ပင်ဂွင်းချစ်တဲ့ ဗိုလ်ချုပ်မှူးကြီး

Tuesday, May 8, 2012



မြို့တော်ကြီးတခု ဆိုရင်တော့ တိရိစ္ဆာန်ရုံ ရှိသင့်ပါတယ်။

နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်တော်ကြီး ခမ်းခမ်းနားနား ပေါ်ပေါက်လာရတာကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ကြိုးပမ်းချက်တွေ အများအပြား ပါဝင်နေပုံပါပဲ။

နေပြည်တော်ကို ပင်ဂွင်းငှက်တွေ ရောက်လာတာဟာ သူ့ရဲ့ ၀ါယမတွေကြောင့်ပါပဲ လို့ ဆိုနိုင်ပုံကို ဒီနေ့ www.bloomberg.com သတင်းတပုဒ်မှာ တွေ့ရပါတယ်။

ပင်ဂွင်း တင်သွင်းလာသူက ဗိုလ်ချုပ်မှူးကြီးဆီ မကြာမကြာ ရောက်လာတဲ့ ထိုင်းဗိုလ်ချုပ်တယောက် ဖြစ်ပါတယ် တဲ့။

"ဗိုလ်သန်းရွှေကြီးက တိရိစ္ဆာန်တွေ အရမ်းချစ်တယ်၊ ကျနော့်ကို ပင်ဂွင်းငှက်တွေ သယ်လာခိုင်းသေးတယ်" လို့ ထိုင်းဗိုလ်ချုပ်ဟောင်း Lertrat Ratanavanich က ဆိုပါတယ်။

ခုတော့ သူက ထိုင်းနိုင်ငံ PTTE ရေနံကုမ္ပဏီ မှာ ညွှန်မှူးတယောက် ဖြစ်နေပါတယ်။

ပင်ဂွင်းတွေ လက်ဆောင် ပေးတာဟာ ဘော်ဒါကဏ္ဍအနေနဲ့လား၊ လေးစားလွန်းလို့လား၊ အောင်မြင်ရေးအတွက် ပေးကမ်းတာလား ဆိုတာကိုတော့ သတင်းထဲ ရေးမထားပါဘူး။

"ကျုပ်တို့ ပို့လိုက်တဲ့ထဲမှာ သစ်ကုလားအုပ် ၂ ကောင် ပါသေးသဗျ" လို့ ထိုင်းဗိုလ်ချုပ်ဟောင်းက ဆိုပါတယ်။

မြန်မာပြည်သား သန်း ၆၀ ကျော် လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံနေရချိန်မှာ ပင်ဂွင်းတွေကတော့ အအေးခန်းထဲ အိုကေနေလေရဲ့လို့ သတင်းက ဆိုပါတယ်။

ငွေရှာပေးတဲ့ ပင်ဂွင်းတွေ ဆိုတော့လည်း မသေအောင် အအေးခန်းနဲ့ ထားမှ ဖြစ်မှာပေါ့။

သိကြတဲ့အတိုင်း - ပင်ဂွင်းငှက် ဆိုပေမယ့် တခြားငှက်တွေလို မပျံနိုင်ကြပါဘူး။ သူတို့ရဲ့ နေရပ်ရင်းက ရေခဲပြင်ဒေသတွေပါ။

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်ရဲ့ ၂၀၀၈ ခုနှစ် သတင်းတပုဒ်အရ နေပြည်တော်မှာ ပင်ဂွင်း ၁၆ ကောင် ရှိနေပြီလို့ ဆိုပါတယ်။



1 comments :

  1. Anonymous said... :

    မြန်မာပြည်က ပြည်သူတစ်ယောက်ဖြစ်ရတာ အရမ်းဝမ်းနည်းတယ်...အားလုံးစိုးရိမ်ပူပန်နေရတာ...နေပြည်တော်က ပင်ဂွင်းငှက် ဖြစ် ချင်လိုက်တာ...
    အားကျတယ်..ပင်၈ွင်းရယ်....ဟင့်..ဟင့်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved