ရုပ်ဆိုးလာတဲ့သင်္ကြန်

Wednesday, April 11, 2012

ကြည်ပြာမေ

သင်္ကြန်မှာ ပေါင်ဒါမှုန့်နဲ့ လိုက်လိမ်းကြတာမျိုးကို ထိုင်းမှာ တားမြစ်လာပါပြီ (ဓာတ်ပုံ - ကြည်ပြာမေ/မိုးမခ)

သင်္ကြန်ရောက်တော့မယ်။ ၂ ရက်ပဲ လိုတော့တယ်။ သင်္ကြန်ပွဲ နွှဲဖို့ လူတွေ အဆင်သင့် ဖြစ်နေကြပြီ။ သင်္ကြန်တွင်း အစီအစဉ်တွေလည်း စီမံကိန်းချပြီးကြတဲ့ လူတွေလည်း အများကြီးရှိနေမှာ။ ဘယ်သွားမလဲ၊ ဘာလုပ်မလဲ၊ ဘာစားမလဲ၊ ဘာကျွေးမလဲ စတာတွေပေါ့။

သင်္ကြန်နဲ့ ပတ်သက်တာတွေကတော့ သင်္ကြန် မဏ္ဍပ်၊ သင်္ကြန်အက၊ သင်္ကြန်သီချင်း၊ သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ တရားစခန်း၊ ခရီးထွက် စသဖြင့်တို့အတွက် ပြောကြ ဆိုကြ နိုးဆော်နေကြပါပြီ။
သင်္ကြန်က ယဉ်ကျေးမှုအရ အစဉ်အလာကြီးတဲ့ ပွဲတော်တခုဖြစ်သလို လူငယ်တွေ အကြီးကျယ်ဆုံး ပျော်ရွှင်ကြတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။

သင်္ကြန်မှာ ကြည်နူးပျော်ရွှင်စရာတွေ ပြည့်နေသလို ရန်ပွဲ၊ မတော်တဆ ဖြစ်မှု သေကြေဒဏ်ရာရမှု တွေကတော့ သင်္ကြန်ကို ရုပ်ဆိုးစေတဲ့ဟာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေက သင်္ကြန် မတိုင်ခင်မှာ လူပြောမများပေမဲ့ သင်္ကြန်အပြီးမှာတော့ အပြောများတဲ့ ကိစ္စဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ သင်္ကြန်မတိုင်ခင်မှာလည် ထည့်ပြော ထည့်စဉ်းစားကြဖို့ပါပဲ။

ကျီစယ်တာလို့ ဆင်ခြေ မပေးနဲ့
ကြမ်းကြမ်းတမ်းတမ်း ရေကစားမှုကြောင့် ပျော်ပွဲဆင်သူတွေ မပျော်ဘဲ ဒေါသထွက်တဲ့ပွဲ၊ ဒုက္ခရောက်တဲ့ပွဲ ဖြစ်ကြပါတယ်။ တပါးသူ အပူငြိမ်းဖို့၊ ရေစိုစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြင်နာမှု ချစ်ခင်မှုနဲ့ ရေလောင်း ရေပက်တာ မဟုတ်ဘဲ တပါးသူ နာကျင်စေဖို့၊ ခံရခက်စေဖို့ ရည်ရွယ်ချက်နဲ့ ပက်တာတွေ တွေ့ကြမှာပါ။
ပုဂံခေတ်ကတည်းက ခပ်ကြမ်းကြမ်းပက်တဲ့နည်းနဲ့ တပါးသူကို ကျီစယ်ခဲ့တာပဲ မဟုတ်လားလို့ သမိုင်းကြောင်းထောက်ပြ စောဒက တက်နိုင်ပါတယ်။ အဲဒါတွေက ဘုရင်နဲ့ မိဘုရားကြား ရင်းနှီးလို့ ကျီစယ်တာပါ။

မနှစ်က သင်္ကြန်ကာလ နယ်မြို့တမြို့ရောက်တော့ အမြင်မတော်တဲ့ ရေပက်နည်းတွေကို ထိတ်လန့်စရာ ကြုံရပါတယ်။

မျက်နှာ တည့်တည့် ပက်တယ်။ ရေအားပြင်းတဲ့ပိုက်နဲ့ နာအောင် ပက်တယ် ထိုးတယ်။ ပိုးသတ်ဆေးဖြန်းပိုက်နဲပက်တယ် ပိုနာတယ်၊ ခွက်နဲ့ဆို အရှိန်ပြင်းပြင်း ပက်တယ်၊ ခွက်စောင်းခုတ်တယ်လို့ ဆိုကြတယ်၊ မျက်နှာ ထိရင် စပ်ထွက်သွားတယ်၊ ပုံးကြီးတွေနဲ့ ပက်တယ် အရှိန်နဲ့ပက်တယ်၊ တချို့ ဆိုင်ကယ်တွေ စက်ဘီးတွေ လဲသွားတဲ့အထိ ရည်ရွယ်ချက်ရှိရှိ ပက်တယ်၊ အဲဒီ ပက်အားဟာ ကားနဲ့လိုက်တဲ့သူတွေတောင် ကားအောက် လွှင့်ကျမတတ် အရှိန်ပြင်းပါတယ်၊ ဗိုက်ထဲက ကလီစာတွေ နေရာရွေ့သွား တယ်လို့ ခံစားရ လောက်အောင် အရှိန်နဲ့ ပက်ပါတယ်။ ကားလာတဲ့အရှိန်နဲ့ ရေပက်တဲ့အရှိန် ပေါင်းမိလို့ အရှိန်ပြင်းသွားတယ် ဆိုရင် နားလည်လို့ ရ ပါသေးတယ်၊ အခုဟာက အဲဒီလို မဟုတ်၊ ကားရပ်နေရင်းနဲ့ ကားပေါ်က လူတွေကို အညှိးတကြီး ပုံစံနဲ့ အရှိန်ပြင်းပြင်း ပက်တာပါ။ နာလို့ အော်ရင် သူတို့ ပျော်ကြပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြင်ရလေ့ရှိတဲ့ ရေပက်နည်း (ဓာတ်ပုံ - ကြည်ပြာမေ/မိုးမခ)


ဒေါသ နဲ့ ပျော်ရွှင်မှု
ရန်ကုန်သင်္ကြန်တော့ မသိပါ၊ နယ်တွေမှာ ဖြစ်နေတာက ကလေးတွေ နဲ့ လူကြီးတချို့က ရေပက်ရင် မျက်နှာတည့်တည့် ဦးစားပေး ပက်ကြပါတယ်။ ဒီနေရာမှာ အထူးပြောချင်တာက လူကြီးတွေကိုပါ။ ကလေးတွေရဲ့ အဲဒီလိုမျိုး မသင့်လျော်တဲ့ ရေပက်နည်းတွေကို တားမြစ်ဖို့ သွန်သင်ဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။ အခုတော့ မတားကြတဲ့အပြင် သူတို့ကိုယ်တိုင် အဲဒီလိုမျိုး မစဉ်းစား မဆင်ချင် ရေပက်တာကြောင့် ဆိုင်ကယ်မောင်း စက်ဘီးနှင်းတဲ့ လူတွေ မတော်တဆ လဲကြ၊ မှောက်တတ်ကြပါတယ်။ ရလဒ်ကတော့ နည်းနည်းပါးပါး ဒဏ်ရာရ၊ တချို့ဆို အကြီးအကျယ်ဒဏ်ရာရကြတာပါပဲ။

သေချာတာကတော့ စိတ်အနှောက်အယှက်ဖြစ်ပါတယ်။ ဒေါသထွက်မိကြပြီ ဆိုတော့ မပျော်နိုင်ကြတော့ဘူးပေါ့။

ပက်တဲ့လူတွေကတော့ ပျော်နေကြတာပဲ။ ဒါပေမဲ့ သူတို့ရတဲ့ ပျော်ရွှင်မှုက သူတပါးရဲ့ မပျော်ရွှင်မှု၊ နောက်ဆုံး ဒုက္ခရောက်ရတဲ့ အဖြစ်တွေနဲ့ လဲပေးရ ရင်းနှီး ပေးရတာတွေပါ။ အဲဒီလို ဖြစ်သင့်ပါသလား၊ လုံးဝ မဖြစ်သင့်ဘူးလို့ ယုံကြည်ပါတယ်။

ထိုင်းကလာတဲ့နည်း
ရေပက်နည်း နောက်တခုကတော့ သနပ်ခါးလိမ်းပေးတာပါ။ သနပ်ခါးလိမ်းပေးတဲ့နည်းက ပေါ်တာ မကြာသေးပါဘူး။ ထိုင်းနိုင်ငံကနေ မွေးစားလာတဲ့ နည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အရင်က သင်္ကြန်မှာဆို ရေပက်တဲ့အပြင် ပေါင်ဒါမှုန့် လိမ်းပေးကြတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး သင်္ကြန်မှာ ပေါင်ဒါမှုန့် လိမ်းမှုကို ထိုင်းနိုင်ငံမှာ ပိတ်ပင် တားမြစ်နေပါတယ်။ ပေါင်ဒါလိမ်းသလိုလိုနဲ့ မိန်းကလေးတွေကို ဟိုကိုင်ဒီကိုင်၊ ဟိုနှိုက်ဒီနှိုက်ကြလို့ပါပဲ။

ထိုင်းက ပေါင်ဒါမုန့်လိမ်းတာကို တားမြစ်ပြီးနောက် တချို့ဒေသတွေမှာ အရက် မသောက်ရ နယ်မြေ ဆိုတာကိုပါ သတ်မှတ်ထားပါပြီ။ ဒါကတော့ သူများနိုင်ငံမှာ လူတိုင်းလူတိုင်း အတွက် ပျော်စရာကောင်းတဲ့ သင်္ကြန်ဖြစ်အောင် ကြိုးစား ဖန်တီးတဲ့ ဥပမာ နှစ်ခု ဖြစ်ပါတယ်။

ပေါင်ဒါမုန့်လိမ်းတာကို သူများနိုင်ငံမှာ ပိတ်ပင်နေချိန် မြန်မာပြည်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားနေပါတယ်။ ဝမ်းနည်း စိတ်မကောင်းစရာပါ။

နောက် ပိုပြီး စိတ်မကောင်းဖြစ်ရတာကတော့ ဒီလို မယဉ်ကျေးတဲ့ ရေကစားနည်းတွေကို စောင့်ကြည့်၊ ပြင်ဆင်၊ အရေးယူဖို့ တာဝန်ယူတဲ့ အဖွဲ့အစည်း မရှိသလို ဖြစ်နေတာပါပဲ။

ခြင်ဆေးဘူး
နောက်ထပ် လုံးဝ ထိတ်လန့်စရာကောင်းတဲ့ သင်္ကြန်ရေဆော့နည်းကတော့ ခြင်ဆေးဘူးနဲ့ လူတွေကို ဖြန်းတာဖြစ်ပါတယ်။ ကျမ တခါ ကြုံရပါတယ်။ တကယ်လို့ တားတဲ့သူမရှိဘူး ဆိုရင်တော့ နောက်ပိုင်း သနပ်ခါး လိမ်းပေးသလိုမျိုး ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာရင်တော့ ဒုက္ခပါပဲ။ သတင်းစာများမှာတော့ ခြင်ဆေးဘူး မသုံးဖို့ တားမြစ်ပေမယ့် ဘယ်လောက် လိုက်နာမှု ရှိသလဲ ဆိုတာက မေးခွန်းထုတ်စရာပါ။

သင်္ကြန်မှာ လူတိုင်း ပျော်ရွှင်ခွင့် ရှိသင့်ပါတယ်။ လူတိုင်း စိတ်အနှောက်အယှက် ကင်းကင်းနဲ့ ပျော်နိုင်အောင် လူတွေ ယဉ်ယဉ်ကျေးကျေး ရေကစားတတ်တဲ့ ပညာပေးမှု၊ ကြီးကြပ်ကွပ်ကဲမှုတွေ ရှိလာဖို့ လိုပါတယ်။
ဥပဒေကိုချည်းပဲ အားမကိုးဘဲ ပညာပေးမှု၊ ရိုးရာ အစဉ်အလာအတိုင်း မိဘအုပ်ထိန်းသူက သားသမီးကို သွန်သင်မှုတွေကိုလည်း မမေ့သင့်ပါဘူး။

လူတွေကလည်း ကိုယ့်အသိစိတ်နဲ့ကိုယ် ယဉ်ကျေးအောင် မဆော့တတ်ကြသလို မိဘ လူကြီးတွေကလည်း ကလေးတွေကို သွန်သင် ဆုံးမ ပြောဆိုတာတွေ လုပ်ဖို့ အားနည်းနေပါတယ် ဆိုတာကို သတိထားမိစေဖို့ ရေးသားလိုက်ရပါတယ်။

ညွှန်း - မိုးမခ - http://moemaka.blogspot.com/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved