ပြည်နယ်ဝန်ကြီးချုပ်ပြောတဲ့ မြစ်ဆုံစီမံကိန်း အကြောင်းကြားစာ

Thursday, April 5, 2012

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် တရားဝင်ငြင်းဆို

အလဲဗင်းမီဒီယာ အင်တာနက်စာမျက်နှာ
www.weeklyeleven.com တွင် ဖော်ပြထားသော သတင်း


အင်တာနက် စာမျက်နှာများနှင့် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့နေသော မြစ်ဆုံစီမံ
ကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ Eleven Media Group ၏ ဆက်သွယ်မေးမြန်းမှုကို ကချင်ပြည်နယ် ပြည်နယ် ၀န်ကြီးချုပ်က ယင်းစာမှာ မဟုတ်မှန်ကြောင်း တရားဝင်ငြင်းဆို လိုက်ပါသည်။

အဆိုပါ စာသည် 'မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ရန် ခွင့်ပြုပေးနိုင်ရန် အစီရင်ခံ တင်ပြခြင်း'ဟူသော အကြောင်းအရာဖြင့် မြစ်ကြီး
နားမြို့ ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်ထံ ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်ဟု မိတ္တူနှင့်တကွ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ်က Eleven Media Group သို့ FAX ဖြင့် ပေးပို့လာသော စာအားမြင်တွေ့ရစဉ်


အင်တာနက် စာမျက်နှာများနှင့် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့နေသော မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် အကြောင်းကြားစာ

ယင်းစာနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက''အဲဒါက မှားနေတယ်။ ဖြတ်၊ ကပ်၊ ညှပ်နဲ့ နောက်မှာ ထည့်ထားတာပေါ့။ မဟုတ်ပါဘူး။ အဲဒီစာမှာ ၂၈ ရက်နေ့က စာမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန်အတွက်လို ရေးထားတယ်။ တကယ်ပို့တဲ့စာက အကြောင်းအရာ ၀ါရှောင်-ဆဒုံး-ကန်ပိုက်တီးလမ်း ပြုပြင်ရန်အတွက်။ အဲဒီစာကို အတွက်ဆိုတဲ့အထိကို မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရန် အတွက်ဆိုတဲ့စာနဲ့ အစားထိုးလိုက်တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က လုပ်သားအင်အားက သူ့ရဲ့မူရင်းမှာ လုပ်သားအင်အား ၆၄ ဦးကို ယာယီ နေထိုင်ခွင့်ကတ်ပြား(Yellow Card) ထုတ်ပေးပါရန်ဆိုတဲ့ဟာကို လမ်းအင်ဂျင်နီယာ ၅၀၀ ပေါ့။ ပြင်ထားတယ်။ နောက်ပြီးမှ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ဆိုပြီးမှ CPI ကုမ္ပဏီမှ စီမံကိန်း ပြန်လည်စတင်ရန်အတွက် ဆိုတဲ့ဟာကို အစားထိုးထားတယ်။ အဲဒီမှာ တကယ်တော့ တိန်ချုံး-မြစ် ကြီးနားလမ်း ကုမ္ပဏီမှ လမ်းပြုပြင်ရန် အတွက်ဆိုတဲ့ စာသားကို မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက်ဆိုတာကို အစားထိုးထားတယ်။ ဖြတ်၊ ညှပ် လုပ်ထားတာပေါ့နော်" ဟု ဖြေကြားခဲ့ပါသည်။

"နောက်ပြီးမှ အဲဒီမှာ ပြင်ထားတာက ဒီဇယ်ဆီ တန် ၁၀၀ မူရင်းစာမှာ အဲဒါကို ဒီဇယ်ဆီ တန် ၁၀၀၀ ဆိုပြီး ပြင်ထားတယ်။ နောက်ပြီး ဓာတ်ဆီ တန် ၅၀ ဆိုတာကို ဓာတ်ဆီတန် ၂၀၀ နဲ့ ထပ်ပြင်ထားတယ်။ ဘိလပ်မြေ တန် ၁၀၀၀ ဆိုတာကို ဘိလပ်မြေ တန် ၁၀၀၀၀ နဲ့ ပြန်လုပ်ထားတယ်။ မြေတူးစက် သုံးစီးဆိုတာကို ငါးစီးဆိုပြီးပြင်တယ်။ မြေကော်စက်ကတော့ မှန်တယ်။ မြေစာတင် ယာဉ်ကတော့ မှန်တယ်။ ကားအစီး ရေ ၁၈ စီးဆိုတာကို အစီးရေ ၂၀ ဆိုပြီး ပြင်ထားတယ်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်စတင်ရန်ဆိုတဲ့စာကို ဘလော့ဂ်ကနေ ရတယ်။ အမှန်စာကို ဖက်စ်ထိုးပေးမယ်။ သူက ရှင်းပါတယ်။ အောက်မှာကိုက တိန်ချုံး- မြစ်ကြီးနားဆက် ဆံရေးရုံးဆိုတာက။ ၀ိုင်းမော်သွားတဲ့လမ်းကနေ ဘယ်ဘက်ချိုးလိုက်ရင် ဆဒုံးဘက်သွားတဲ့လမ်း ရှိတယ်။ အဲဒီလမ်းက တရုတ်က လုပ်ထားတာ။ သူက နှစ် ၂၀ ပေါ့နော်။ ပြုပြင်ထိန်းသိမ်းတာလည်း သူပဲလုပ်ရတာ။ လမ်းက မိုးတွင်းမှာ မြေပြိုတာ၊ တံတားတွေ ပျက်စီးသွားတာ တို့ရှိတယ်။ အဲဒီတော့ သူက နှစ် ၂၀ တာဝန်ယူထားတာ ဖြစ်တဲ့အတွက်ကြောင့်၊ သူက ဆောက်လုပ်ရေးနဲ့ စာချုပ်ချုပ်ထားတာလေ။ အဲဒါကို ပြုပြင် ထိန်းသိမ်း ဖို့အတွက်က မကြာခင် မိုးရာသီရောက်တော့မယ်။ အဲဒါကြောင့် အဲဒီလမ်းကို သူပြင်ချင်ပါတယ်ဆိုပြီး စာချုပ်ပါအတိုင်း စာ ချုပ်မှာလည်း အခွန် ကင်းလွတ်ပေးရမယ်ဆိုတာ ပါတယ်။ စက်ယန္တရား သွင်းခွင့်ပေးရမယ်ဆိုတာ ပါတယ်။ ပြီးသွားရင် တရုတ်ပြည်ကို ပြန်ယူသွားမှာပေါ့။ အဲဒါလေးတွေက စာချုပ်ထဲမှာ ပါတဲ့အတိုင်း လုပ်ခွင့်ကို တောင်းတာ။ အဲဒီစာကို ဖြတ်၊ ညှပ် လုပ်ပြီး hot ဖြစ်နေတဲ့ issue ကို တင်လိုက်တာပေါ့"ဟု ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း CPI ကုမ္ပဏီမှ ဆက်သွယ်မှု ရှိ၊ မရှိ ဟူသော မေးမြန်းမှုအပေါ် ၎င်းက "CPI က လုပ်ငန်းရပ်ထားပြီလေ။ နိုင်ငံတော်သမ္မတက ကြေညာထားပြီးသားလေ။ ဟုတ်တယ်မဟုတ်လား။ ဒါက နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံရဲ့ ဥသျှောင်ပဲလေ။ ဆက်သွယ်တာ မရှိပါဘူး။ မြစ်ဆုံဆက်လုပ်ဖို့ ကိစ္စနဲ့ ဆက်သွယ်တာမရှိပါဘူး"ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကချင်ပြည်နယ်တွင်း တည်ဆောက်မည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဧရိယာအတွင်း CPI ကုမ္ပဏီမှ ၀န်ထမ်းများ ဆက်လက်ရှိနေမှု၊ လှုပ်ရှားမှုများကို မြင်တွေ့နေရသည့်အတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများလည်း ရှိနေကာ မြစ်ဆုံ၊ တန်ဖဲရွာများအား ရွှေ့ ပြောင်းရန် ညွှန်ကြားခဲ့မှုကလည်း စီမံကိန်း ရပ်ဆိုင်းထားသည်ဆိုသော အချက်အပေါ် ပြန်လည်ဝေဖန်မှုများ ပေါ်ပေါက်လာစေခဲ့သည်ဟု သိရှိရသည်။

6 comments :

  1. ကေအမ်သိန်း said... :

    တကယ်ပဲ မှန်တယ် ဆိုရင် ဒီမို ဝေယံ ထဲ မှာ ပြောထားတဲ့ အတိုင်း မီဒီယာ တွေ ကို ၀င် ရောက် သတင်း ယူ ခွင့် ပေး လိုက် ပေါ့။ ဒါ ဆို အားလုံး က လည်း လက် ခံရ မှာ ပေါ့။ လေ ကုန် ခံပြီး ရှင်း နေ စရာ မလိုပါဘူး။ ဘယ်တုန်း က မှ မှန်မှန် ကန်ကန် မလုပ် ခဲ့တော့ ပြည်သူ တွေ က လည်း ဘယ် တော့ မှ မယုံ တာ အ ဆန်း မဟုတ် တော့ ပါ ဘူး။

  1. Anonymous said... :

    ကချင်ပြည်နယ် ၀န်ကြီးချုပ် မြန်မာစာမတတ်ဘူးလားလို့သိချင်ပါသည်။ ရေးထားသော စာများကို သေချာစွာဖတ်ကြည့်ပါ၊ ဖြတ်၊ညှပ်၊ကပ် မဟုတ်ပါ ၊စာက တစောင်စီပါ၊

  1. Anonymous said... :

    ကေ အမ် သိန်း ရေ... ခွေးမြီး ကောက် ကျည် တောက် စွတ် ဆို တာ ဒါ ဘဲ ဖြစ် မယ် ထင်တယ်...

  1. San Myint Htwe said... :

    Why don't the local people to return their residence?
    Actually all projects worked with China should be reviewed.

  1. Anonymous said... :

    မြစ်ဆုံ ကိစ္စ ကကော့သောင်းကျောက်မီးသွေးစက်ရုံလိုဖြစ်လာမှာစိုးရိမ်ရတယ်။ 9/1/12 ရက်က လျှပ်စစ်ဝန်ကြီးကိုယ်တိုင် ကျောက်မီးသွေးဓါတ်အားအစီအစဉ်တွေအားလုံး ရပ်လိုက်ပြီ လို့ကြေငြာထားပြီးပြီ။ ဒါပေမဲ့ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံ လည်ပတ်ခွင့်ပေးလိုက်ပြီလို့သိရတယ်။ ရက် ၂၀ အတွင်းမီးပေးတော့မယ်တဲ့။ ဒီစက်ရုံကို လူနေရပ်ကွက်ထဲမှာ ဆောက်ထားပြီး ယင်းဝါ သောက်သုံးရေလှောင်တမံ နဲ့လည်းအရမ်းနီးတယ်လို့သိရတယ်။ ကျောက်မီးသွေးအန္တရာယ်ကိုသိလို့ ပြည်သူတွေကန့်ကွက်နေတဲ့ကြားက ခွင့်ပြုပေးလိုက်တယ်ဆိုတာ အလွန်ဝမ်းနည်းစရာပါ။ mg mg

  1. စီခရေဇီ said... :

    တကယ်ပဲမှန်တယ်ဆိုရင် ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူ အခွင့်အလမ်းသစ်တွေအများကြီးရတော့မယ့် ဒီအချိန်မှာ ကိုယ့်အစိုးရကို သိက္ခာကျအောင် ပြည်သူတွေ စိုးရိမ်မှုအကြီးအကျယ်ဖြစ်အောင် လုပ်ကြံဖန်တီးတဲ့ အောက်တန်းစားကိုလည်း ရှာဖွေ ဝေဖန်သင့်တာပေါ့၊ ဒါဆို အားလုံးကလည်း လက်ခံမှာပေါ့၊ ဒါမျိုးကျမှ နှာစေးနေစရာမလိုပါဘူး၊ ဘယ်လောက်ပဲလုပ်လုပ် ပြောတဲ့ကောင်တွေကလည်း အကောင်းတစ်ခွန်းမှ မပြောခဲ့တော့ ပြည်သူကလည်း အယုံအကြည်တွေမဲ့ပြီးဒီလိုပဲ အမြဲတမ်းအထိတ်တလန့်ဖြစ်ရပ်တွေ ဖြစ်နေရတာ အဆန်းမဟုတ်တော့ပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved