ထိုင်းစွပ်စွဲချက် ဗိုလ်နှုတ်ခမ်းမွေး တုံ့ပြန်

Saturday, April 28, 2012





ဗိုလ်ချုပ်စောလားပွယ် နှင့် ခေါင်းဆောင်များ (ဓာတ်ပုံ - DKBA)

ဗိုလ်ချုပ်စောလားပွယ် ခေါ် ဦးနှုတ်ခမ်းမွေးအား မူးယစ်ရာဇာအဖြစ် စွပ်စွဲခြင်းအား လက်မခံနိုင်ကြောင်း သူ၏ ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (KKO) က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး တုံ့ပြန်လိုက်သည်။

(KKO ယနေ့ ကြေညာချက်)

်"စွပ်စွဲချက်များ လုံးဝ မှားယွင်း" သည်ဟု ကြေညာချက်တွင် ရေးထားသည်။

KKO နှင့် ကရင်အမျိုးသားတရပ်လုံး၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည်ဟု ကြေညာချက်က ဆိုသည်။

ဤကိစ္စနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ် မြ၀တီမြို့ ကော်သူးမွဲခီး ဒေသတွင် သတင်းစာ ရှင်းလင်းပွဲတခုကို လာမည့် အင်္ဂါနေ့တွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

ထိုင်းအစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အာဏာပိုင်များက သောကြာနေ့ သတင်းထုတ်ပြန်ချက်တခုတွင်
မူးယစ်ဆေးမှုဖြင့် ၎င်းတို့ အလိုရှိနေသူပေါင်း ၂၀ ကျော်စာရင်းကို ဓာတ်ပုံအချက်အလက်များနှင့်တကွ ထုတ်ပြန်ခဲ့ရာ ထိုစာရင်းတွင် ဗိုလ်နှုတ်ခမ်းမွေးလည်း ပါဝင်နေခြင်း ဖြစ်သည်။

သူ့အား ဖမ်းမိရေးအတွက် လမ်းညွှန်နိုင်သူအား ထိုင်းနိုင်ငံ ဘတ်ငွေ တစ်သန်း ပေးမည်ဟု ဆိုထားသည်။

ထိုင်းအစိုးရ၏ သတင်းထုတ်ပြန်ချက် ပေါ်ထွက်လာပြီး တပတ်အကြာတွင်
ဗိုလ်နှုတ်ခမ်းမွေးတို့၏ ကြေညာချက် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်နှုတ်ခမ်းမွေးသည် DKBA တပ်ဖွဲ့၏ စစ်ရေးခေါင်းဆောင်ဖြစ်သည်။ ယခင်က DKBA ၏ အမည် အပြည့်အစုံမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (Democratic of Karen Buddhist Army) ဖြစ်သည်။

ယခုလ ၄ ရက်နေ့ မြ၀တီမြို့တွင် ပြုလုပ်သော DKBA တပ်မှူးများ ညီလာခံတွင် အဖွဲ့အမည်ကို စကားလုံးအပြောင်းအလဲ ပြုလုပ်လိုက်ရာ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (Democratic of Karen Benevolent Army) ဖြစ်လာသည်။

DKBA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့၏ အမည်မှာ ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (Kloh-htoo-bor Karen Organization) ဖြစ်လာသည်။ ယခုနှစ်ဆန်းပိုင်းတွင် ယင်းသို့ ဖွဲ့လိုက်ခြင်း ဖြစ်သည်။

ယခင်က KNU မှ ခွဲထွက်စတွင် ပေါ်ပေါက်လာသော နိုင်ငံရေးဦးဆောင်အဖွဲ့ အမည်မှာ DKBO ဖြစ်သည်။

အမည်အပြောင်းအလဲများမှာ မကြာသေးမီနှစ်များအတွင်း နယ်ခြားစောင့်တပ်များ ပေါ်ပေါက်လာခြင်း၏ နောက်ဆက်တွဲ ဖြစ်ရပ်များ ဖြစ်သည်။

DKBA တပ်မှူးတချို့သည် ၎င်းတို့၏ တပ်များကို ကရင်ပြည်နယ်နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းခြင်းကို လက်ခံခဲ့သည်။ ထိုတပ်မှူးများအနက် အထင်ရှားဆုံးမှာ မြ၀တီမြို့ ရွှေကုက္ကိုကျေးရွာအခြေစိုက် ဗိုလ်မှူးစောချစ်သူ ဖြစ်သည်။

သို့သော်လည်း တပ်မှူးတချို့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် လက်မခံဘဲ ယနေ့အချိန်အထိ DKBA အဖြစ် ရပ်တည်ဆဲဖြစ်သည်။

DKBA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးသည့်အဖွဲ့တို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းက ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟိုအဆင့် ဆွေးနွေးပွဲ ပြုလုပ်နိုင်ခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့ကြသည်။ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော သဘောတူညီချက် ၆ ခုတွင် မူးယစ်ဆေးတိုက်ဖျက်ရေးအား ဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဟူသော အချက်လည်း ပါဝင်သည်။

ထိုဆွေးနွေးပွဲကို DKBA ဘက်မှ ဦးဆောင်သူမှာ ဗိုလ်နှုတ်ခမ်းမွေး ဖြစ်သည်။


ဗိုလ်နှုတ်ခမ်းမွေးသည် မြ၀တီမြို့ကို ၂၀၁၀ ပြည့်နှစ်က ၀င်ရောက် တိုက်ခိုက်ပြီး ယာယီ သိမ်းပိုက်သည့် ဖြစ်ရပ်ကြောင့် လူသိများလာသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး နောက်တရက်တွင် ထိုသို့ တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုရွေးကောက်ပွဲသည် မြန်မာပြည်၏ စစ်မှန်သည့် အပြောင်းအလဲကို ဆောင်ကျဉ်းနိုင်မည်မဟုတ်ဟု ဗိုလ်နှုတ်ခမ်းမွေးက သတင်းဌာနများကို ပြောဆိုခဲ့သည်။

ညွှန်း - မိုးမခ - moemaka.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved