဖိတ်ခေါ်သလို ဖြစ်တယ်ဆိုတာ လူတိုင်းသိနေကြတာပဲ။ ဒီကွာဟချက်ရဲ့ အရင်းအမြစ်ဟာ တရားဥပဒေ စိုးမိုးရေး လုံးဝမရှိခြင်းဖြစ်တယ်။ တရားဥပဒေက ပြည်သူလူထု ၉၀ရာခိုင်နှုန်းအပေါ်မှာသာ သက်ရောက်ပြီး ကျန် ၁၀ရာခိုင်နှုန်းကတော့ တရားဥပဒေရဲ့ ပြင်ပမှာ ရှိနေကြတယ်။ သူတို့ ဘာလုပ်လုပ် တရားဥပဒေက လက်လှမ်းမမှီဘူး။ အရေးမယူနိုင်ဘူး။ သူတို့ကလဲ " ရှက်စိတ်ဆိုတာ လုံးလုံးနားမလည်သူတွေဖြစ်တော့ ကြာလေ အတင့်ရဲလေဖြစ်ပြီး နောက်ဆုံးမှာ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆိုတာမျိုးတွေ ဖြစ်ကုန်ကြတယ်။

လေမဟုတ် အလုပ်နဲ့ပြ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ မြန်မာလိုတစ်ကြိမ် အင်္ဂလိပ်လို ၉ကြိမ် စုစုပေါင်း ၁၀ကြိမ်တိတိ တရားဥပဒေစိုးမိုးရေး ( Rule of Law ) ဆိုတာ ပြောသွားခဲ့တယ်။ ယေဘုယျ သဘောပဲရှိပြီး လက်တွေ့ဘယ်လိုလုပ်နေကြတယ်ဆိုတာတွေတော့ ရှင်းလင်းပြောကြားသွားတာ မတွေ့ရဘူး။ ဥပဒေဆိုတာ ပြဋ္ဌာန်းထားတဲ့ စာအုပ်ထဲမှာရှိရုံနဲ့ ပြီးတာမဟုတ်ပါဘူး။ လက်တွေ့လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးရေးသာ မှန်မှန်ကန်ကန် တိတိကျကျ ပြည့်ပြည့်၀၀ ခံစားကြရမယ်ဆိုရင် နိုင်ငံသားတိုင်းက အစိုးရကို မထောက်ခံပဲ မနေပါဘူး။ ရှေးပဒေသရာဇ် ရှင်ဘုရင်များကိုတောင် တရားနဲ့အညီအုပ်စိုးတဲ့ မင်းများကို မင်းကောင်းမင်းမြတ်များအဖြစ် ရာဇ၀င်မှာ စာတင်ခဲ့ကြပါတယ်။ တရားဥပဒေစိုးမိုးရေးကိုသာ လေမဟုတ် အလုပ်နဲ့ပြပါလို့ သမတကြီး ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါရစေ။

စ။

1 comments :

  1. LuDu said... :

    very good

    pl also write something about 'corruption and fraud and tax evasion and etc ' ......

    to crackdown those effectively and to annoounce from radio and newspapers of crackdown actions and arrests news.

    pl write more about that .....thanks

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved