သတိ ... သင့်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ မညှိုးနွမ်းပါစေနှင့်

Wednesday, April 11, 2012

ဟာဂျူလီ (ကသာ)

ဘီယာပုလင်း ကိုင်ပြီး ပျော်ရွှင်နေသော NLD ထောက်ခံသူများ (ဓာတ်ပုံ - ကာတွန်းဆရာတဦး)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မန္တလေးတိုင်း (ရွေးကောက်ပွဲ) အောင်နိုင်ရေးအဖွဲ့က သင်္ကြန်ရက်အတွင်း NLD အလံ၊ တံဆိပ် အမှတ်အသားတို့ကို အသုံးပြုပြီး ပျော်ပွဲဆင်နွဲခြင်းများ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်ခဲ့တာလေး ဖတ်လိုက်ရတယ်၊ သဘောလည်း ကျမိပါတယ်၊ ဒါလေးတွေက ကြိုတင် တားထားရမယ့်ကိစ္စလေ၊ နို့မဟုတ်ရင် သင်္ကြန် ဆိုတာက သိတယ်မဟုတ်လား၊ လည်ကြ ပတ်ကြတဲ့ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအိုတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က အသောက်အစား သိပ်ကင်းကြတာမှ မဟုတ်ပဲ၊ တော်နေကြာ အဖွဲ့ချုပ် အလံထောင်ပြီး ခွပ်ဒေါင်းအင်္ကျီကြီး တကားကားနဲ့ ကျုံးထိပ် လမ်းမပေါ်မှာ ရိုက်ပွဲတွေများ ဆင်နွဲနေကြရင် အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာ ကျရချည်ရဲ့။

နောက်ထပ် ရှိသေးတယ်၊ ခေတ်သစ် ကေးဝဋ်ပုဏ္ဏားလက်သစ်တွေ...၊ သူတို့ကလည်း အဖွဲ့ချုပ်ရဲ့ နာမည်ကို နည်းနည်းမှ ဖျက်လိုက်ရရင်အမြတ် ဆိုပြီး တမင် အလံတွေထောင် အင်္ကျီတွေ ၀တ်ပြီး နာမည် ဖျက်ကုန်ကြရင်လည်း အခက်၊ ဒါကြောင့် ပြောခဲ့ပါပကောလား၊ မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်ကို ကျွန်တော် သဘောကျမိပါတယ်....လို့။

ဒါပေမယ့် သူတို့(မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့)ရဲ့မေတ္တာရပ်ခံချက်မှာ တစ်ခုတော့ လိုနေသလားပဲ၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေကို သင်္ကြန်ရက်အတွင်း အပျော်အပါး ထွက်ကြရင် အသုံးမပြုရန် တားမြစ်ချက်လေးပေါ့။ အင်း ဒါကလည်း ပြောမယ့်သာ ပြောရတာလေ၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလို့လေးစားလို့ မြတ်နိုးလို့ချစ်လို့ အားကိုးလွန်းလို့ ၀တ်ကြဆင်ကြသုံးစွဲကြတာ ဆိုတော့ ဘယ်ကလာ တားလို့ပြုလို့ကောင်းပါ့မလဲပေါ့နော့၊ ဒါတွေက ၀တ်တဲ့ သူတွေဘက်က သတိထားဆင်ခြင်ကြရမယ့်ကိစ္စပဲလေ။

တစ်ရက်က မန္တလေးယူနီစင်လက်ဘက်ရည်ဆိုင်မှာ မန္တလေးသား ကာတွန်းဆရာတစ်ယောက်နဲ့တွေ့တယ်၊ သူက သူ့ဖေ့ဘွတ်မှာ သူကိုယ်တိုင် ရိုက်ပြီး တင်ထားတဲ့ ဓါတ်ပုံလေးတစ်ပုံအကြောင်း ပြောပြတယ်၊ အဲဒီဓါတ်ပုံ တင်ထားတဲ့အတွက် သူ့ကို ကြံ့ဖွံ့လို့ စွပ်စွဲကြတဲ့ အကြောင်းလည်း ထည့်ပြောတယ်၊ အဲဒီဓါတ်ပုံက ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနိုင်ရကြောင်း သိရပြီး မြို့လုံးကျွတ်နီးပါး အောင်ပွဲ ထွက်ခံနေတဲ့အချိန်မှာ ရိုက်ထားတာတဲ့၊ NLD အလံကို ဂျစ်ကားရှေ့မှာ ထောင်ပြီး အမေစုအင်္ကျီတွေ ၀တ်ထားတဲ့ အမျိုးသား အမျိုးသမီးလူငယ်တွေ ဘီယာပုလင်းကို ဗြောင်ကိုင်ပြီး သောက်စား မူးယစ်နေတဲ့ပုံ။

အဲဒီဓါတ်ပုံမရိုက်ခင် သောက်စားနေတဲ့ ကာယကံရှင်တွေကို သူက အဲဒီလို မသောက်ကြဖို့နဲ့ NLD ကို လူအထင်သေးအောင် မလုပ်ကြဖို့ သွားပြောပါသေးတယ် တဲ့။ ဘယ်လိုမှ ပြောမရလို့ ဓါတ်ပုံရိုက်ပြီး တင်လိုက်ရတာဆိုပဲ၊ အဲဒီအကြောင်းတွေပြောပြပြီး သူ တင်လိုက်တာ မှားများ မှားသွားသလားလို့လည်း ကျွန်တော်ကို မေးပါသေးတယ်။

ကျွန်တော်သူ့အမေးကိုသေခြာစဉ်းစားပြီး “ခင်ဗျားက NLDအဖွဲ့ဝင်လား”လို့မေးတော့ မဟုတ်ပါဘူး တဲ့။ ဒါဆို မီဒီယာသမားတစ်ယောက်အနေနဲ့ ဖြစ်စဉ် အမှန်ကို တင်တာပဲ၊ တင်သင့်ပါတယ် လို့ဖြေလိုက်မိပါတယ်။

ဟုတ်တယ်လေ၊ မီဒီယာသမားဆိုတာ ခေတ်ကို အရေခြုံပြီး လုပ်နေသမျှကိုတော့ ဖေါ်ထုတ်ကြရမှာပဲ။ ကိုယ်က NLDကို ထောက်ခံတာ အမေစုကို တန်ဘိုးထားတာက တကဏ္ဍ၊ ခေတ်ကို မြင်အောင်ပြနေရမှာ တကဏ္ဍ၊ ဒိလိုပဲ ခွဲထားကြရမှာ၊ ကိုယ် ချစ်မြတ်နိုး အလေးထားတဲ့ အမေစု မျက်နှာ တစ်ခုတည်း ကြည့်ပြီးပြောသင့်တာ မပြောရင်၊ ရေးသင့်တာ မရေးရင် အရင် စစ်တပ်လိုပဲ ဖြစ်ကုန်မှာပေါ့။

အရင်စစ်တပ်ဆိုတာကလည်း အားလုံး သိတဲ့အတိုင်းပဲ၊ ကောင်းတာ လုပ်ရင် စစ်တပ်မှ။ မကောင်းတာလုပ်တဲ့စစ်သား ဆိုရင် မရေးနဲ့ မသားနဲ့ မပြောနဲ့၊ စစ်တပ်မှာ ဒါမျိုး မရှိဘူး။ စစ်သား မကောင်းကြောင်း ပြောတာ ဆိုတာ ရေးတာ သားတာဟာ စစ်တပ်ကို သိက္ခာချတာလို့စစ်တပ်က မြင်ခဲ့ကြသလို ကျွန်တော်တို့ အမေစုချစ်သူတွေက မြင်လို့ ဘယ်ဖြစ်ကြမှာလဲ၊ ပြောကြရဆိုကြရ ရေးကြရ သားကြရမှာပဲ။

ဒီနေရာမှာ ကြုံတုန်းပြောချင်တာလေး ရှိသေးတယ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ အင်္ကျီတွေ ၀တ်နေကြတဲ့ကိစ္စ၊ ဒီနှစ်ပိုင်းတွေမှာ သူသူငါငါ အယုတ်အလတ် အမြတ်မရွေး ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ ရဲ့ ဓါတ်ပုံတွေပါတဲ့ အင်္ကျီတွေ ၀တ်နေကြတာ ပီတိဖြစ်စရာပါ၊ ဘယ် - တစ်ချိန်ကများဆို ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ အင်္ကျီဝတ်ဖို့နေနေသာသာ စာထဲတောင်ထ ည့်ရေးခွင့် ရခဲ့ကြတာမဟုတ်ဘူးလေ။

ကျွန်တော်တို့ဆိုရင် ကိုယ့်ဆောင်းပါးတွေ ပိတ်ခံရမယ်ဆိုတာ သိသိကြီးနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ နာမည်တွေ ထည့်ရေးခဲ့ ကြတာ၊ ထင်တဲ့အတိုင်းပဲ စာမူတွေ ပိတ်ခံရတာလည်း သောက်သောက်လဲပဲပေါ့၊ ပိတ်ပိတ်ပေါ့၊ ရေးခဲ့တာပါပဲ။

မှတ်မိပါသေးတယ်၊ ၂၀၀၇ခုနှစ်လောက်က ဗိုလ်ချုပ်အောင်ဆန်းကို ကလေးတွေ မမေ့အောင် ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်၊ ဒီအတိုင်းရေးရင် စိစစ်ရေးက မလွှတ်မှာစိုးလို့ ကသာက ပန်းချီဆရာကြီးအကြောင်း နိဒါန်း ချီပြီး(၆)ပါတ်လောက် အခန်းဆက် ရေးပါတယ်၊

ပန်းချီဆရာကြီးကို စာဖတ်ပရိသတ်တွေ စိစစ်ရေးက တာဝန်ရှိသူတွေ စွဲလောက်ပြီ ဆိုမှ အဲဒီပန်းချီဆရာကြီး ဆွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကသာလာစဉ်က ပုံကို ထည့်ပြီး ဖေါ်ပြပါတယ်။

အဲဒီ ဗိုလ်ချုပ်အောင်ဆန်း ပန်းချီပုံနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း ကသာ လာစဉ်က မြို့လူထုတွေချစ်လွန်းလို့ မော်တော်ကုန်းဘောင် တိုနေတဲ့နေရာကို လူထုတွေက ပခုံးနဲ့ ထမ်းပြီး တင်ပေးခဲ့တဲ့အကြောင်း ရေးဖြစ်ပါတယ်၊ ဘယ်ရမလဲ ၊ စိစစ်ရေးက ပိတ်လိုက်တာမှ နောက်ဆောင်းပါးတွေတောင် စာမျက်နှာပေါ် မတက်နိုင်ခဲ့တော့ဘူး။

အဲဒီလို အခက်အခဲကြားကတောင် ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ကို မရ ရအောင် တင်ဖို့ကြိုးစားခဲ့တဲ့ သူတွေပဲဗျာ၊ အခုလို ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ ရဲ့ ဓါတ်ပုံတွေပါတဲ့ အင်္ကျီတွေ ၀တ်နေကြတာ ၀မ်းသာမိကြတာပေါ့။


အဲ ... အဲ ... ပြောစရာတစ်ခုတော့ရှိပါတယ်၊ ကိုယ်လုပ်တဲ့အလုပ် ကိုယ်သွားတဲ့နေရာနဲ့ မအပ်စပ်ပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ အမေစုတို့ ရဲ့ ဓါတ်ပုံတွေပါတဲ့ အင်္ကျီတွေ ၀တ်နေကြတဲ့ကိစ္စပါ။

တစ်ရက်က အင်တာနက်ထဲမှာ အမေစု ရဲ့ ဓါတ်ပုံတွေပါတဲ့ အင်္ကျီဝတ်ပြီး အရက်ဆိုင်မှာ အရက်သောက်နေကြတဲ့ လူငယ်တွေဓါတ်ပုံ တွေ့လိုက်ရပါတယ်၊ ကျွန်တော်လေ၊ စိတ်တိုလိုက်တာ အလွန်ပါပဲ၊ သူတို့တတွေသာ ကျွန်တော့်သား ဖြစ်နေရင် ကျွန်တော် အဟုတ်ကို ရိုက်နှက် ဆုံးမဖြစ်မှာပါ။

နောက်ထပ်လည်း ရှိသေးတယ်၊ မြို့ငယ်လေးတစ်မြို့က ခန္ဒာကိုယ်နဲ့ရင်းနှီးစားသောက်နေတဲ့ အမျိုးသမီးလေးတွေ၊ သူတို့တတွေက အခြားမြို့ကနေ ဒီမြို့မှာ ဒီအလုပ်ကို လာ လုပ်စားနေကြတာ၊ သူတို့ရဲ့ ပိုင်ရှင်(ခေါင်း)ကလည်း ဒေသ အာဏာပိုင်တွေနဲ့ပေါင်းပြီး မြို့လည်မှာ ပြောင်ကျကျ လုပ်စားနေတာ ဆိုတော့ အဲဒီအမျိုးသမီးလေးတွေ ဘာလဲ ဆိုတာ တစ်မြို့လုံးက သိနေကြပြီးသား၊ တစ်ရက်တော့ သူတို့တတွေဟာ အမေစုရဲ့ အင်္ကျီဝတ်ပြီး မြို့ထဲမှာ ဟန်ရေးပြနေကြပါတယ်၊ သူတို့ အကြောင်း ထဲထဲဝင်ဝင်သိတဲ့ ယောက်ျားလေးတွေက သူတို့ကိုကြည့်ပြီး ပြုံးစိစိ..၊ ကျွန်တော်လေ စိတ်တိုလိုက်တာမှ အသားတွေတောင် တုန်တယ်၊ ဘာတတ်နိုင်မှာတဲ့လဲ၊ သူတို့တတွေဟာလည်း အမေစုကိုတော့ ကြည်ညိုခွင့် ရှိကြတာပဲပေါ့။

နို့ပေမယ့် ကျွန်တော် တွေးမိတာလေး တစ်ခုတော့ရှိပါတယ်၊ အဲဒီအမျိုးသမီးတွေကိုသာ နင်တို့ အမေစုကို ကြည်ညိုလို့ အမေစုအကျီင်္ ၀တ်သလို နင်တို့တတွေရဲ့ အဖေအမေဓါတ်ပုံတွေ ရင်ပါတ်မှာ ဆွဲပြီး လူကြားထဲ အခုလို သွားရဲကြရဲ့လား ဆိုတာကိုပါ။

ထားပါတော့ဗျာ၊ ပြောချင်တာက ကိုယ့်ကြောင့် လူထုချစ်တဲ့ အမေစုရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေကြဖို့ပါ၊ အမေစုဆိုတာ မြန်မာလူထုရဲ့ ဒီမိုကရေစီအရေးအတွက် ဘ၀ကြင်ဖေါ်ကိုပစ်၊ သားတွေကို စွန့်ပြီး နှစ်ပေါင်းများစွာ လွတ်လပ်ခွင့်တွေကို စတေးခဲ့တဲ့ လူထုခေါင်းဆောင်တစ်ဦးပါ။



ဒီနေရာမှာ ကျွန်တော်ကြုံဖူးတာလေး ပြောပြချင်ပါသေးတယ်၊ ၁၉၈၉ခုနှစ် အမေစု ကသာကို လာတော့ ကျွန်တော်က ကသာမြို့ရဲ့ NLD လူငယ်တာဝန်ခံပါ။ ဒီတော့ အမေစု ကသာကနေအပြန်မှာ အမေစုရဲ့ မော်တော်ပေါ် လိုက်ပြီးတော့ ကသာမြို့အလွန် ထီးချိုင့်မြို့အထိ လိုက်လံ ပို့ဆောင်ရပါတယ်။ ကျွန်တော် လိုက်ပါခဲ့တဲ့ မော်တော်ပေါ်မှာ အမေစုက သုံးရောင်ခြယ် လူငယ်များရဲ့ အ၀တ်အစားတွေပေါ်မှာ အပ်ချည်နဲ့ နာမည်လေးတွေ ထိုးပေးနေပါတယ်။ အဲဒီလို နာမည်ထိုးပေးနေရင်းနဲ့ အမေစုက “ခါတိုင်းတော့ အိမ်က သားတွေရဲ့ အ၀တ်အစားတွေကို အန်တီ ကိုယ်တိုင် နာမည် ထိုးပေးနေကျလေ”လို့ပြောပါတယ်။

အဲဒီစကားပြောတဲ့ အမေစု ဘယ်လိုနေမယ်မှန်း မသိပေမယ့် ကြားလိုက်ရတဲ့ ကျွန်တော်ကတော့ ခုချိန်အထိ နားထဲက မထွက်နိုင်အောင် ခံစားခဲ့ရပါတယ်၊ ပိုပြီးတော့လည်း အမေစုကို ကြည်ညိုနေခဲ့မိပါတယ်။

ဒီလိုကိုယ်ရေးကိုယ်တာတွေ စွန့်လွှတ်ပြီး ကျွန်တော်တို့တတွေရဲ့ဘ၀ တိုးတက်ရေးကို ဖေါ်ဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ကိုယ့်အတွက်ကြောင့်တော့ ခေတ်သစ် ကေးဝဋ်များရဲ့လက်ညှိုး အထိုးကို မခံရပါစေနဲ့ဗျာ၊ ဒါကြောင့် အားလုံးကို ပြောလိုက်ချင်တာက “သတိ...သင့်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ မညှိုးနွမ်းပါစေနှင့်”..ဟူ၍..။

3 comments :

  1. Anonymous said... :

    That's right. Thank you.

  1. Anonymous said... :

    သံကိုသံဖျက်သံချေးတက်ဆိုတာမျိုးတော့မဖြစ်စေလိုပါ ။ထောက်ခံအားပေးမှုကိုတော့ကျေးဇူးတင်ပါသည်။ သို့သော် NLD အမှတ်တံဆိပ်များ၊ အမေစုဓါတ်ပုံများကိုင်ဆောင်မည်ဆိုပါက ဂုဏ်သိက္ခာညှိးနွမ်းစေမည့်အပြုအမူမျိုးရှောင်ရှားသင့်ပါသည်

  1. Anonymous said... :

    အခုလို ရေးပေးတာ ကျေးဇူးတင်ပါတယ်
    NLD ဟာ အခုချိန်မှာ လူအင်အား အရမ်းများလာလို့ စည်းစနစ်ကျ ထိန်းချုပ်နိုင်ဖို့ဟာ အရမ်းအရေးကြီးလာပါပြီ
    လူတိုင်း မိမိကိုယ်ကို စောင့်ထိန်းနိုင်ကြပါစေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved