KNU ငြိမ်းအဖွဲ့ နယ်စပ်ပြန်ရောက်

Wednesday, April 11, 2012

ဒီနေ့ နေ့ခင်း ထိုင်းမြန်မာနယ်စပ်ကို ပြန်ရောက်လာတဲ့ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး (ဓာတ်ပုံ- ဧရာဝတီ)

ရန်ကုန်မြို့မှာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒီလ ၄ ရက်နေ့က ထွက်ခွာသွားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ၂၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ နေ့ခင်း ထိုင်း-မြန်မာနယ်စပ် မြ၀တီ မဲဆောက် လမ်းကြောင်းက တဆင့် နယ်စပ်ကို ပြန်ရောက်လာပါတယ်။

အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ကျမတို့ အနေနဲ့ အားရ ကျေနပ်မှုရှိပါတယ်” လို့ ဒီနေ့ နေ့ခင်းပိုင်းမှာ ဧရာဝတီကို ပြောပါတယ်။

ရက်သတ္တတပတ် ကြာမြင့်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KNU ဘက်က တောင်းဆိုထားတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၁၁ ချက် ရှိတဲ့ထဲက ၆ ချက် ကို နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် အစည်းအဝေး ဆုံးဖြတ်ချက် ၁၃ ချက်ကိုလည်း သဘောတူညီ ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ နော်ဘလူးမင်းနိုက်ဇန်က “ငြိမ်းချမ်းရေး သဘောတူညီချက်တွေက စာရွက်ပေါ်မှာ ကျပေမယ့် လက်တွေ့ လုပ်ဆောင်မှုက သက်သေပဲ။ လက်တွေ့ အကောင်အထည် ဖော်ဖို့ပဲ လိုတော့တယ်” လို့ ဆိုပါတယ်။

KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က အဆင့်မြင့် တပ်မှူးတဦးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနဲ့ အကြိမ်ပေါင်းများစွာ ဆက်လက် ဆွေးနွေးကြရအုံးမယ်လို့ သုံးသပ်လိုက်ပါတယ်။

“မြန်မာအစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ ကာလမှာ မြန်မာဘက်က သဘောထားတွေ မမှန်တဲ့အတွက် နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တာတွေ ရှိတယ်။ ဒီတခေါက်မှာ ပြည်ထောင်စုအဆင့် သဘောတူညီချက် အချို့ လက်မှတ်ထိုးခဲ့ကြတာတွေ ရှိတယ်။ ကျနော်တို့ကတော့ ဒီကိစ္စကို စောင့်ကြည့်နေပါတယ်။ သူတို့ဘက်က သဘောထား ပြောသလို မဖြစ်ရင်တော့ ဒီပွဲက ပြီးအုံးမှာ မဟုတ်ဘူး” တဲ့။

ဇန်န၀ါရီလ ၁၂ ရက်နေ့က နှစ်ဘက် ယာယီ အပစ်ရပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပေမယ့် ကရင်ပြည်နယ်အတွင်း နှစ်ဘက်တပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့ပါတယ်။

ဒီနေ့ခင်း ပြန်ရောက်လာတဲ့ KNU ကိုယ်စားလှယ်အဖွဲ့မှာ
နော်စီဖိုးရာစိန်(အဖွဲ့ခေါင်းဆောင်)၊ စောမူတူးဆေးဖိုး (ဒု အဖွဲ့ခေါင်းဆောင်)၊
စောအားတိုး၊ စောရောဂျာခင်၊
စောကွယ်ထူးဝင်း၊ စောရွှေမောင်း၊
စောမိုးဖြူ၊ စောအယ်ကလူသိန်း၊
နော်ဘလူးမင်း နိုက်ဇန်၊ စောထူးထူးလေး နဲ့
နော်မေဦး၊ စောသောသီဘွဲ(ရုံးအဖွဲ့မှူး)

ရုံးအဖွဲ့ဝင်တွေဖြစ်တဲ့

စောလှထွန်း(ဒုရုံးအဖွဲ့မှူး)၊ စောတာဒိုမူး၊
စောအောင်ဝင်းရွှေ၊ နော်ထူးဖော၊
စောဘောဘိုး၊ စောကြီး၊
စောဒူးဖလော်စိုး၊ စောအယ်နာ နဲ့ နန်းဖော့ဂေတို့ ပါပါတယ်။

KNU ဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် ၁၉၄၉ ခုနှစ်က စတင်ပြီး အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်လာခဲ့တာပါ။ သက်တမ်း ၆၃ နှစ်ရှိပါပြီ။ KNU လက်ရှိ ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီးစောတာမလာဘော ဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    အော်.. အော် ..လက်ထဲကိုင်လာတာက အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်ဆိုပါလား ...အထဲမှာ လက်ပ်တော့ ထင်တယ်။ တံဆိပ်ပါ တခါတည်းပေးလိုက်တာထင်တယ်။ ၂ + ၂ = ၄ (လေး) ... ယတြာချေပေးလိုက်ပြန်ပီ ...။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved