နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က အိမ်ခြေ ၂၀၀၀ လောက်ရှိတဲ့ ချိုင်းဆိုတဲ့ရွာလေးမှာ ကြံ့ခိုင်ရေးပါတီက ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်က ရေတွင်း ၃ တွင်း တူးပေးထားပါတယ်။
ရွေးကောက်ပွဲရက်မှာ တရွာလုံးက NLD လွှတ်တော် ကိုယ်စားလှယ် ကိုနိုင်ငံလင်းကိုပဲ မဲပေးလိုက်ပြီးတဲ့ နောက်မှာ ကြံ့ခိုင်ရေးပါတီက ရေတွင်းတွေကို ပိတ်သိမ်းလိုက်ပါတယ် တဲ့။
ဒါနဲ့ အသစ်စက်စက် လွှတ်တော်ကိုယ်စားလှယ် ကိုနိုင်ငံလင်း က ရေရှားပါးတဲ့နေရာတွေကို ရေတွင်းတွေ လှူနေတဲ့ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းကို ဆက်သွယ် အကြောင်းကြားပါတယ်။ နာရေးကူညီမှုအသင်းက ဒေါ်မြင့်မြင့်ခင်ဖေက အဲဒီရွာမှာ ရေတွင်းတွေ တူးဖို့ ချက်ချင်းပဲ လှူဒါန်းခဲ့ပါတယ်။
“ကိုနိုင်ငံလင်းက အကြောင်းကြားလာတော့ ကျမတို့က လက်နှိပ်တွင်း ၃ တွင်း လှူဒါန်းလိုက်တာပါ။ ကျမတို့ကလည်း ရေတွင်းတွေ လှူနေတာဆိုတော့လေ” လို့ ဒေါ်မြင့်မြင့်ခင်ဖေ က ဧရာဝတီကို ရှင်းပြပါတယ်။
နာရေးကူညီမှုအသင်း အနေနဲ့ မူလက ဒီရွာတွေကို အဝီစိတွင်းတူပြီးလှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့်၊ ရွာသူ၊ ရွာသားတွေက သူတို့ ဒီရွာကနေ ဘယ်တော့လောက်ထွက်ပေးရမလဲ ဆိုတဲ့ မသေချာမရေရာမှုတွေရှိနေပါတယ်။ ဒါကြောင့် လက်နှိပ်တွင်းလေးတွေကိုပဲ လှူဒါန်းဖို့ ပြောလာတာနဲ့ တောင်းဆိုချက်အတိုင်းပဲ လုပ်ပေးလိုက်တာလို့ ဒေါ်မြင့်မြင့်ခင်ဖေ က ပြောပါတယ်။
ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်းက ကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ် လောင်း၊ ပါတီ ဗဟိုအလုပ်မှုဆောင် တစ်ဦးလည်း ဖြစ်တဲ့ ဦးမောင်ရှိန်ကို အနိုင်ရခဲ့တာပါ။
နေပြည်တော်မှာပဲ ဒါမျိုးအဖြစ်တွေရှိနေတာမဟုတ်ဘူး။
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲက အညှင်းရွာမှာလည်း NLD က မဲနိုင်သွားလို့ ဆိုပြီးတော့ ကျေးရွာကိုပေးထားတဲ့ ဘိလပ်မြေအိတ်တွေကို ရွာသူကြီးက ထော်လာဂျီနဲ့ ပြန်သယ်သွားတယ်လို့ သိရပါတယ်။ အရင်က ရွာကိုပေးမယ် ဆိုတဲ့ ပိုက်ဆံ ၁၅ သိန်းအကြောင်း မေးတော့ အောင်ဆန်းစုကြည်ဆီမှာ သွားတောင်းလို့ သူကြီးက ပြောလိုက်ပါသတဲ့။
ကောင်လိုက်တဲ့စေတနာတွေ
မဲလည့်ရုံးရောအကုန်ပြန်ယူတော့တာပဲဟေး